YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 1

1
နိဒါန်း
1ဂျော်ဒန်​မြစ်​တစ်ဖက်​၊ တောကန္တာရ​ရှိ​ပါရန်​အရပ်​နှင့် တောဖလ​၊ လာဗန်​၊ ဟာဇရုတ်​၊ ဒိဇဟတ်​အရပ်​တို့​အကြား သုဖ​နှင့်​မျက်နှာချင်းဆိုင်​အရာဗ​လွင်ပြင်​၌ အစ္စရေး​အမျိုးသား​အပေါင်း​တို့​အား မောရှေ​ဆင့်ဆို​သော​စကား​များ​ကား ဤသို့​ဖြစ်​၏​။ 2(​ဟောရပ်​တောင်​မှ ကာဒေရှဗာနာ​အရပ်​အထိ စိရ​တောင်​လမ်း​ဖြင့်​သွား​လျှင် တစ်ဆယ့်​တစ်​ရက်​ကြာ​၏​။​) 3အနှစ်​လေးဆယ်​မြောက်​သော​နှစ်​၊ တစ်ဆယ့်တစ်​လ​၊ ပထမ​နေ့​၌ မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ ပညတ်တရား​တို့​ကို အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လေ​၏​။ 4ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် ဧဒြိ​အရပ်​၊ အာရှတရုတ်​မြို့​၌​စံမြန်း​သော ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​ကို လုပ်ကြံ​ပြီးနောက် 5မောရှေ​သည် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ မောဘ​ပြည်​တွင် ထို​ပညတ်တရား​တို့​ကို စတင်​ရှင်းပြ​လေ​၏​။
ဟောရပ်တောင်မှခရီးပြုခြင်း
6မောရှေ​က “​ဟောရပ်​တောင်​၌ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ငါ​တို့​အား ‘​သင်​တို့​သည် ဤ​တောင်​၌ ကြာမြင့်​စွာ​နေထိုင်​ကြ​ပြီ​။ 7ခရီးစပြု​ကြ​လော့​။ အာမောရိ​တောင်ပေါ်ဒေသ​နှင့် ထို​ဒေသ​အနီး​ရှိ အရာဗ​လွင်ပြင်​၊ တောင်ပေါ်ဒေသ​၊ မြေနိမ့်ဒေသ​၊ နေဂေ့​အရပ်​သို့​လည်းကောင်း​၊ ပင်လယ်​ကမ်းခြေဒေသ​သို့​လည်းကောင်း​၊ ခါနာန်​ပြည်​သို့​လည်းကောင်း​၊ လက်ဘနွန်​တောင်​မှ ယူဖရေးတီး​မြစ်#1:7 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​ကြီး​တိုင်အောင်​လည်းကောင်း လှည့်​သွား​လော့​။ 8ထို​ပြည်​ကို သင်​တို့​အား ငါ​ပေး​ပြီ​။ ထို​ပြည်​ကို သင်​တို့​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​မှစ၍ နောင်လာမည့်​သားစဉ်မြေးဆက်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​သည်​နှင့်အညီ ဝင်​၍​သိမ်းပိုက်​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။
မျိုးနွယ်တို့၏အကြီးအမှူးများ
9ထို​အချိန်​က သင်​တို့​အား ‘​ငါ​တစ်ယောက်တည်း သင်​တို့​ကို တာဝန်​မ​ယူ​နိုင်​။ 10သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို တိုးပွား​စေ​တော်မူ​သဖြင့် ယနေ့ သင်​တို့​သည် ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​ကြ​ပြီ​။ 11သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို အဆ​တစ်ထောင်​တိုးပွား​စေ​တော်မူ​ပါစေသော​။ ကတိထား​တော်မူ​သည့်​အတိုင်း သင်​တို့​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။ 12သင်​တို့​၏​ပြဿနာ​၊ သင်​တို့​၏​ဝန်ထုပ်ဝန်ပိုး​နှင့် ခိုက်ရန်ဖြစ်ပွားမှု​ကို ငါ​တစ်ယောက်တည်း မည်သို့​တာဝန်ယူ​နိုင်​မည်နည်း​။ 13ပညာရှိ​သော​သူ​၊ အသိဉာဏ်​ရှိ​သော​သူ​၊ အသရေ​ရှိ​သော​သူ​တို့​ကို သင်​တို့​၏​မျိုးနွယ်​ထဲမှ ရွေးချယ်​လော့​။ ထို​သူ​တို့​ကို သင်​တို့​၏​အကြီးအမှူး​အဖြစ် ငါ​ခန့်ထား​မည်​’​ဟု ငါ​ပြော​ခဲ့​၏​။
14ထိုအခါ သင်​တို့​က ‘​သခင်​ပြော​သော​အရာ​သည် ကောင်း​ပါ​၏​’​ဟု ငါ့​အား ပြန်ဖြေ​ကြ​၏​။
15ထို့ကြောင့် ပညာရှိ​ပြီး အတွေ့အကြုံ​လည်း​ရှိ​သော သင်​တို့​၏​မျိုးနွယ်​အကြီးအမှူး​တို့​ကို ငါ​ခေါ်ယူ​ပြီးလျှင် သူ​တို့​အား သင်​တို့​မျိုးနွယ်​ကို​ကြီးကြပ်အုပ်ချုပ်​သော​သူ​များ​အဖြစ် လူ​တစ်ထောင်​အုပ်​၊ တစ်ရာ​အုပ်​၊ ငါးဆယ်​အုပ်​၊ တစ်ဆယ်​အုပ် စသည်​ဖြင့် ခန့်ထား​၏​။ 16ထို​အချိန်​က သင်​တို့​၏​တရားသူကြီး​များ​ကို​လည်း ‘​သင်​တို့​၏​အမျိုးသားချင်း​တို့​ထဲ၌​ရှိ​သော​အမှု​များ​ကို​နားထောင်​၍ အမျိုးသား​အချင်းချင်း​ကြား​၌​ဖြစ်စေ​၊ အမျိုးသားချင်း​နှင့် သူ့​ထံ၌​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ကြား​၌​ဖြစ်စေ ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။ 17သင်​တို့​သည် တရားစီရင်​သောအခါ မျက်နှာကြီး​၊ မျက်နှာငယ် ဟူ၍​မျက်နှာ​မ​လိုက်​ဘဲ ကြားနာ​စစ်ဆေး​ရ​မည်​။ တရားစီရင်​ခြင်း​ကို ဘုရားသခင်​ပိုင်​တော်မူ​သောကြောင့် မည်သူ့​ကို​မျှ မ​ကြောက်​နှင့်​။ ခက်ခဲ​သော​အမှု​ကို ငါ့​ထံ တင်ပြ​လော့​။ ငါ ကြားနာ​စစ်ဆေး​ပေး​မည်​’​ဟု ငါ​ပြော​ခဲ့​၏​။ 18ထို​အချိန်​က သင်​တို့​ပြု​ရ​မည့်​အမှု​အလုံးစုံ​တို့​ကို​လည်း ငါ​ပြော​ခဲ့​၏​။
ကာဒေရှဗာနာအရပ်တွင် အစ္စရေးအမျိုးသားတို့ အမိန့်တော်ကိုဖီဆန်ကြခြင်း
19ထိုမှ ငါ​တို့​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဟောရပ်​တောင်​မှ ခရီးပြု​၍ အာမောရိ​တောင်ပေါ်ဒေသ​လမ်း​တစ်လျှောက်​ရှိ သင်​တို့​မြင်​ရ​သည့် ကြောက်မက်​ဖွယ်​တောကန္တာရ​ကြီး​ကို​ဖြတ်​ကာ ကာဒေရှဗာနာ​အရပ်​သို့ ရောက်​ကြ​၏​။ 20ထိုအခါ ငါ​က သင်​တို့​အား ‘​ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော အာမောရိ​တောင်ပေါ်ဒေသ​သို့ သင်​တို့​ရောက်​ကြ​ပြီ​။ 21သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို သင်​တို့​ထံ အပ်​တော်မူ​ပြီ​။ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သွား​၍​သိမ်းပိုက်​လော့​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​’​ဟု ဆို​၏​။
22ထိုအခါ သင်​တို့​အားလုံး ငါ့​ထံသို့​ချဉ်းကပ်​၍ ‘​အကျွန်ုပ်​တို့​အလျင် လူ​ကို​စေလွှတ်​၍ ထို​ပြည်​ကို စူးစမ်း​စေ​ပါ​။ သို့မှသာ ထို​သူ​တို့​သည် အကျွန်ုပ်​တို့​သွား​ရ​မည့်​လမ်း​၊ ရောက်​ရ​မည့်​မြို့​အကြောင်း​ကို အကျွန်ုပ်​တို့​အား ပြန်​ပြောပြ​နိုင်​ပါ​မည်​’​ဟု သင်​တို့ ဆို​ကြ​၏​။ 23ငါ​သည် ထို​စကား​ကို​နှစ်သက်​သဘောကျ​သဖြင့် သင်​တို့​ထဲမှ မျိုးနွယ်​တစ်​နွယ်​လျှင် တစ်​ယောက်​ကျ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ရွေးယူ​၏​။ 24ထို​သူ​တို့​သည် တောင်ပေါ်ဒေသ​သို့ တက်သွား​ပြီး ဧရှကောလ​ချိုင့်ဝှမ်း​သို့​ရောက်​၍ ထို​ပြည်​ကို စူးစမ်း​ကြ​၏​။ 25သူ​တို့​သည် ထို​ပြည်​မှ​ယူလာ​သော​အသီး​အချို့​ကို ငါ​တို့​ထံသို့ ယူ​ဆောင်လာ​ပြီးလျှင် ‘​အကျွန်ုပ်​တို့​အား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သည် သာယာဝပြော​သော​ပြည်​ဖြစ်​ပါ​၏​’​ဟု အစီရင်ခံ​ကြ​၏​။
26သို့သော် သင်​တို့​သည် မ​သွား​လို​သဖြင့် သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​ကြ​၏​။ 27သင်​တို့​သည် မိမိ​တို့​၏​တဲ​များ​၌ ညည်းတွား​ကြ​လျက် ‘​ထာဝရဘုရား​သည် ငါ​တို့​ကို​မုန်းတီး​သောကြောင့် အာမောရိ​လူမျိုး​တို့​၏​လက်​သို့​အပ်​ခြင်း​ဖြင့် ငါ​တို့​ကို ဖျက်ဆီး​ဖို့ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ပါ​သည်​တကား​။ 28ငါ​တို့​သည် မည်သည့်​အရပ်​သို့​သွား​နေ​ကြ​သနည်း​။ ညီအစ်ကို​တို့​က “ထို​ပြည်သား​တို့​သည် အကျွန်ုပ်​တို့​ထက်​ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​ကြ​၏​။ မြို့​များ​သည်​လည်း ကြီးမား​၍ မြို့ရိုး​တို့​သည် မိုး​ထိ​မြင့်​၏​။ ထိုမျှမက အာနက​အမျိုး​တို့​ကို​လည်း ထို​နေရာ​၌ အကျွန်ုပ်​တို့​တွေ့မြင်​ရ​ပါ​၏”​ဟု ဆို​လျက် ငါ​တို့​ကို စိတ်ပျက်အားလျော့​စေ​ပြီ​’​ဟု ဆို​ကြ​၏​။
29ငါ​သည် သင်​တို့​အား ‘​မ​ထိတ်လန့်​ကြ​နှင့်​။ ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​။ 30သင်​တို့​ရှေ့​မှ​ကြွ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် သင်​တို့​အဖို့​ပြု​ပေး​သကဲ့သို့​၊ 31ဤ​အရပ်​သို့ သင်​တို့​ရောက်​သည့်​တိုင်အောင် သင်​တို့​သွား​သည့်​လမ်းခရီး​တစ်လျှောက်​တွင် ဖခင်​သည် သား​ကို​ချီပိုး​သကဲ့သို့ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို မည်ကဲ့သို့​ချီပိုး​တော်မူ​ခဲ့​ကြောင်း​ကို တောကန္တာရ​၌​သင်​တို့​တွေ့မြင်​ခဲ့​ရ​သကဲ့သို့ ထာဝရဘုရား​သည် သင်​တို့​အဖို့ စစ်တိုက်​တော်မူ​လိမ့်မည်​’​ဟု ဆို​၏​။ 32ထိုသို့​ဆို​သော်လည်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​တို့​မ​ယုံကြည်​ကြ​။ 33ဘုရားသခင်​သည် လမ်းခရီး​၌ သင်​တို့​ရှေ့​မှ​ကြွ​လျက် သင်​တို့​စခန်းချ​ဖို့​နေရာ​ကို စူးစမ်း​တော်မူ​၍ သင်​တို့​သွား​ရ​မည့်​လမ်း​ကို ညအချိန်​၌ မီး​အားဖြင့်​၊ နေ့အချိန်​၌ မိုးတိမ်​အားဖြင့် ပြ​ပေး​တော်မူ​ခဲ့​၏​။
34သင်​တို့​၏​စကား​သံ​ကို ထာဝရဘုရား​ကြား​သောအခါ အမျက်ထွက်​တော်မူ​၍ 35‘​ထို​ပြည်​ကို သင်​တို့​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​သာယာဝပြော​သော​ပြည်​ကို ဆိုးညစ်​သော​မျိုးဆက်​ဖြစ်​သည့် ဤ​လူ​တို့​တစ်ယောက်မျှ​မြင်​ရ​လိမ့်မည်​မ​ဟုတ်​။ 36သို့သော် ယေဖုန္နာ​၏​သား ကာလက်​သည် ထာဝရဘုရား​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ထို​ပြည်​ကို သူ​မြင်​ရ​မည်​။ သူ​ခြေချ​သော​မြေ​ကို သူ​နှင့်​သူ​၏​သားမြေး​တို့​အား ငါ​ပေး​မည်​’​ဟု ကျိန်ဆို​တော်မူ​၏​။
37သင်​တို့​ကြောင့် ထာဝရဘုရား​သည် ငါ့​ကို​လည်း အမျက်ထွက်​တော်မူ​၍ ‘​သင်​သည်​လည်း ထို​ပြည်​သို့ ဝင်​ရ​မည်​မ​ဟုတ်​။ 38သင့်​ရှေ့​၌​ရပ်​နေ​သော နုန်​၏​သား ယောရှု​မူကား ထို​ပြည်​သို့​ဝင်​ရ​လိမ့်မည်​။ သူ့​အားဖြင့် အစ္စရေး​လူမျိုး​တို့ ထို​ပြည်​ကို အမွေဆက်ခံ​ရ​မည်​ဖြစ်၍ သူ့​ကို အားပေး​လော့​။ 39လုယူဖျက်ဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​ဟု သင်​တို့​ဆို​ခဲ့​သော သင်​တို့​၏​ကလေး​များ​၊ ယခု​အချိန်​တွင် အကောင်း​အဆိုး​ကို​မ​သိ​သေး​သော သင်​တို့​၏​သားသမီး​များ​သည် ထို​ပြည်​သို့ ဝင်​ရ​လိမ့်မည်​။ ငါ​သည် ထို​ပြည်​ကို သူ​တို့​အား​ပေး​၍ သူ​တို့​သည် ထို​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ 40သင်​တို့​မူကား ပြန်လှည့်​ပြီး ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။
41ထိုအခါ သင်​တို့​က ငါ့​အား ‘​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ကို ပြစ်မှား​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တက်သွား​၍ စစ်တိုက်​ပါ​မည်​’​ဟု ဆို​ပြီးလျှင် သင်​တို့​အသီးသီး လက်နက်​များ​ကို​စွဲကိုင်​၍ တောင်ပေါ်ဒေသ​သို့​တက်သွား​ရန် အသင့်နေ​ကြ​၏​။
42သို့သော် ထာဝရဘုရား​က ‘​ထို​သူ​တို့​အား ဤသို့​ဆင့်ဆို​လော့​။ သင်​တို့​တက်​မ​သွား​ကြ​နှင့်​။ မ​တိုက်​ကြ​နှင့်​။ အကြောင်းမူကား ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​တော်​မ​မူ​။ သင်​တို့​သည် ရန်သူ​တို့​ရှေ့​၌ ရှုံးနိမ့်​ကြ​ရ​လိမ့်မည်​’​ဟု ငါ့​အား​မိန့်​တော်မူ​၏​။ 43ငါ​သည် သင်​တို့​အား ထိုသို့​ဆင့်ဆို​သော်လည်း သင်​တို့​သည် နား​မ​ထောင်​ဘဲ ထာဝရဘုရား​၏​အမိန့်​တော်​ကို​ဖီဆန်​လျက် တောင်ပေါ်ဒေသ​သို့ တဇွတ်ထိုး​တက်သွား​ကြ​၏​။ 44ထို​တောင်ပေါ်ဒေသ​၌​နေထိုင်​ကြ​သော​အာမောရိ​လူမျိုး​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ရန် ထွက်လာ​ကြ​ပြီး ပျား​များ​လိုက်​သကဲ့သို့ သင်​တို့​ကို​လိုက်​၍ စိရ​အရပ်​မှ ဟောမာ​အရပ်​တိုင်အောင် သင်​တို့​ကို လိုက်လံချေမှုန်း​ကြ​၏​။ 45သင်​တို့​သည် ပြန်လာ​၍ ထာဝရဘုရား​ရှေ့မှောက်​၌ ငိုကြွေး​ကြ​သော်လည်း ထာဝရဘုရား​သည် သင်​တို့​၏​အသံ​ကို​နားညောင်း​တော်​မ​မူ​။ သင်​တို့​ကို ဂရုစိုက်​တော်​မ​မူ​။ 46သို့ဖြစ်၍ သင်​တို့​သည် ကာဒေရှ​အရပ်​၌ ရက်​ပေါင်း​များစွာ​နေထိုင်​ခဲ့​ရ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ