YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 9

9
ဒံယေလ၏ဆုတောင်းချက်
1ခါလဒဲ​နိုင်ငံ​ကို အုပ်စိုး​သော မေဒိ​အမျိုး​၊ အာရွှေရု​၏​သား ဒါရိ​မင်းကြီး နန်းစံ​ပထမ​နှစ်​။ 2ဒါရိ​မင်းကြီး​နန်းစံ​ပထမ​နှစ်​တွင် ငါ​ဒံယေလ​သည် ဂျေရုဆလင်​မြို့​ပျက်စီး​မည့်​နှစ်ပေါင်း​မှာ အနှစ်​ခုနစ်ဆယ်​ဖြစ်ကြောင်း ပရောဖက်​ယေရမိ​ပြောကြား​ခဲ့​သော​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ကျမ်းစာလိပ်​အားဖြင့် သိ​ခဲ့​ရ​၏​။ 3ထိုအခါ ငါ​သည် အစာရှောင်​လျက်​၊ လျှော်တေအဝတ်​ဝတ်​လျက်​၊ ပြာ​၌​လူး​လျက် အရှင်​ဘုရားသခင်​ထံ မျက်နှာမူ​၍ အသနားခံ​ဆုတောင်း​လေ​၏​။
4ထိုသို့ ငါ​သည်​အပြစ်​ဝန်ချ​၍ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​သည်​မှာ “​အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​ဘုရား​ဖြစ်​ပါ​၏​။ ကိုယ်တော့်​ကို​ချစ်​၍ ပညတ်တော်​တို့​ကို စောင့်ထိန်း​သော​သူ​တို့​အပေါ် ကိုယ်တော်​၏​ပဋိညာဉ်​တော်​နှင့် မေတ္တာကရုဏာ​တော် တည်​ပါ​၏​။ 5အကျွန်ုပ်​တို့ ပြစ်မှား​မိ​ကြ​ပါ​ပြီ​။ ဒုစရိုက်​ကို ပြု​မိ​ကြ​ပါ​ပြီ​။ အကျွန်ုပ်​တို့​သည် ဆိုးယုတ်​၍ ကိုယ်တော့်​ကို ပုန်ကန်​မိ​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​မှ လမ်းလွဲ​မိ​ကြ​ပါ​ပြီ​။ 6ကိုယ်တော်​၏​အစေအပါး ပရောဖက်​တို့​က နာမ​တော်​ကို​အမှီပြု​၍ အကျွန်ုပ်​တို့​၏​ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ဘိုးဘေး​များ​မှစ၍ ပြည်သူပြည်သား​တို့​အား ဟောပြော​ခဲ့​သည်​ကို အကျွန်ုပ်​တို့ နား​မ​ထောင်​ခဲ့​ပါ​။ 7အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​ပါ​၏​။ ကိုယ်တော်​အား သစ္စာမဲ့မှု​ကြောင့် ရပ်နီး​ရပ်ဝေး​ရှိ အတိုင်းတိုင်း​အပြည်ပြည်​သို့ ကွဲလွင့်​သွား​သော ယုဒ​လူမျိုး​များ​၊ ဂျေရုဆလင်​မြို့သူမြို့သား​များ​မှစ၍ အစ္စရေး​အမျိုးသား​များ​ဖြစ်​သည့် အကျွန်ုပ်​တို့​မူကား ယနေ့​တိုင် အရှက်ကွဲ​၍​မျက်နှာပျက်​ကြ​ရ​ပါ​ပြီ​။ 8အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ဘိုးဘေး​များ​မှစ၍ အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​မိ​ကြ​သောကြောင့် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါ​ပြီ​။ 9အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​အရှင် ဘုရားသခင်​ကို​ပုန်ကန်​ကြ​သော်လည်း ကိုယ်တော်​သည် ကရုဏာ​တော်​နှင့် ပြည့်ဝ​ပါ​၏​။ အပြစ်​ကို ခွင့်လွှတ်​ပေး​ပါ​၏​။ 10အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ကြ​ပါ​။ ကိုယ်တော်​၏​အစေအပါး​ပရောဖက်​တို့​အားဖြင့် အကျွန်ုပ်​တို့​အား ပေး​တော်မူ​သော​ပညတ်တရား​အတိုင်း မ​လိုက်လျှောက်​ကြ​ပါ​။ 11အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကိုယ်တော်​၏​ပညတ်တော်​ကို ချိုးဖောက်​၍ လမ်းလွဲ​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​စကား​တော်​ကို နား​မ​ထောင်​ကြ​ပါ​။ အကျွန်ုပ်​တို့​သည် ဘုရားသခင်​ကို​ပြစ်မှား​ကြ​သောကြောင့် ကိုယ်တော်​၏​အစေအပါး​မောရှေ​ရေးမှတ်​ထား​သော​ပညတ္တိကျမ်း​တွင်​ပါ​သည့် တိုင်တည်​ကျိန်ဆို​ခြင်း​ကို ကိုယ်တော်​သည် အကျွန်ုပ်​တို့​အပေါ် ကျရောက်​စေ​တော်မူ​ပြီ​။ 12အကျွန်ုပ်​တို့​အပေါ် ဘေးဆိုး​ကြီး ကျရောက်​စေ​ခြင်း​ဖြင့် အကျွန်ုပ်​တို့​နှင့်တကွ အကျွန်ုပ်​တို့​ကို အုပ်စိုး​သော​အုပ်စိုးရှင်​တို့​အား ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည့်​စကား​တော်​ကို ပြည့်စုံ​စေ​တော်မူ​ပြီ​။ အကြောင်းမူကား ကောင်းကင်​တစ်ခွင်​အောက်​၌ တစ်ခါ​မျှ​မ​ဖြစ်​ဖူး​သော​အရာ​သည် ဂျေရုဆလင်​မြို့​တွင် ဖြစ်​လေ​ပြီ​။ 13ပညတ္တိကျမ်း​တွင် မောရှေ​ရေး​ထား​သည့် ဘေးဆိုး​အလုံးစုံ​တို့​သည် အကျွန်ုပ်​တို့​အပေါ် သင့်ရောက်​ပါ​၏​။ ထိုသို့​ဖြစ်​သည့်​တိုင် အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​မျက်နှာ​တော်​ကို မ​ရှာ​၊ အပြစ်လမ်း​မှ ပြန်​မ​လှည့်​၊ သမ္မာတရား​ကို အလေး​မ​ထား​ခဲ့​ကြ​ပါ​။ 14ထာဝရဘုရား​သည် စောင့်ကြည့်​လျက် အကျွန်ုပ်​တို့​ကို ဘေးဆိုး​သင့်​စေ​ပြီ​။ စင်စစ် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပြု​တော်မူ​သော​အမှု​အလုံးစုံ​တို့​သည် ဖြောင့်မှန်​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကို နား​မ​ထောင်​ဘဲ နေ​မိ​ခဲ့​ကြ​ပါ​၏​။ 15တန်ခိုးကြီး​သော​လက်​တော်​ဖြင့် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​ခြင်း​ဖြင့် နာမ​တော်​ကို ထင်ရှား​စေ​ခဲ့​သော​အကျွန်ုပ်​တို့​၏​အရှင် ဘုရားသခင်​၊ အကျွန်ုပ်​တို့​သည် ယနေ့​တိုင် အပြစ်​ပြု​လျက်​၊ ဆိုးယုတ်​လျက်​သာ ရှိ​ပါ​၏​။ 16အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဖြောင့်မှန်​စွာ​ပြု​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​အမျက်​ဒေါသ​ကို ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တည်းဟူသော ဂျေရုဆလင်​မြို့​မှ ပြန်လည်​ရုပ်သိမ်း​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​၏​အပြစ်​၊ ဘိုးဘေး​တို့​၏​ဒုစရိုက်​များ​ကြောင့် ဂျေရုဆလင်​မြို့​နှင့် လူမျိုး​တော်​တို့​သည် ဝန်းကျင်​ရှိ​လူ​အပေါင်း​တို့​အတွက် ကဲ့ရဲ့စရာ ဖြစ်​ရ​ပါ​ပြီ​။ 17အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ယခု ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​၊ အသနားခံ​သံ​ကို နားညောင်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ လူ​ဆိတ်ညံ​သွား​သော​ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌ ကိုယ်တော်တိုင်​အဖို့ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။ 18အို ဘုရားသခင်​၊ နား​တော်​ကို လှည့်​၍ ကြား​တော်မူ​ပါ​။ မျက်စိ​တော်​ကို ဖွင့်​၍ ပျက်စီး​သွား​သော​အကျွန်ုပ်​တို့​နေရာ​၊ နာမ​တော်​ဖြင့်​ခေါ်ဝေါ်သမုတ်​တော်မူ​သော​မြို့​တော်​ကို ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ့်​ဖြောင့်မတ်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ ကြီးမား​သော​ကရုဏာ​တော်​ကို​သာ မျှော်ကိုး​လျက် ရှေ့​တော်​၌ အသနား​တော်​ခံ​ပါ​၏​။ 19အို ဘုရားရှင်​၊ နားညောင်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ ခွင့်လွှတ်​တော်မူ​ပါ​။ အို ဘုရားရှင်​၊ အာရုံစိုက်​၍ ပြု​ပေး​တော်မူ​ပါ​။ နှောင့်နှေး​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အလျင်အမြန်​ပြု​တော်မူ​ပါ​။ ဤ​မြို့​၊ ဤ​လူမျိုး​သည် ကိုယ်တော်​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​ခြင်း​ကို ခံရ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။
ရက်သတ္တပတ်ခုနှစ်ဆယ်
20ထိုသို့ ငါ​သည် ငါ့​အပြစ်​၊ ငါ့​လူမျိုး​အစ္စရေး​တို့​၏​အပြစ်​ကို ဝန်ချတောင်းပန်​၍ မြွက်ဆို​ဆုတောင်း​ခဲ့​၏​။ ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​တော်​အတွက်​လည်း ဘုရားသခင်​ထာဝရဘုရား​ထံ ပျပ်ဝပ်​အသနားခံ​ခဲ့​၏​။ 21ထိုသို့ ငါ​မြွက်ဆို​ဆုတောင်း​နေ​စဉ် ယခင် ဗျာဒိတ်နိမိတ်​တွင် ငါ​တွေ့မြင်​ခဲ့​ရ​သော ဂါဗြေလ​သည် အလျင်အမြန်​ပျံသန်း​လာ​၍ ညနေ​ပူဇော်သက္ကာ​အချိန်​တွင် ငါ့​ထံ​ရောက်လာ​၏​။ 22သူ​က ငါ့​အား “​ဒံယေလ​၊ သင့်​အား ထိုးထွင်းသိမြင်​နိုင်​သော​ဉာဏ်​ကို​ပေး​ရန် ယခု ငါ​ရောက်လာ​ခြင်း​ဖြစ်​၏​။ 23သင်​သည် နှစ်သက်မြတ်နိုး​ခြင်း​ကို ခံရ​သော​သူ​ဖြစ်​သောကြောင့် သင် စတင်​ဆုတောင်း​စဉ်​မှာပင် အမိန့်​တော်​ရှိ​သည်​ဖြစ်၍ သင့်​အား ပြောကြား​ရန် ငါ​ရောက်လာ​ပြီ​။ သို့ဖြစ်၍ ဤ​စကား​တော်​ကို ဆင်ခြင်​၍ ဗျာဒိတ်အာရုံ​ကို သိရှိနားလည်​လော့​။ 24အပြစ်​ကျူးလွန်​ခြင်း​ကို ရပ်တန့်​ဖို့​၊ အပြစ်​ကို အဆုံးသတ်​ဖို့​၊ ဒုစရိုက်အပြစ်​ကို ဖြေလွှတ်​ဖို့​၊ ထာဝရ​ဖြောင့်မတ်​ခြင်း​ကို ယူဆောင်​လာ​ဖို့​၊ ဗျာဒိတ်နိမိတ်​နှင့် ပရောဖက်ပြု​ဟောပြော​ခြင်း​တို့​ကို​တံဆိပ်ခတ်​ဖို့​၊ အသန့်ရှင်းဆုံးဌာန​ကို ဘိသိက်သွန်း​ဖို့ သင့်​လူမျိုး​တော်​နှင့် သန့်ရှင်း​သော​မြို့​တော်​အတွက် ရက်သတ္တပတ်​ခုနစ်ဆယ်​ကို စီရင်​သတ်မှတ်​တော်မူ​ပြီ​။ 25ထို့ကြောင့် ဂျေရုဆလင်​မြို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ရန် အမိန့်​ထုတ်ပြန်​သည့်​နေ့​မှစ၍ ဘိသိက်ခံ​မင်း​တစ်ပါး​ပေါ်ထွန်း​မည့်​နေ့​အထိ ခုနစ်​သီတင်း​နှင့် ခြောက်ဆယ့်​နှစ်​သီတင်း​ကြာ​လိမ့်မည်​ဟု သိ​နားလည်​လော့​။ ခဲယဉ်း​သော​ကာလ​များ​၌​ပင် ထို​မြို့​၏​လမ်း​နှင့်​ကျုံး​တို့​ကို ပြန်လည်​ပြုပြင်​တည်ဆောက်​ကြ​လိမ့်မည်​။ 26ခြောက်ဆယ့်​နှစ်​သီတင်း​လွန်​လျှင် ဘိသိက်ခံ​မင်း​သည် မည်သည့်​အရာ​မျှ​မ​ကျန်​ဘဲ ပယ်ရှင်း​ခြင်း​ခံရ​လိမ့်မည်​။ နောက်​တက်လာ​မည့်​မင်း​၏​လူ​တို့​သည် မြို့​နှင့် သန့်ရှင်းရာဌာန​ကို ဖျက်ဆီး​ပစ်​လိမ့်မည်​။ အဆုံး​သည် ရေလွှမ်းမိုး​သကဲ့သို့ ရောက်လာ​လိမ့်မည်​။ အဆုံး​သို့​မ​ရောက်​မ​ချင်း စစ်မက်​ဖြစ်ပွား​လိမ့်မည်​။ ဤသို့ ပျက်စီး​ခြင်း​ကို စီရင်​ထား​တော်မူ​ပြီ​။ 27ထို​မင်း​သည်​လည်း တစ်​သီတင်း​အတွက် လူ​အများ​တို့​နှင့်​အခိုင်အမာ​ပဋိညာဉ်​ဖွဲ့​လိမ့်မည်​။ သို့သော် သီတင်း​တစ်ဝက်​တွင် ယဇ်ပူဇော်​ခြင်း​နှင့် ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ရပ်စဲ​စေ​လိမ့်မည်​။ သုတ်သင်ဖျက်ဆီး​ခြင်း​ခံရ​မည်​ဟူသော စီရင်သတ်မှတ်​ချက်​သည် ဖျက်ဆီး​သော​သူ​အပေါ် ကျရောက်​မည်​။#ဒံ 11:31၊ 12:11၊ မ 24:15၊ မာ 13:14။ ထို​အချိန်​တိုင်အောင် ထို​ဖျက်ဆီး​သော​သူ​သည် ရွံရှာဖွယ်​ရာ​များ​၏​တောင်ပံ​ပေါ်တွင် တည်​နေ​လိမ့်မည်”​ဟု ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ဒံယေလအနာဂတ္တိကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ