တရားဟောရာကျမ်း 3
3
ဗာရှန်ဘုရင်ဩဃမင်းကြီးကိုအောင်နိုင်ခြင်း
1တစ်ဖန် ငါတို့သည် ဗာရှန်ပြည်လမ်းသို့ လှည့်၍တက်သွားကြ၏။ ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ဧဒြိအရပ်သို့ ဗာရှန်ဘုရင်ဩဃမင်းကြီးသည် မိမိ၏လူအပေါင်းတို့နှင့်အတူ ထွက်လာ၏။ 2ထိုအခါ ထာဝရဘုရားက ငါ့အား ‘သူ့ကို မကြောက်နှင့်။ ငါသည် သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကိုလည်းကောင်း သင်၏လက်သို့ပေးအပ်ပြီ။ သင်သည် ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးကိုပြုသကဲ့သို့ သူ့ကိုလည်းပြုရလိမ့်မည်’ဟု မိန့်တော်မူ၏။ 3ထိုသို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ဗာရှန်ဘုရင်ဩဃမင်းကြီးနှင့် သူ၏လူအပေါင်းတို့ကိုလည်း ငါတို့လက်သို့အပ်သဖြင့် အသက်ရှင်ကျန်ရစ်သောသူတစ်စုံတစ်ယောက်မျှမရှိသည့်တိုင်အောင် သူတို့ကိုတိုက်ခိုက်ကြ၏။ 4ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံဖြစ်သော အာဂေါဘနယ်မြေတစ်ခုလုံးတွင် မြို့ပေါင်းခြောက်ဆယ်ရှိ၍ ငါတို့သည် သူ၏မြို့ရှိသမျှကို တစ်မြို့မကျန် သိမ်းပိုက်ကြ၏။ 5ထိုမြို့အားလုံးသည် မြင့်မားသောတံတိုင်း၊ တံခါးများ၊ ကန့်လန့်ကျင်များရှိ၍ ခိုင်ခံ့သောမြို့များဖြစ်ကြ၏။ တောမြို့တို့ကိုလည်း အမြောက်အမြားသိမ်းပိုက်၍ 6အကုန်အစင်ဖျက်ဆီးပစ်၏။ ငါတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးကို ပြုသကဲ့သို့ ထိုမြို့အားလုံးရှိ ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်၏။ 7တိရစ္ဆာန်နှင့် မြို့များမှတိုက်ယူသောပစ္စည်းအားလုံးကိုမူ ငါတို့အဖို့ သိမ်းယူခဲ့ကြ၏။
ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းနယ်မြေကိုအမွေရသောမျိုးနွယ်များ
8ထိုအချိန်၌ ငါတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ဘုရင်နှစ်ပါးလက်မှမြေကို အာနုန်ချောင်းမှ ဟေရမုန်တောင်တိုင်အောင် သိမ်းယူခဲ့၏။ 9(ဟေရမုန်တောင်ကိုဆီဒုန်လူမျိုးတို့က စိရုန် ဟုခေါ်ကြ၍ အာမောရိလူမျိုးတို့က စနိရ ဟုခေါ်ကြ၏။) 10ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံရှိ မြို့များဖြစ်သည့် သာလကနှင့်ဧဒြိတိုင်အောင် လွင်ပြင်ရှိမြို့အားလုံး၊ ဂိလဒ်ပြည်တစ်ပြည်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးကို သိမ်းယူကြ၏။ 11(အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင်#3:11 တိုက်ရိုက်ပြန်ဆိုလျှင် “လူ့အတောင်အားဖြင့်”။ အလျားကိုးတောင်#3:11 “162 လက်မ သို့မဟုတ် 405 စင်တီမီတာ”။၊ အနံလေးတောင်#3:11 “72 လက်မ သို့မဟုတ် 180 စင်တီမီတာ”။ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။)
12ထိုအချိန်၌ ငါတို့သိမ်းပိုက်ခဲ့သောမြေကို ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့အား အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှ ဂိလဒ်တောင်ပေါ်ဒေသတစ်ဝက်အထိ မြို့များနှင့်တကွ ငါပေး၏။ 13ဩဃမင်းကြီး၏နိုင်ငံဖြစ်သည့် ကျန်သောဂိလဒ်ပြည်နှင့် ဗာရှန်တစ်ပြည်လုံးကို မနာရှေမျိုးနွယ်တစ်ဝက်အား ငါပေး၏။ (အာဂေါဘနယ်မြေတစ်ဝန်းလုံးဖြစ်သော ဗာရှန်ပြည်တစ်ပြည်လုံးကို ရေဖိမ်လူမျိုးတို့၏ပြည် ဟုခေါ်၏။ 14မနာရှေအမျိုး ယာဣရသည် ဂေရှုရိလူမျိုးနှင့်မာခါသိလူမျိုးတို့၏နယ်နိမိတ်တိုင်အောင် အာဂေါဘနယ်မြေတစ်ဝန်းလုံးဖြစ်သော ဗာရှန်ပြည်ကိုသိမ်းယူ၍ မိမိ၏အမည်ဖြင့် ဟာဝုတ်ယာဣရ#3:14 သို့မဟုတ် “ယာဣရမြို့ငယ်”။ ဟုယနေ့တိုင်အောင် မှည့်ခေါ်လေ၏။) 15ဂိလဒ်မြို့ကို မာခိရအမျိုးအား ငါပေး၏။ 16ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့ကို ဂိလဒ်မြို့မှစ၍ အာနုန်ချောင်းအလယ်နယ်နိမိတ်အထိ၊ အမ္မုန်အမျိုးသားတို့နယ်နိမိတ်ဖြစ်သောယဗ္ဗုတ်ချောင်းအထိ၊ 17ဂျော်ဒန်မြစ်ဖြင့်နယ်နိမိတ်ပိုင်းခြားထားသည့်အရာဗလွင်ပြင်အထိ ငါပေး၏။ ထိုအရာဗလွင်ပြင်သည် ဂင်နေသရက်အိုင်မှ အရှေ့ဘက်ပိသဂါတောင်ခြေရှိ ဆားပင်လယ်#3:17 သို့မဟုတ် “ပင်လယ်သေ”။ဟုခေါ်သော အရာဗပင်လယ်အထိကျယ်ပြန့်၏။
18ထိုအချိန်၌ ငါသည် သင်တို့အား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့သော် ရဲစွမ်းသတ္တိရှိသူအပေါင်းတို့သည် လက်နက်ကိုင်စွဲလျက် သင်တို့ညီအစ်ကိုအစ္စရေးအမျိုးသားတို့၏ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။ 19သင်တို့၌ တိရစ္ဆာန်များစွာရှိကြောင်း ငါသိ၏။ ထို့ကြောင့် သင်တို့၏မယားနှင့်ကလေးများ၊ သင်တို့၏တိရစ္ဆာန်များသည် သင်တို့ကို ငါပေးသောမြို့များ၌ နေရစ်ရမည်။ 20ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေး၍ သူတို့အား ဂျော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ပိုင်ဆိုင်ပြီးမှ သင်တို့အား ငါအပိုင်ပေးသောပြည်အသီးသီးသို့ သင်တို့ပြန်လာခွင့်ရှိ၏’ဟု ဆိုခဲ့၏။
အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်တာဝန်လွှဲပြောင်းခြင်း
21ထိုအချိန်၌ ငါက ယောရှုအား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤရှင်ဘုရင်နှစ်ပါးအား ပြုတော်မူခဲ့သည့်အမှုရှိသမျှကို သင့်မျက်စိဖြင့်မြင်ရပြီ။ ထာဝရဘုရားသည် သင်ကူးသွားမည့်နိုင်ငံရှိသမျှကို ထိုနည်းတူ ပြုတော်မူလိမ့်မည်။ 22သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သူတို့ကိုမကြောက်နှင့်’ဟု ဆို၏။
23ထိုအချိန်၌ ငါသည် ထာဝရဘုရားထံ
24‘အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏ကြီးမြတ်ခြင်း၊ ကိုယ်တော်၏အားကြီးသောလက်တော်ကို ကိုယ်တော်၏အစေအပါးအား စတင်ဖော်ပြတော်မူပြီ။ အစွမ်းတန်ခိုးကြီးသည့်အမှုကိုကိုယ်တော်ပြုတော်မူသကဲ့သို့ ကောင်းကင်နှင့်မြေကြီးပေါ်၌ အဘယ်မည်သောဘုရား ပြုနိုင်ပါသနည်း။ 25အကျွန်ုပ်သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ သာယာဝပြောသောပြည်၊ သာယာဝပြောသောတောင်ပေါ်ဒေသနှင့် လက်ဘနွန်တောင်ကို မြင်ရမည့်အကြောင်း အကျွန်ုပ်အား ဂျော်ဒန်မြစ်ကိုကူးသွားခွင့်ပြုတော်မူပါ’ဟု အသနားခံ၏။
26သို့သော် ထာဝရဘုရားသည် သင်တို့ကြောင့် ငါ့ကိုအမျက်ထွက်၍ ငါ့စကားကို နားညောင်းတော်မမူ။ ထို့ပြင် ထာဝရဘုရားသည် ငါ့အား ‘တော်ပြီ။ ဤကိစ္စနှင့်ပတ်သက်၍ ငါ့အား ထပ်၍မလျှောက်တော့နှင့်။ 27သင်သည် ဤဂျော်ဒန်မြစ်ကိုကူးသွားရမည်မဟုတ်သောကြောင့် ပိသဂါတောင်ထိပ်သို့ တက်သွားပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ မျှော်ကြည့်၍ ထိုပြည်ကိုကြည့်လော့။ 28ယောရှုသည် ဤလူမျိုးတို့ကို ဦးဆောင်လျက် ဂျော်ဒန်မြစ်ကိုကူးသွား၍ သင်တွေ့မြင်ရမည့်ပြည်ကို သူတို့အား အမွေခွဲပေးရမည်ဖြစ်သောကြောင့် သူ့ကိုညွှန်ကြားလော့။ သူ့ကို အားပေးထောက်မလော့’ဟု မိန့်တော်မူ၏။ 29ဤသို့ဖြင့် ငါတို့သည် ဗက်ပေဂုရအရပ်နှင့်မျက်နှာချင်းဆိုင်ချိုင့်ဝှမ်း၌ နေထိုင်ကြရ၏။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာကျမ်း 3: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative