YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 4

4
ပြဋ္ဌာန်းချက်များကိုလိုက်နာစောင့်ထိန်းရန် တိုက်တွန်းခြင်း
1အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​အား သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​၍ ဝင်ရောက်​ပိုင်ဆိုင်​ရ​မည့်​အကြောင်း သင်​တို့​လိုက်နာ​ရ​မည့် ငါ​သွန်သင်​သော ပြဋ္ဌာန်းချက်​နှင့်​စီရင်ထုံးဖွဲ့ချက်​တို့​ကို နားထောင်​ကြ​လော့​။ 2သင်​တို့​အား ငါ​မှာကြား​သော​စကား​တို့​ကို မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။ သင်​တို့​အား ငါ​ဆင့်ဆို​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​။ 3ဗာလပေဂုရ​ဘုရား​ကြောင့် ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​ကို သင်​တို့​မျက်စိ​ဖြင့် တွေ့မြင်​ခဲ့​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဗာလပေဂုရ​ဘုရား​အား ဆည်းကပ်​သော​သူ​အပေါင်း​တို့​ကို ဖျက်ဆီး​တော်မူ​ခဲ့​၏​။ 4သို့သော် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ဆည်းကပ်​သော​သူ​အားလုံး ယနေ့​အထိ အသက်ရှင်​ရ​ကြ​၏​။ 5သင်​တို့​ဝင်ရောက်​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​နှင့် စီရင်ထုံးဖွဲ့ချက်​တို့​ကို ငါ့​အား ငါ​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း သင်​တို့​အား ငါ​သွန်သင်​ပေး​ပြီ​။ 6လိုက်နာ​စောင့်ထိန်း​ကြ​လော့​။ သို့ပြုလျှင် ဤ​ပြဋ္ဌာန်းချက်​ရှိသမျှ​ကို​ကြားသိ​သော​လူမျိုး​ရှေ့​၌ သင်​တို့​သည်​ဉာဏ်ပညာ​ရှိ​သူ​၊ အမြော်အမြင်​ရှိ​သူ​ဟု ထင်ရှား​လိမ့်မည်​။ သူ​တို့​က​လည်း ‘​အကယ်စင်စစ် ဤ​လူမျိုး​သည် ပညာရှိ​သော​၊ အမြော်အမြင်​ရှိ​သော​လူမျိုး​ကြီး​ဖြစ်​၏​’​ဟု ဆို​ကြ​လိမ့်မည်​။ 7အဘယ်ကြောင့်​ဆိုသော် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ငါ​တို့​ခေါ်​သော​အခါတိုင်း ကိုယ်တော်​သည် ငါ​တို့​အနီး​၌​ရှိ​တော်မူ​သကဲ့သို့ အနီး​၌​ရှိ​တော်မူ​သော​ဘုရား​သည် မည်သည့်​လူမျိုး​ကြီး​၌​ရှိ​သနည်း​။ 8ယနေ့ သင်​တို့​ရှေ့မှောက်​၌ ငါ​ထား​သော ဤ​တရား​အလုံးစုံ​တို့​ကဲ့သို့ ဖြောင့်မှန်​သော ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​မျိုး မည်သည့်​လူမျိုး​ကြီး​၌​ရှိ​သနည်း​။
9သင်​တို့​သတိပြု​ကြ​လော့​။ သင်​တို့​မျက်စိ​ဖြင့်​တွေ့မြင်​ခဲ့​ရ​သော​အမှုအရာ​များ​ကို သင်​တို့​မ​မေ့လျော့​စေရန်​နှင့် သင်​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​စိတ်နှလုံး​လမ်း​မ​လွဲ​စေရန် သင်​တို့​၏​စိတ်​ကို​အထူး​စောင့်ထိန်း​လော့​။ သင်​တို့​၏​သား​မြေး​တို့​ကို​လည်း ပြောပြ​ကြ​လော့​။ 10ဟောရပ်​တောင်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့မှောက် သင်​တို့​ရပ်​စဉ် ထာဝရဘုရား​က ငါ့​အား ‘​လူ​တို့​ကို ငါ့​ထံ၌ စုရုံး​စေ​လော့​။ သူ​တို့​သည် မြေကြီး​ပေါ်၌ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ငါ့​ကို​ကြောက်ရွံ့​ရ​မည်​ကို သင်ယူ​၍ မိမိ​တို့​၏​သားသမီး​များ​ကို​လည်း သင်ကြား​ပေး​မည့်​အကြောင်း ငါ​၏​နှုတ်ထွက်စကား​များ​ကို သူ​တို့​အား ကြားနာ​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။ 11သင်​တို့​လည်း ချဉ်းကပ်​လာ​၍ တောင်​ခြေရင်း​၌ ရပ်​နေ​ကြ​၏​။ ထိုအခါ တောင်​ပေါ်၌ မိုးကောင်းကင်​အလယ်​တိုင်အောင် မီး​တောက်လောင်​ပြီး မှောင်မည်း​သော​မိုးတိမ်​နှင့်​အမှောင်ထု​ဖုံး​လေ​၏​။ 12ထာဝရဘုရား​သည်​လည်း သင်​တို့​အား မီး​ထဲ​မှ မိန့်မြွက်​တော်မူ​၏​။ သင်​တို့​သည် စကား​သံ​ကို​ကြား​ရ​သော်လည်း ပုံသဏ္ဌာန်​တော်​ကို​မ​မြင်​ရ​။ အသံ​တော်​ကို​သာ​ကြား​ရ​၏​။ 13ကိုယ်တော်​သည် သင်​တို့​လိုက်နာ​ရန် ညွှန်ကြား​ထား​သည့် မိမိ​၏​ပဋိညာဉ်​တည်းဟူသော ပညတ်တော်#4:13 တိုက်ရိုက်ပြန်ဆိုလျှင် “စကားတော်”။​ဆယ်​ပါး​ကို သင်​တို့​အား​ပြောကြား​တော်မူ​ပြီးလျှင် ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ရေးထား​တော်မူ​၏​။ 14သင်​တို့​ကူးသွား​၍​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို သင်​တို့​အား​သင်ကြား​ပေး​ရန် ငါ့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​၏​။
စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်ခြင်း
15ဟောရပ်​တောင်​၌ သင်​တို့​အား ထာဝရဘုရား မီး​ထဲ​မှ မိန့်​တော်မူ​သော​နေ့​တွင် သင်​တို့​သည် ကိုယ်တော်​ကို မည်သည့်​ပုံသဏ္ဌာန်​နှင့်​မျှ​မ​မြင်​ရ​။ သို့ဖြစ်၍ သင်တို့ကိုယ်သင်တို့ အထူး​သတိပြု​ကြ​လော့​။ 16သင်​တို့​သည် ဖောက်ပြန်​ပြီး ယောက်ျား​ပုံစံ​၊ သို့မဟုတ် မိန်းမ​ပုံစံ​၊ 17မြေကြီး​ပေါ်​ရှိ တိရစ္ဆာန်​တစ်မျိုးမျိုး​၏​ပုံစံ​၊ မိုးကောင်းကင်​၌​ပျံသန်း​သော အတောင်ပံ​ရှိ​သည့်​ငှက်​တစ်မျိုးမျိုး​၏​ပုံစံ​၊ 18မြေ​ပေါ်မှာ​တွားသွား​သော သတ္တဝါ​တစ်မျိုးမျိုး​၏​ပုံစံ​၊ မြေကြီး​အောက် ရေ​ထဲ​ရှိ​ငါး​တစ်မျိုးမျိုး​၏​ပုံစံ စသည်​ဖြင့် မည်သည့်​ပုံသဏ္ဌာန်​တစ်မျိုးမျိုး​၏​ပုံစံ​ကို​မျှ သင်​တို့​အဖို့ ရုပ်တုဆင်းတု​အဖြစ် မ​ပြုလုပ်​ရ​။ 19မိုးကောင်းကင်​သို့​မျှော်ကြည့်​၍ နေ​၊ လ​၊ ကြယ်​စသော ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​မြင်​သောအခါ သင်​တို့​သည် သွေးဆောင်​ခံရ​၍ မိုးကောင်းကင်​တစ်ပြင်လုံး​အောက်​ရှိ လူမျိုး​အပေါင်း​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား စီရင်​ပေး​ထား​သော​ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ 20ယနေ့​မြင်​ရ​သည့်​အတိုင်း ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​၏​အမွေခံ​လူမျိုး​တော်​အဖြစ် ခေါ်ယူ​၍ အီဂျစ်​ပြည် သံ​မီးပြင်းဖို​ထဲမှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။
21ထာဝရဘုရား​သည် သင်​တို့​ကြောင့် ငါ့​ကို အမျက်ထွက်​၍ ဂျော်ဒန်​မြစ်​ကို ငါ​မ​ကူး​ရ​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား အမွေ​အဖြစ်​ပေး​တော်မူ​သည့် သာယာဝပြော​သော​ပြည်​သို့ ငါ​မ​ဝင်​ရ​ဟု ကျိန်ဆို​တော်မူ​ခဲ့​၏​။ 22သို့ဖြစ်၍ ငါ​သည် ဤ​အရပ်​၌ သေ​ရ​မည်​။ ဂျော်ဒန်​မြစ်​ကို ငါ​မ​ကူး​ရ​။ သင်​တို့​မူကား ဂျော်ဒန်​မြစ်​ကို​ကူး​၍ သာယာဝပြော​သော​ပြည်​ကို ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်​။ 23သင်​တို့​နှင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖွဲ့​တော်မူ​သော​ပဋိညာဉ်​ကို မ​မေ့လျော့​ရန်​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​တားမြစ်​ထား​သော မည်သည့်​ပုံသဏ္ဌာန်​ကို​မျှ သင်​တို့​အဖို့ ရုပ်တုဆင်းတု​အဖြစ်​မ​လုပ်​ရန် သတိပြု​ကြ​လော့​။ 24သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် လောင်​သော​မီး​၊ သဝန်တို​သော​ဘုရား​ဖြစ်​တော်မူ​၏​။
25သင်​တို့​သည် ထို​ပြည်​၌ သား​မြေး​များ​ရ​သည်​အထိ အနေကြာ​လာ​သောအခါ ဖောက်ပြန်​ပြီး တစ်စုံတစ်ရာ​၏​ပုံသဏ္ဌာန်​ကို ရုပ်တုဆင်းတု​အဖြစ်​ပြုလုပ်​၍ ထာဝရဘုရား​၏​ရှေ့မှောက်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား အမျက်ထွက်​စေ​လျှင် 26ယနေ့ ငါ​သည် သင်​တို့​တစ်ဖက်​၌ ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ တိုင်တည်​၏​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူးသွား​၍​သိမ်းပိုက်​မည့်​ပြည်​မှ မကြာမီ​လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ထို​ပြည်​၌ အသက်​ရှည်ရှည်​မ​နေ​ရ​၊ လုံးလုံး​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ 27ထာဝရဘုရား​သည် သင်​တို့​ကို လူမျိုး​တကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​တော်မူ​မည်​။ ထိုသို့ သင်​တို့​ကို ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​အရပ်​၊ လူမျိုးခြား​တို့​ကြား​၌ သင်​တို့​သည် လူဦးရေ​အနည်းငယ်​သာ​ကျန်​လိမ့်မည်​။ 28သင်​တို့​သည် ထို​အရပ်​၌ လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင်​နိုင်​၊ မ​ကြား​နိုင်​၊ မ​စား​နိုင်​၊ အနံ့​မ​ရ​နိုင်​သော သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို ဝတ်ပြု​ရ​လိမ့်မည်​။ 29သို့သော် ထို​အရပ်​၌ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့်​ရှာ​လျှင် တွေ့​ရ​ကြ​လိမ့်မည်​။ 30သင်​တို့​သည် နောင်​ကာလ​၌ ဤ​အမှု​အလုံးစုံ​တို့​နှင့်​ကြုံတွေ့​၍ ဆင်းရဲဒုက္ခ​ခံရ​သောအခါ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံသို့​ပြန်လာ​၍ ကိုယ်တော်​၏​စကား​ကို နားထောင်​ကြ​လိမ့်မည်​။ 31သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​ဖြစ်၍ သင်​တို့​ကို​စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ သင်​တို့​ကို​ဖျက်ဆီး​တော်မူ​မည်​မ​ဟုတ်​။ သင်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သော​ပဋိညာဉ်​ကို​လည်း မေ့လျော့​တော်မူ​မည်​မ​ဟုတ်​။
32သင်​တို့​မ​မွေး​မီ ရှေး​ကာလ​က​အကြောင်း​ကို မေးမြန်း​လော့​။ မြေကြီး​ပေါ်၌ လူ​ကို​ဘုရားသခင်​ဖန်ဆင်း​သော​နေ့​မှစ၍ မိုးကောင်းကင်​၏​အစွန်း​တစ်ဖက်​မှ မိုးကောင်းကင်​၏​အခြား​အစွန်း​တစ်ဖက်​တိုင်အောင် ဤ​ကြီးမား​သော​အမှု​မျိုး ဖြစ်​ဖူး​သလော​။ ဤ​အမှု​မျိုး ကြား​ဖူး​သလော​။ 33မီး​ထဲ​မှ​မိန့်​တော်မူ​သော ဘုရားသခင်​၏​အသံ​တော်​ကို သင်​တို့​ကြား​ရ​သကဲ့သို့ ကြား​၍ အသက်ချမ်းသာ​ရာ​ရ​သော​လူမျိုး​ရှိ​ဖူး​သလော​။ 34သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် ပြု​တော်မူ​သော​အမှု​အပေါင်း​တို့​ကဲ့သို့ မည်သည့်​ဘုရား​တစ်ပါးပါး​က စုံစမ်းမှု​ပြု​လျက်​၊ နိမိတ်လက္ခဏာ​ပြ​လျက်​၊ အံ့ဖွယ်အမှု​ပြု​လျက်​၊ စစ်တိုက်​လျက်​၊ အားကြီး​သော​လက်​နှင့် လက်ရုံး​ကို​ဆန့်​လျက်​၊ ကြောက်မက်​ဖွယ်​အမှု​ကြီး​များ​ပြု​လျက် မိမိ​အဖို့ လူမျိုး​တစ်​မျိုး​ကို အခြား​လူမျိုး​တစ်မျိုးမျိုး​ထဲမှ သွား​၍​ထုတ်ဆောင်​ရန် ကြိုးပမ်း​ဖူး​သလော​။ 35ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​ကြောင်း​၊ ကိုယ်တော်​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​ကြောင်း သင်​တို့​သိမြင်​ရန် ဤ​အမှု​တို့​ကို သင်​တို့​အား​ပြသ​တော်မူ​ခြင်း​ဖြစ်​၏​။#တရား 6:4၊ မာ 12:29။ 36ကိုယ်တော်​သည် မိုးကောင်းကင်​မှ ပဲ့ပြင်​သော​စကားသံ​ကို သင်​တို့​အား ကြား​စေ​တော်မူ​၏​။ မြေကြီး​ပေါ်၌​လည်း သင်​တို့​အား မီးတောက်မီးလျှံ​ကြီး​ကို ပြ​တော်မူ​၍ ထို​မီး​ထဲ​မှ ကိုယ်တော်​၏​စကား​တော်​ကို သင်​တို့​ကြား​ရ​ကြ​၏​။ 37ကိုယ်တော်​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို​ချစ်​တော်မူ​သောကြောင့် သူ​တို့​၏​သားစဉ်မြေးဆက်​ဖြစ်​သော​သင်​တို့​အား ရွေးချယ်​တော်မူ​၍ ကြီးမား​သော​တန်ခိုး​တော်​ဖြင့် အီဂျစ်​ပြည်​မှ သင်​တို့​ကို ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ 38ကိုယ်တော်​သည် သင်​တို့​ထက်​ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီးမား​သော​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ​နှင်ထုတ်​ပြီး သင်​တို့​ကို သူ​တို့​၏​ပြည်​သို့ ပို့ဆောင်​တော်မူ​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း သူ​တို့​၏​ပြည်​ကို သင်​တို့​အား အမွေ​အဖြစ် ပေး​တော်မူ​၏​။ 39ထို့ကြောင့် အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း ထာဝရဘုရား​သည် ဘုရားသခင်​ဖြစ်​တော်မူ​၍ အခြား​ဘုရား​မ​ရှိ​ကြောင်း​ကို ယနေ့ သင်​တို့​သိမှတ်​၍ နှလုံး​သွင်း​ကြ​လော့​။ 40သင်​တို့​နှင့်တကွ နောင်လာမည့် သင်​တို့​၏​သားမြေး​တို့ ကောင်းစား​မည့်​အကြောင်း​၊ သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​တို့ အသက်​ရှည်ရှည်​နေထိုင်​ရ​မည့်​အကြောင်း ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သော ဘုရားသခင်​၏​ပြဋ္ဌာန်းချက်​များ​နှင့်​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​”​ဟု မြွက်ဆို​လေ​၏​။
ခိုလှုံရာမြို့များ
41ထို့နောက် မောရှေ​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​၌ မြို့​သုံး​မြို့​ကို သီးခြားခွဲထား​၏​။ 42မိမိ​အိမ်နီးချင်း​ကို အမုန်း​မ​ရှိ​ဘဲ မတော်တဆ​သတ်​မိ​သော​သူ​သည် အသက်ချမ်းသာ​ရာ​ရ​ဖို့ ထို​မြို့​သုံး​မြို့​ထဲမှ တစ်​မြို့​မြို့​သို့ ထွက်ပြေး​နိုင်​၏​။ 43ထို​မြို့​သုံး​မြို့​မှာ ရုဗင်​အမျိုး​အတွက် တောကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုး​အတွက် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုး​အတွက် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​ဖြစ်​၏​။
ပညတ်တရားနှင့်မိတ်ဆက်ပေးခြင်း
44ဤ​တရား​ကား အစ္စရေး​အမျိုးသား​တို့​ရှေ့မှောက်​၌ မောရှေ​ထားရှိ​သော​တရား​ဖြစ်​၏​။ 45ဤသည်ကား အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် သူ​တို့​အား မောရှေ​ဆင့်ဆို​သော သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ဖြစ်​၏​။ 46ဤ​တရား​ကို ဂျော်ဒန်​မြစ်​တစ်ဖက်​၊ ဗက်ပေဂုရ​အရပ်​နှင့်​မျက်နှာချင်းဆိုင်​ချိုင့်ဝှမ်း​၌ မိန့်ဆို​ခဲ့​ခြင်း​ဖြစ်​၏​။ ထို​အရပ်​သည် မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် တိုက်ခိုက်​ခဲ့​သော ဟေရှဘုန်​မြို့​၌​စံမြန်း​သည့် အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နယ်မြေ​ဖြစ်​၏​။ 47ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရင်​နှစ်​ပါး​ဖြစ်​သည့် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​၏​ပြည်​ကို သိမ်းပိုက်​ခဲ့​ကြ​၏​။ 48အာနုန်​ချောင်း​နံဘေး​ရှိ​အာရော်​မြို့​မှစ၍ ဟေရမုန်​တောင်​ဟု​ခေါ်​သော စိအုန်​တောင်​တိုင်အောင်​လည်းကောင်း​၊ 49ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ရှိ အရာဗ​လွင်ပြင်​တစ်ခုလုံး​မှစ၍ ပိသဂါ​တောင်ခြေ​ရှိ အရာဗ​ပင်လယ်​တိုင်အောင်​လည်းကောင်း သိမ်းပိုက်​ခဲ့​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ