YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 2

2
စိရတောင်ပေါ်ဒေသတွင် ခရီးပြုခြင်း
1ထို့နောက် ငါ​တို့​သည် ပြန်လှည့်​၍ ငါ့​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကာ စိရ​တောင်ပေါ်ဒေသ​တွင် ရက်​ပေါင်း​များစွာ လှည့်လည်​ခဲ့​ကြ​၏​။ 2ထာဝရဘုရား​က ငါ့​အား
3‘​သင်​တို့​သည် ဤ​တောင်ပေါ်ဒေသ​တွင် ကြာမြင့်​စွာ လှည့်လည်​နေ​ကြ​ပြီ​။ မြောက်ဘက်​သို့ လှည့်သွား​ကြ​ဦး​လော့​။ 4သင်​သည် လူ​တို့​အား “သင်​တို့​သည် စိရ​ပြည်​၌​နေထိုင်​သော သင်​တို့​၏​ညီအစ်ကို​များ​ဖြစ်​သည့် ဧသော​သားမြေး​တို့​၏​နယ်မြေ​ကို​ဖြတ်သွား​သောအခါ သူ​တို့​သည် သင်​တို့​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ သင်​တို့ အထူး​သတိပြု​ကြ​လော့​။ 5သူ​တို့​ကို​ရန်​မ​စ​နှင့်​။ စိရ​တောင်​ကို ဧသော​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​၏​ပြည်​ကို ခြေ​တစ်ဖဝါးစာ​မျှ သင်​တို့​အား​ငါ​မ​ပေး​။ 6သူ​တို့​ထံ​မှ အစားအစာ​ကို ငွေ​ဖြင့်​ဝယ်​စား​ရ​မည်​။ ရေ​ကို​လည်း ငွေ​ဖြင့်​ဝယ်​သောက်​ရ​မည်​။ 7အကယ်စင်စစ် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ပြု​လေရာရာ​၌ ကောင်းချီးပေး​တော်မူ​ပြီ​။ ဤ​ကြီးမား​သော​တောကန္တာရ​ကို သင်​တို့​ဖြတ်သွား​ရ​ကြောင်း ကိုယ်တော်​သိ​တော်မူ​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​အနှစ်​လေးဆယ်​ပတ်လုံး သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သည်​ဖြစ်၍ သင်​တို့​၌ ချို့တဲ့​ခြင်း​မ​ရှိ”​ဟူ၍ ဆင့်ဆို​လော့​’​ဟု မိန့်​တော်မူ​၏​။
မောဘတောကန္တာရလမ်းဖြင့်ခရီးပြုခြင်း
8ထို့ကြောင့် ငါ​တို့​သည် ငါ​တို့​၏​ညီအစ်ကို​များ​ဖြစ်​သည့် ဧသော​၏​သားမြေး​တို့​နေထိုင်​သော စိရ​ပြည်​ကို အရာဗ​လမ်း​အတိုင်း ဧလတ်​အရပ်​၊ ဧဇယုန်ဂါဗာ​အရပ်​မှ ဖြတ်ကျော်​သွား​ပြီးနောက် မောဘ​တောကန္တာရ​လမ်း​အတိုင်း လှည့်​၍​ခရီးပြု​ကြ​၏​။ 9တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​မောဘ​ကို ရန်​မ​ပြု​နှင့်​။ စစ်​ဖြစ်​အောင် သူ​တို့​ကို​ရန်​မ​စ​နှင့်​။ အာရ​အရပ်​ကို လောတ​၏​သားမြေး​တို့​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​၏​မြေ​ကို သင်​တို့​ပိုင်​ဖို့ ငါ​မ​ပေး​။
10(​ယခင်​က ထို​အရပ်​၌ အာနက​လူမျိုး​များ​ကဲ့သို့ အရပ်​မြင့်​၍ ကိုယ်ခန္ဓာ​ကြီးမား​ပြီး လူ​ဦးရေ​များပြား​သော ဧမိမ်​လူမျိုး​တို့​နေထိုင်​ကြ​၏​။ 11ရေဖိမ်​လူမျိုး​တို့​ကို အာနက​လူမျိုး​များ​ကဲ့သို့ ဖြစ်​သည် ဟု​မှတ်ယူ​ကြ​၏​။ မောဘ​လူမျိုး​တို့​သည် ရေဖိမ်​လူမျိုး​တို့​ကို ဧမိမ်​လူမျိုး ဟု​ခေါ်​ကြ​၏​။ 12ယခင်​က စိရ​ပြည်​၌ ဟောရိ​လူမျိုး​တို့ နေထိုင်​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် မိမိ​တို့​အား ထာဝရဘုရား​အပိုင်​ပေး​တော်မူ​သော​ပြည်​ကို​ပြု​သကဲ့သို့ ဧသော​သားမြေး​တို့​သည်​လည်း ဟောရိ​ပြည်​ကို​သိမ်းပိုက်​၍ ဟောရိ​လူမျိုး​တို့​ကို မိမိ​တို့​ရှေ့မှောက်​မှ သုတ်သင်ပယ်ရှင်း​ကာ သူ​တို့​၏​နေရာ​၌ နေထိုင်​ကြ​၏​။​)
13ယခု ထ​၍ ဇာရက်​ချောင်း​ကို သင်​တို့​ကူးသွား​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် ငါ​တို့​သည် ဇာရက်​ချောင်း​ကို​ကူးသွား​ကြ​၏​။ 14ငါ​တို့​သည် ကာဒေရှဗာနာ​အရပ်​မှ​ထွက်ခွာ​၍ ဇာရက်​ချောင်း​ကို​ကူး​သည်​အထိ သုံးဆယ့်​ရှစ်​နှစ်​ကြာ​၏​။ ထို​ကာလ​အတွင်း တပ်စခန်း​ထဲ​မှ စစ်သည်​မျိုးဆက်​အပေါင်း​တို့​သည် ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သေ​ကြ​ကုန်​၏​။ 15အကယ်စင်စစ် တပ်စခန်း​ထဲ​ရှိ ထို​သူ​တို့ သေ​ကုန်​သည်​အထိ ထာဝရဘုရား​၏​လက်​တော်​သည် သူ​တို့​ကို ဖျက်ဆီး​တော်မူ​၏​။
အမ္မုန်ပြည်ကိုဖြတ်၍ခရီးပြုခြင်း
16လူ​တို့​ထဲ​မှ စစ်သည်​အားလုံး သေဆုံး​ကုန်​သည်​နှင့် 17ထာဝရဘုရား​က ငါ့​အား
18‘​ယနေ့ သင်​တို့​သည် အာရ​ပြည်​၊ မောဘ​နယ်စပ်​ကို ဖြတ်သွား​ရ​မည်​။ 19သင်​တို့​သည် အမ္မုန်​အမျိုးသား​တို့​ထံသို့​ရောက်​သောအခါ သူ​တို့​ကို ရန်​မ​ပြု​နှင့်​။ သူ​တို့​ကို​ရန်​မ​စ​နှင့်​။ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​ကို လောတ​၏​သားမြေး​တို့​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​ပြည်​ကို သင်​တို့​ပိုင်​ဖို့​ငါ​မ​ပေး​။
20(​ယခင်​က ထို​ပြည်​၌ ရေဖိမ်​လူမျိုး​များ​နေထိုင်​ကြ​၏​။ ထို​ပြည်​ကို ရေဖိမ်​လူမျိုး​တို့​၏​ပြည်​ဖြစ်​သည် ဟု​လည်း​မှတ်ယူ​ကြ​၏​။ အမ္မုန်​လူမျိုး​တို့​သည် သူ​တို့​ကို ဇံဇုမ္မိမ်​လူမျိုး ဟု​ခေါ်​ကြ​၏​။ 21ထို​လူမျိုး​တို့​သည် အာနက​လူမျိုး​များ​ကဲ့သို့ အရပ်​မြင့်​၍ ကိုယ်ခန္ဓာ​ကြီးမား​ပြီး လူဦးရေ​များပြား​၏​။ သို့သော် ထာဝရဘုရား​သည် သူ​တို့​ကို အမ္မုန်​အမျိုးသား​တို့​၏​ရှေ့မှောက်​မှ​သုတ်သင်ပယ်ရှင်း​တော်မူ​သဖြင့် အမ္မုန်​အမျိုးသား​တို့​သည် သူ​တို့​ပြည်​ကို သိမ်းပိုက်​၍ သူ​တို့​နေရာ​၌ နေထိုင်​ကြ​၏​။ 22ဤသည်ကား စိရ​ပြည်​၌​နေထိုင်​သော​ဧသော​သားမြေး​တို့​အတွက် ထာဝရဘုရား​သည် ဟောရိ​လူမျိုး​တို့​ကို သူ​တို့​ရှေ့မှောက်​မှ​သုတ်သင်ပယ်ရှင်း​တော်မူ​သဖြင့် သူ​တို့​သည် ဟောရိ​ပြည်​ကို​သိမ်းပိုက်​ပြီး ထို​ပြည်​၌ ယနေ့​တိုင်အောင် နေထိုင်​သကဲ့သို့​ပင်​ဖြစ်​၏​။ 23ထို့အတူ ဂါဇ​မြို့​တိုင်အောင် ကျေးရွာ​များ​၌ နေထိုင်​ကြ​သော​အာဝိ​လူမျိုး​တို့​ကို ကတ္တောရ​ကျွန်း​မှ​ရောက်လာ​သော ကတ္တောရိမ်​လူမျိုး​တို့​သည် သုတ်သင်ပယ်ရှင်း​၍ သူ​တို့​၏​နေရာ​၌​နေထိုင်​ကြ​၏​။​)
အာမောရိလူမျိုး ရှိဟုန်မင်းကြီးကိုအောင်နိုင်ခြင်း
24ထ​၍ ခရီးပြု​ကြ​လော့​။ အာနုန်​ချောင်း​ကို​ကူးသွား​လော့​။ အာမောရိ​လူမျိုး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် သူ​၏​ပြည်​ကို သင်​တို့​လက်​သို့ ငါ​အပ်​ပြီ​။ သူ့​ပြည်​ကို​စတင်​သိမ်းပိုက်​လော့​။ သူ့​ကို​ရန်စ​၍ တိုက်ခိုက်​လော့​။ 25မိုးကောင်းကင်​တစ်ခွင်​အောက်​ရှိ လူမျိုး​တို့​သည် သင်​တို့​သတင်း​ကို​ကြား​၍ သင်​တို့​ရှေ့​၌​တုန်လှုပ်​ချောက်ချား​မည့်​အကြောင်း သင်​တို့​ကို​ထိတ်လန့်​ကြောက်ရွံ့​သော​သဘော​ကို ယနေ့ သူ​တို့​အပေါ်​သို့ ငါ​စတင်​ကျရောက်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။
26ငါ​သည် ကေဒမုတ်​တောကန္တာရ​မှ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​ထံသို့ စေတမန်​တို့​ကို စေလွှတ်​၍ 27‘​အကျွန်ုပ်​တို့​ကို အရှင့်​ပြည်​ထဲမှ​ဖြတ်သွား​ခွင့်​ပြု​ပါ​။ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ လမ်းမ​အတိုင်း​သွား​ပါ​မည်​။ 28-29စိရ​ပြည်​၌​နေထိုင်​ကြ​သော ဧသော​သားမြေး​တို့​နှင့် အာရ​ပြည်​၌​နေထိုင်​ကြ​သော မောဘ​လူမျိုး​တို့​ပြု​သည့်​နည်းတူ အကျွန်ုပ်​တို့​စား​ဖို့ အစားအစာ​၊ အကျွန်ုပ်​တို့​သောက်​ဖို့​ရေ​ကို အကျွန်ုပ်​တို့​အား ငွေ​ဖြင့်​ရောင်း​ပေး​ပါ​။ အကျွန်ုပ်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့​မ​ရောက်​မီ​တိုင်အောင် အရှင့်​ပြည်​ကို ခြေ​ဖြင့်​ဖြတ်သွား​ရုံသာ​ဖြတ်သွား​ပါ​မည်​’​ဟု ငြိမ်းချမ်းရေး​စကား​ကို ပြောဆို​သော်လည်း 30သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​စိတ်​ကို မာကျော​စေ​တော်မူ​သောကြောင့် ငါ​တို့​ကို သူ့​ပြည်​ထဲမှ ဖြတ်သွား​ခွင့်​မ​ပြု​။ ထိုသို့ သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​ခြင်း​သည် ယနေ့​မြင်​ရ​သည့်​အတိုင်း သူ့​ကို သင်​တို့​၏​လက်​သို့​အပ်​တော်မူ​ရန်​အတွက်​ဖြစ်​၏​။
31တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​ယခု​မှစ၍ ရှိဟုန်​မင်းကြီး​နှင့်​သူ​၏​ပြည်​ကို သင်​တို့​အား​ငါ​ပေး​ပြီ​။ ထို​ပြည်​ကို​ပိုင်ဆိုင်​ဖို့ စတင်​သိမ်းပိုက်​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။ 32ရှိဟုန်​မင်းကြီး​နှင့် သူ့​လူ​အပေါင်း​တို့​သည် ငါ​တို့​ကို​ဆီးတား​တိုက်ခိုက်​ရန် ယာဟတ်​အရပ်​သို့ ချီတက်​လာ​ကြ​၏​။ 33ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို ငါ​တို့​ထံ​အပ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ​မှစ၍ သူ့​သား​များ​နှင့်တကွ သူ့​လူ​အပေါင်း​တို့​ကို လုပ်ကြံ​လေ​၏​။ 34ထိုအခါ သူ​၏​မြို့​ရှိသမျှ​ကို ငါ​တို့​သိမ်းယူ​၏​။ မြို့​၌​ရှိသမျှ​သော ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို လုံးလုံး​ဖျက်ဆီး​ပစ်​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်စုံတစ်ယောက်​မျှ​မ​ရှိ​။ 35တိရစ္ဆာန်​နှင့် ငါ​တို့​သိမ်းပိုက်​သော​မြို့​တို့​မှ​တိုက်ယူ​သော​ပစ္စည်း​တို့​ကို​သာ ငါ​တို့​အဖို့ သိမ်းယူ​ခဲ့​၏​။ 36အာနုန်​ချောင်း​စပ်​ရှိ​အာရော်​မြို့​မှစ၍ ထို​ချောင်း​အနား​ရှိ​မြို့​အပါအဝင် ဂိလဒ်​မြို့​တိုင်အောင် ငါ​တို့​ကို​ခုခံ​နိုင်​သော​မြို့​တစ်​မြို့​မျှ​မ​ရှိ​။ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​သည် ထို​မြို့​အားလုံး​ကို ငါ​တို့​အား ပေး​တော်မူ​၏​။ 37ယဗ္ဗုတ်​ချောင်း​တစ်လျှောက်​မှစ၍ တောင်ပေါ်ဒေသ​ရှိ​မြို့​များ​နှင့် ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ပညတ်​ထား​သမျှ​သော အမ္မုန်​အမျိုးသား​တို့​၏​မြေ​ကို​ကား မ​ချဉ်းကပ်​ရ​ကြ​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ