YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 5

5
ပညတ်တော်ဆယ်ပါး
1မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​ခေါ်​၍ သူ​တို့​အား “​အို အစ္စရေး​လူမျိုး​တို့​၊ ယနေ့ သင်​တို့​ကြားသိ​အောင် ငါ​ဆင့်ဆို​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို နားထောင်​လော့​။ သင်ယူ​လော့​။ လိုက်နာ​စောင့်ထိန်း​လော့​။ 2ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဟောရပ်​တောင်​၌ ငါ​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​တော်မူ​၏​။ 3ဤ​ပဋိညာဉ်​ကို ထာဝရဘုရား​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ဖွဲ့​တော်မူ​သည်​မ​ဟုတ်​ဘဲ ဤ​နေရာ​၌ ယနေ့​အသက်ရှင်​လျက်​ရှိ​သော ငါ​တို့​အားလုံး​နှင့် ဖွဲ့​တော်မူ​ခြင်း​ဖြစ်​၏​။
4ထာဝရဘုရား​သည် တောင်​ပေါ်၌ သင်​တို့​နှင့် မီး​ထဲ​မှ​မျက်နှာချင်းဆိုင် မိန့်​တော်မူ​၏​။ 5ထို​အချိန်​၌ သင်​တို့​သည် မီး​ကို​ကြောက်​၍ တောင်​ပေါ်သို့​မ​တက်ဝံ့​ကြ​သောကြောင့် ငါ​သည် ထာဝရဘုရား​နှင့်​သင်​တို့​ကြား၌ ရပ်​လျက် ထာဝရဘုရား​၏​စကား​တော်​ကို သင်​တို့​အား ပြန်​ပြောပြ​ခဲ့​၏​။ မိန့်​တော်မူ​သော​စကား​မှာ
6‘​ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။
7သင်​၌ ငါ​မှတစ်ပါး အခြား​ဘုရား မ​ရှိ​စေ​ရ​။
8အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း​၊ မြေကြီး​အောက်​ရေ​ထဲ၌​လည်းကောင်း ရှိသမျှ​သော​အရာ​တို့​၏​ပုံသဏ္ဌာန်​နှင့်တူသော ရုပ်တုဆင်းတု​ကို သင့်​အဖို့​မ​ပြုလုပ်​ရ​။ 9ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊ 10ငါ့​ကို​ချစ်​၍ ငါ​၏​ပညတ်​များ​ကို​စောင့်ထိန်း​သော​သူ​တို့​ကို​ကား မျိုးဆက်​အထောင်အသောင်း​တိုင်အောင် မေတ္တာကရုဏာ​ပြ​သော​ဘုရား ဖြစ်​၏​။
11သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အလွဲသုံးစား​မ​ပြု​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အလွဲသုံးစား​ပြု​သော​သူ​အား အပြစ်ဒဏ်​နှင့်​ကင်းလွတ်​စေ​တော်မူ​မည်​မ​ဟုတ်​။
12သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​လော့​။ 13သင်​၏​အလုပ်​ရှိသမျှ​ကို ခြောက်​ရက်​ပတ်လုံး အားထုတ်​လုပ်ဆောင်​လော့​။ 14သတ္တမ​နေ့​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏ ဥပုသ်နေ့​ဖြစ်​၏​။ ထို​နေ့​၌ သင်​မှစ၍ သင်​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​မှစ၍ နွား​၊ မြည်း​စသော​တိရစ္ဆာန်​များ​၊ သင့်​မြို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​တို့​သည် မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ သင်​အနားယူ​သကဲ့သို့ သင်​၏​ကျွန်ယောက်ျား​ကျွန်မိန်းမ​တို့​သည်​လည်း အနားယူ​ကြ​ရ​မည်​။ 15သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် သင့်​အား ထို​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​ကြောင်း​ကို​လည်းကောင်း အောက်မေ့​လော့​။ ထိုအကြောင်းကြောင့် ဥပုသ်နေ့​ကို​စောင့်ထိန်း​ရန် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား​မိန့်မှာ​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။
16သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း သင်​၏​မိဘ​ကို​ရိုသေ​လော့​။#မ 19:19၊ မာ 7:10၊ 10:19၊ ဧ 6:2။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​သည် အသက်​ရှည်​၍ ကောင်းစား​လိမ့်မည်​။
17လူ​မ​သတ်​ရ​။#ရော 13:9၊ ယာ 2:11။
18အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​မ​ကျူးလွန်​ရ​။#မ 5:27၊ ရော 13:9။
19မ​ခိုး​ရ​။
20သင်​၏​အိမ်နီးချင်း​တစ်ဖက်​၌ မမှန်​သော​သက်သေ​မ​ထွက်ဆို​ရ​။
21သင့်​အိမ်နီးချင်း​၏​မယား​ကို​မ​တပ်မက်​ရ​။ သင့်​အိမ်နီးချင်း​၏​အိမ်​၊ လယ်ယာ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ နွား​၊ မြည်း​မှစ၍ သင့်​အိမ်နီးချင်း​၌​ရှိ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ လိုချင်​သော​စိတ်​မ​ရှိ​ရ​။​’#ထွ 20:17၊ ရော 7:7၊ 13:9။
လူတို့ပြန်လျှောက်ဆိုသောစကား
22ထာဝရဘုရား​သည် တောင်​ပေါ်၌ မီး​၊ မိုးတိမ်​နှင့် အမှောင်ထု​တို့​ထဲ​မှ ကြီးမား​သော​အသံ​ဖြင့် လူ​အစုအဝေး​တစ်ရပ်လုံး​အား ဤ​စကား​တို့​ကို မိန့်​တော်မူ​၏​။ ထို့နောက် ထပ်၍ မိန့်​တော်​မ​မူ​ဘဲ ဤ​စကား​တို့​ကို ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ရေးသား​ပြီး ငါ့​အား ပေးအပ်​တော်မူ​၏​။ 23တောင်​တစ်တောင်လုံး မီး​တောက်လောင်​နေစဉ် အမှောင်​ထဲ​မှ​အသံ​တော်​ကို သင်​တို့​ကြား​ရ​သောအခါ သင်​တို့​မျိုးနွယ်​များ​ထဲမှ​အကြီးအမှူး​နှင့်​သက်ကြီးဝါကြီး​အပေါင်း​တို့​သည် ငါ့​ထံသို့​ချဉ်းကပ်​လာ​၍ 24‘​ကြည့်​ပါ​လော့​၊ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​၏​ဘုန်းအသရေ​တော်​နှင့် မိမိ​၏​ကြီးမြတ်​တော်မူ​ခြင်း​တို့​ကို အကျွန်ုပ်​တို့​အား ပြသ​တော်မူ​ပြီ​။ မီး​ထဲ​မှ​အသံ​တော်​ကို​လည်း အကျွန်ုပ်​တို့​ကြား​ရ​ပါ​ပြီ​။ ဘုရားသခင်​သည် လူ​နှင့်​စကားပြော​သော်လည်း လူ​သည် အသက်ချမ်းသာ​ရာ​ရ​ကြောင်း​ကို ယနေ့ အကျွန်ုပ်​တို့​သိမြင်​ရ​ပါ​ပြီ​။ 25ယခု အကျွန်ုပ်​တို့​သည် အဘယ်ကြောင့် သေ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို ထပ်၍​ကြား​ရ​လျှင် သေ​ရ​ပါ​လိမ့်မည်​။ အကြောင်းမူကား ဤ​မီးတောက်​ကြီး​သည် အကျွန်ုပ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။ 26မီး​ထဲ​မှ​မိန့်​တော်မူ​သည့် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​အသံ​တော်​ကို အကျွန်ုပ်​တို့​ကြား​ရ​သကဲ့သို့ မည်သည့်​သတ္တဝါ​သည် ကြား​၍ အသက်ချမ်းသာ​ရာ​ရ​ဖူး​သနည်း​။ 27သင်​သာ ချဉ်းကပ်​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​အရာ​ရှိသမျှ​တို့​ကို နားထောင်​၍ သင့်​အား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်ဆို​သော​အရာ​ရှိသမျှ​တို့​ကို အကျွန်ုပ်​တို့​အား ဆင့်ဆို​ပါ​။ အကျွန်ုပ်​တို့​သည် နားထောင်​၍ လိုက်နာ​ပါ​မည်​’​ဟု ဆို​ကြ​၏​။
28ငါ့​အား သင်​တို့​လျှောက်ဆို​သော​စကား​သံ​ကို ထာဝရဘုရား​ကြား​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​က ‘​သင့်​အား ဤ​လူ​တို့​လျှောက်ဆို​သော​စကား​သံ​ကို ငါ​ကြား​၏​။ သူ​တို့​လျှောက်ဆို​သော​အရာ​အားလုံး လျောက်ပတ်​ပေ​၏​။ 29ငါ့​ကို​ကြောက်ရွံ့​၍ ငါ​၏​ပညတ်တော်​အလုံးစုံ​ကို အစဉ်အမြဲ​စောင့်ထိန်း​မည့်​စိတ်သဘော သူ​တို့​၌ ရှိ​မည်​ဆိုလျှင် သူ​တို့​နှင့်​သူ​တို့​၏​သားမြေး​တို့​သည် အစဉ်​ကောင်းစား​လိမ့်မည်​။ 30သင်​သွား​၍ သူ​တို့​အား “သင်​တို့​၏​တဲ​များ​သို့ ပြန်သွား​ကြ​လော့”​ဟု ပြော​လော့​။ 31သင်​မူကား ငါ့​ထံပါး ဤ​နေရာ​၌​ရပ်​နေ​လော့​။ သူ​တို့​အား ငါ​အပိုင်​ပေး​မည့်​ပြည်​၌ သူ​တို့​လိုက်နာ​ရန် သူ​တို့​အား သင်ကြား​ပေး​ရ​မည့် ပညတ်တော်​အလုံးစုံ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို သင့်​အား ငါ​မိန့်ဆို​မည်​’​ဟု ငါ့​အား မိန့်​တော်မူ​၏​။
32သို့ဖြစ်၍ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း လိုက်နာ​စောင့်ထိန်း​ရ​မည်​။ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ လွှဲ​မ​သွား​ရ​။ 33သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​လမ်း​ရှိသမျှ​အတိုင်း လိုက်လျှောက်​လော့​။ သို့ပြုလျှင် သင်​တို့​ပိုင်ဆိုင်​ရ​မည့်​ပြည်​၌ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​မည်​။ ကောင်းစား​၍ အသက်​ရှည်​မည်​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ