YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 3

3
ဗာရှန်ဘုရင်ဩဃမင်းကြီးကိုအောင်နိုင်ခြင်း
1တစ်ဖန် ငါ​တို့​သည် ဗာရှန်​ပြည်​လမ်း​သို့ လှည့်​၍​တက်သွား​ကြ​၏​။ ငါ​တို့​ကို​ဆီးတား​တိုက်ခိုက်​ရန် ဧဒြိ​အရပ်​သို့ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​သည် မိမိ​၏​လူ​အပေါင်း​တို့​နှင့်အတူ ထွက်လာ​၏​။ 2ထိုအခါ ထာဝရဘုရား​က ငါ့​အား ‘​သူ့​ကို မ​ကြောက်​နှင့်​။ ငါ​သည် သူ​နှင့်တကွ သူ​၏​လူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ သူ​၏​ပြည်​ကို​လည်းကောင်း သင်​၏​လက်​သို့​ပေးအပ်​ပြီ​။ သင်​သည် ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​ကို​ပြု​သကဲ့သို့ သူ့​ကို​လည်း​ပြု​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။ 3ထိုသို့ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​နှင့် သူ​၏​လူ​အပေါင်း​တို့​ကို​လည်း ငါ​တို့​လက်​သို့​အပ်​သဖြင့် အသက်ရှင်​ကျန်ရစ်​သော​သူ​တစ်စုံတစ်ယောက်​မျှ​မ​ရှိ​သည့်​တိုင်အောင် သူ​တို့​ကို​တိုက်ခိုက်​ကြ​၏​။ 4ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ဖြစ်​သော အာဂေါဘ​နယ်မြေ​တစ်ခုလုံး​တွင် မြို့​ပေါင်း​ခြောက်ဆယ်​ရှိ​၍ ငါ​တို့​သည် သူ​၏​မြို့​ရှိသမျှ​ကို တစ်​မြို့​မ​ကျန် သိမ်းပိုက်​ကြ​၏​။ 5ထို​မြို့​အားလုံး​သည် မြင့်မား​သော​တံတိုင်း​၊ တံခါး​များ​၊ ကန့်လန့်ကျင်​များ​ရှိ​၍ ခိုင်ခံ့​သော​မြို့​များ​ဖြစ်​ကြ​၏​။ တောမြို့​တို့​ကို​လည်း အမြောက်အမြား​သိမ်းပိုက်​၍ 6အကုန်အစင်​ဖျက်ဆီး​ပစ်​၏​။ ငါ​တို့​သည် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​ကို ပြု​သကဲ့သို့ ထို​မြို့​အားလုံး​ရှိ ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို တစ်ယောက်မကျန်​သတ်ဖြတ်​၏​။ 7တိရစ္ဆာန်​နှင့် မြို့​များ​မှ​တိုက်ယူ​သော​ပစ္စည်း​အားလုံး​ကို​မူ ငါ​တို့​အဖို့ သိမ်းယူ​ခဲ့​ကြ​၏​။
ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းနယ်မြေကိုအမွေရသောမျိုးနွယ်များ
8ထို​အချိန်​၌ ငါ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာမောရိ​လူမျိုး​တို့​၏​ဘုရင်​နှစ်​ပါး​လက်​မှ​မြေ​ကို အာနုန်​ချောင်း​မှ ဟေရမုန်​တောင်​တိုင်အောင် သိမ်းယူ​ခဲ့​၏​။ 9(​ဟေရမုန်​တောင်​ကို​ဆီဒုန်​လူမျိုး​တို့​က စိရုန် ဟု​ခေါ်​ကြ​၍ အာမောရိ​လူမျိုး​တို့​က စနိရ ဟု​ခေါ်​ကြ​၏​။​) 10ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ရှိ မြို့​များ​ဖြစ်​သည့် သာလက​နှင့်​ဧဒြိ​တိုင်အောင် လွင်ပြင်​ရှိ​မြို့​အားလုံး​၊ ဂိလဒ်​ပြည်​တစ်ပြည်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ကြ​၏​။ 11(​အကယ်စင်စစ် ရေဖိမ်​လူမျိုး​တွင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တစ်ယောက်တည်း​သာ ကြွင်းကျန်​၏​။ လူ့​လက်​ဖြင့်​တိုင်း​လျှင်#3:11 တိုက်ရိုက်ပြန်ဆိုလျှင် “လူ့အတောင်အားဖြင့်”။ အလျား​ကိုး​တောင်#3:11 “​162 လက်မ သို့မဟုတ် 405 စင်တီမီတာ​”။​၊ အနံ​လေး​တောင်#3:11 “​72 လက်မ သို့မဟုတ် 180 စင်တီမီတာ”။​ရှိ​သော သူ​၏​သံ​ညောင်စောင်း​သည် အမ္မုန်​အမျိုးသား​တို့​၏​မြို့​ဖြစ်​သော​ရဗ္ဗာ​မြို့​၌ တွေ့​နိုင်​၏​။​)
12ထို​အချိန်​၌ ငါ​တို့​သိမ်းပိုက်​ခဲ့​သော​မြေ​ကို ရုဗင်​အမျိုး​နှင့်​ဂဒ်​အမျိုး​တို့​အား အာနုန်​ချောင်း​နံဘေး​ရှိ​အာရော်​မြို့​မှ ဂိလဒ်​တောင်ပေါ်ဒေသ​တစ်ဝက်​အထိ မြို့​များ​နှင့်တကွ ငါ​ပေး​၏​။ 13ဩဃ​မင်းကြီး​၏​နိုင်ငံ​ဖြစ်​သည့် ကျန်​သော​ဂိလဒ်​ပြည်​နှင့် ဗာရှန်​တစ်ပြည်လုံး​ကို မနာရှေ​မျိုးနွယ်​တစ်ဝက်​အား ငါ​ပေး​၏​။ (​အာဂေါဘ​နယ်မြေ​တစ်ဝန်းလုံး​ဖြစ်​သော ဗာရှန်​ပြည်​တစ်ပြည်လုံး​ကို ရေဖိမ်​လူမျိုး​တို့​၏​ပြည် ဟု​ခေါ်​၏​။ 14မနာရှေ​အမျိုး ယာဣရ​သည် ဂေရှုရိ​လူမျိုး​နှင့်​မာခါသိ​လူမျိုး​တို့​၏​နယ်နိမိတ်​တိုင်အောင် အာဂေါဘ​နယ်မြေ​တစ်ဝန်းလုံး​ဖြစ်​သော ဗာရှန်​ပြည်​ကို​သိမ်းယူ​၍ မိမိ​၏​အမည်​ဖြင့် ဟာဝုတ်​ယာဣရ#3:14 သို့မဟုတ် “ယာဣရမြို့ငယ်”။ ဟု​ယနေ့​တိုင်အောင် မှည့်ခေါ်​လေ​၏​။​) 15ဂိလဒ်​မြို့​ကို မာခိရ​အမျိုး​အား ငါ​ပေး​၏​။ 16ရုဗင်​အမျိုး​နှင့်​ဂဒ်​အမျိုး​တို့​ကို ဂိလဒ်​မြို့​မှစ၍ အာနုန်​ချောင်း​အလယ်​နယ်နိမိတ်​အထိ​၊ အမ္မုန်​အမျိုးသား​တို့​နယ်နိမိတ်​ဖြစ်​သော​ယဗ္ဗုတ်​ချောင်း​အထိ​၊ 17ဂျော်ဒန်​မြစ်​ဖြင့်​နယ်နိမိတ်​ပိုင်းခြား​ထား​သည့်​အရာဗ​လွင်ပြင်​အထိ ငါ​ပေး​၏​။ ထို​အရာဗ​လွင်ပြင်​သည် ဂင်နေသရက်​အိုင်​မှ အရှေ့ဘက်​ပိသဂါ​တောင်ခြေ​ရှိ ဆား​ပင်လယ်#3:17 သို့မဟုတ် “ပင်လယ်သေ”။​ဟု​ခေါ်​သော အရာဗ​ပင်လယ်​အထိ​ကျယ်ပြန့်​၏​။
18ထို​အချိန်​၌ ငါ​သည် သင်​တို့​အား ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​ပြည်​ကို သင်​တို့​အား အပိုင်​ပေး​တော်မူ​ပြီ​။ သို့သော် ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​သည် လက်နက်ကိုင်စွဲ​လျက် သင်​တို့​ညီအစ်ကို​အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။ 19သင်​တို့​၌ တိရစ္ဆာန်​များစွာ​ရှိ​ကြောင်း ငါ​သိ​၏​။ ထို့ကြောင့် သင်​တို့​၏​မယား​နှင့်​ကလေး​များ​၊ သင်​တို့​၏​တိရစ္ဆာန်​များ​သည် သင်​တို့​ကို ငါ​ပေး​သော​မြို့​များ​၌ နေရစ်​ရ​မည်​။ 20ထာဝရဘုရား​သည် သင်​တို့​ကဲ့သို့ သင်​တို့​၏​အမျိုးသားချင်း​တို့​ကို အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ပေး​၍ သူ​တို့​အား ဂျော်ဒန်​မြစ်​တစ်ဖက်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို ပိုင်ဆိုင်​ပြီးမှ သင်​တို့​အား ငါ​အပိုင်​ပေး​သော​ပြည်​အသီးသီး​သို့ သင်​တို့​ပြန်လာ​ခွင့်​ရှိ​၏​’​ဟု ဆို​ခဲ့​၏​။
အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်တာဝန်လွှဲပြောင်းခြင်း
21ထို​အချိန်​၌ ငါ​က ယောရှု​အား ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​ရှင်ဘုရင်​နှစ်​ပါး​အား ပြု​တော်မူ​ခဲ့​သည့်​အမှု​ရှိသမျှ​ကို သင့်​မျက်စိ​ဖြင့်​မြင်​ရ​ပြီ​။ ထာဝရဘုရား​သည် သင်​ကူးသွား​မည့်​နိုင်ငံ​ရှိသမျှ​ကို ထိုနည်းတူ ပြု​တော်မူ​လိမ့်မည်​။ 22သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အတွက် စစ်တိုက်​တော်မူ​မည်​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​နှင့်​’​ဟု ဆို​၏​။
23ထို​အချိန်​၌ ငါ​သည် ထာဝရဘုရား​ထံ
24‘​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​ကြီးမြတ်​ခြင်း​၊ ကိုယ်တော်​၏​အားကြီး​သော​လက်​တော်​ကို ကိုယ်တော်​၏​အစေအပါး​အား စတင်​ဖော်ပြ​တော်မူ​ပြီ​။ အစွမ်းတန်ခိုးကြီး​သည့်​အမှု​ကို​ကိုယ်တော်​ပြု​တော်မူ​သကဲ့သို့ ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ အဘယ်မည်သော​ဘုရား ပြု​နိုင်​ပါ​သနည်း​။ 25အကျွန်ုပ်​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ သာယာဝပြော​သော​ပြည်​၊ သာယာဝပြော​သော​တောင်ပေါ်ဒေသ​နှင့် လက်ဘနွန်​တောင်​ကို မြင်​ရ​မည့်​အကြောင်း အကျွန်ုပ်​အား ဂျော်ဒန်​မြစ်​ကို​ကူးသွား​ခွင့်​ပြု​တော်မူ​ပါ​’​ဟု အသနားခံ​၏​။
26သို့သော် ထာဝရဘုရား​သည် သင်​တို့​ကြောင့် ငါ့​ကို​အမျက်ထွက်​၍ ငါ့​စကား​ကို နားညောင်း​တော်​မ​မူ​။ ထို့ပြင် ထာဝရဘုရား​သည် ငါ့​အား ‘​တော်​ပြီ​။ ဤ​ကိစ္စ​နှင့်​ပတ်သက်၍ ငါ့​အား ထပ်၍​မ​လျှောက်​တော့​နှင့်​။ 27သင်​သည် ဤ​ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​မ​ဟုတ်​သောကြောင့် ပိသဂါ​တောင်​ထိပ်​သို့ တက်သွား​ပြီး အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​သို့ မျှော်ကြည့်​၍ ထို​ပြည်​ကို​ကြည့်​လော့​။ 28ယောရှု​သည် ဤ​လူမျိုး​တို့​ကို ဦးဆောင်​လျက် ဂျော်ဒန်​မြစ်​ကို​ကူးသွား​၍ သင်​တွေ့မြင်​ရ​မည့်​ပြည်​ကို သူ​တို့​အား အမွေခွဲ​ပေး​ရ​မည်​ဖြစ်​သောကြောင့် သူ့​ကို​ညွှန်ကြား​လော့​။ သူ့​ကို အားပေး​ထောက်မ​လော့​’​ဟု မိန့်​တော်မူ​၏​။ 29ဤသို့ဖြင့် ငါ​တို့​သည် ဗက်ပေဂုရ​အရပ်​နှင့်​မျက်နှာချင်းဆိုင်​ချိုင့်ဝှမ်း​၌ နေထိုင်​ကြ​ရ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ