YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 8

8
စိတ်အာရုံတွင်မြင်ရသော သိုးထီးနှင့်ဆိတ်ထီး
1ငါ​ဒံယေလ​သည် ပထမ​အကြိမ်​ဗျာဒိတ်နိမိတ်​ကို မြင်​ရ​ပြီးနောက် ဗေလရှာဇာ​မင်းကြီး​နန်းစံ​တတိယ​နှစ်​တွင် နောက်တစ်ကြိမ် မြင်​ရ​ပြန်​၏​။ 2ထို​ဗျာဒိတ်နိမိတ်​ကို​မြင်​ရ​စဉ် ငါ​သည် ဧလံ​ပြည် ရှုရှန်​နန်းတော်​တွင် ရှိ​နေ​၏​။ ထို​ဗျာဒိတ်နိမိတ်​ထဲတွင် ငါ​သည် ဥလဲ​မြစ်​နား​သို့ ရောက်​နေ​၏​။ 3ငါ​မျှော်ကြည့်​လိုက်​သောအခါ မြစ်​ဘေး​တွင် သိုးထီး​တစ်​ကောင်​ရပ်​နေ​သည်​ကို မြင်​ရ​၏​။ ထို​သိုးထီး​တွင် ချို​ရှည်​နှစ်​ချောင်း ရှိ​၏​။ ချို​ရှည်​နှစ်​ချောင်း​တွင် တစ်​ချောင်း​သည် အခြား​တစ်​ချောင်း​ထက် ပို​ရှည်​၏​။ ပို​ရှည်​သော​ချို​သည် နောက်​မှ​ပေါက်​သော​ချို​ဖြစ်​၏​။ 4ထို​သိုးထီး​သည် အနောက်ဘက်​၊ မြောက်ဘက်​၊ တောင်ဘက်​တို့​သို့ လိုက်ဝှေ့​နေ​သောကြောင့် မည်သည့်​တိရစ္ဆာန်​မျှ မ​ခံနိုင်​။ မည်သူ​မျှ တိရစ္ဆာန်​တို့​ကို သူ့​လက်​မှ​မ​ကယ်နုတ်​နိုင်​။ ထို​သိုးထီး​သည် မိမိ​အလို​အတိုင်း​ပြု​လျက်​၊ မာန်ထောင်​လျက်​ရှိ​သည်​ကို ငါ​မြင်​ရ​၏​။
5ငါ​ဆင်ခြင်​ကြည့်​နေ​စဉ် ဆိတ်ထီး​တစ်​ကောင်​သည် မြေ​နှင့်​မ​ထိ​ဘဲ မြေ​တစ်ပြင်လုံး​ကို ဖြတ်ကျော်​၍ အနောက်ဘက်​မှ​လာ​နေ​သည်​ကို မြင်​ရ​၏​။ ထို​ဆိတ်ထီး​၏​မျက်စိ​နှစ်​လုံး​ကြား​တွင် သိသာ​ထင်ရှား​သော​ချို​တစ်​ချောင်း ပါ​၏​။ 6မြစ်​ဘေး​တွင်​ရပ်​နေ​သည်​ကို ငါ​မြင်​ရ​သော ချို​နှစ်​ချောင်း​ရှိ​သိုးထီး​ထံသို့ ထို​ဆိတ်ထီး​သည် ဒေါသတကြီး ပြေးလာ​၏​။ 7သိုးထီး​အနီး​သို့ ရောက်လာ​သောအခါ အမျက်ဒေါသ​ဖြင့် သိုးထီး​ကို​တိုက်ခိုက်​ပြီး သိုးထီး​၏​ချို​နှစ်​ချောင်း​အား ချိုးဖဲ့​ပစ်​သည်​ကို ငါ​မြင်​ရ​၏​။ သိုးထီး​၌ ဆိတ်ထီး​ကို ယှဉ်​နိုင်​သော​ခွန်အား​မ​ရှိ​။ ဆိတ်ထီး​သည် သူ့​ကို​မြေ​ပေါ်တွင်​လှဲချ​ကာ နင်းချေ​ပစ်​၏​။ မည်သူ​မျှ သူ့​ကို ဆိတ်ထီး​လက်​မှ မ​ကယ်နုတ်​နိုင်​။ 8ဤသို့ဖြင့် ထို​ဆိတ်ထီး​သည် အားကြီးသည်ထက်ကြီး​လာ​၏​။ ထိုသို့ ခွန်အားကြီး​လာ​သော်လည်း သူ့​ချို​ကြီး​ကျိုးသွား​၍ ထို​ချို​နေရာ​တွင် ကောင်းကင်​အရပ်​လေး​မျက်နှာ​သို့​မျက်နှာမူ​၍ သိသာ​ထင်ရှား​သော​ချို​လေး​ချောင်း ပေါက်လာ​၏​။
ချိုအတက်ကလေး
9ထို​ချို​လေး​ချောင်း​မှ​တစ်​ချောင်း​တွင် ချို​အတက်​တစ်​ခု​ပေါက်လာ​၍ တောင်ဘက်​၊ အရှေ့ဘက်​၊ သာယာဝပြော​သော​ပြည်​ဘက်​သို့​တိုင်အောင် ကြီးမား​လာ​လေ​၏​။ 10ကောင်းကင်​ဗိုလ်ခြေ​အထိ ကြီးမား​လာ​၍ ကောင်းကင်​ဗိုလ်ခြေ​နှင့် ကြယ်​အချို့​တို့​ကို​ပင် မြေ​ပေါ်သို့​ဆွဲချ​နင်းချေ​ပစ်​၏​။#ဗျာ 12:4။ 11ထိုမျှမက ကောင်းကင်​ဗိုလ်ခြေ​မင်း​ကို ဆန့်ကျင်​၍ မိမိကိုယ်ကို​ချီးမြှောက်​၏​။ နေ့စဉ်​ပူဇော်သက္ကာ​ကို ဖယ်ရှား​၍ သန့်ရှင်းရာဌာန​ကို​လည်း ဖြိုပစ်​၏​။ 12ဗိုလ်ခြေ​တို့​သည် ကျူးလွန်​သော​အပြစ်​ကြောင့် ပုံမှန်​ပူဇော်သက္ကာ​နှင့်တကွ သူ့​လက်​သို့​အပ်နှံ​ခြင်း​ခံရ​လေ​၏​။ ထို​ချို​သည် သမ္မာတရား​ကို​မြေကြီး​ပေါ်သို့​ပစ်ချ​လေ​၏​။ သူ​ပြု​သော​အမှု​သည် အောင်မြင်​၏​။
13ထိုအခါ သန့်ရှင်း​သူ​တစ်​ပါး​၏​စကားသံ​ကို ငါ​ကြား​ရ​၏​။ စကားပြော​နေ​သော ထို​သန့်ရှင်း​သူ​တစ်ပါး​ကို အခြား​သန့်ရှင်း​သူ​တစ်​ပါး​က “​ဗျာဒိတ်နိမိတ်​ထဲတွင် နေ့စဉ်​ပူဇော်သက္ကာ​၊ လူဆိတ်ညံ​ရာ​ဖြစ်​စေ​သော​အပြစ်​၊ သန့်ရှင်းရာဌာန​နှင့် ဗိုလ်ခြေ​တို့​ကို နင်းချေ​အပ်နှံ​ခြင်း​တို့​နှင့်ဆိုင်သော​အဖြစ်အပျက်​သည် မည်မျှ​ကြာကြာ​ဖြစ်​မည်နည်း​”​ဟု မေးမြန်း​ပြောဆို​သည်​ကို ငါ​ကြား​ရ​၏​။
14ထို​သူ​က​လည်း “​ရက်ပေါင်း နှစ်ထောင့်​သုံး​ရာ ကြာ​လိမ့်မည်​။ ထို့နောက်မှ သန့်ရှင်းရာဌာန​ကို ပြန်လည်​သန့်ရှင်း​စေ​တော်မူ​လိမ့်မည်​”​ဟု ငါ့​အား ပြောပြ​၏​။
ဗျာဒိတ်နိမိတ်၏အနက်အဓိပ္ပာယ်
15ငါ​ဒံယေလ​သည် ဗျာဒိတ်နိမိတ်​ကို မြင်​ရ​၍ နားလည်​အောင် ကြိုးစား​နေ​စဉ် လူ​နှင့်​တူ​သော​သဏ္ဌာန်​တစ်​ခု​သည် ငါ့​ရှေ့​ရောက်လာ​၏​။ 16ထို့နောက် ဥလဲ​မြစ်​နား​မှ​လူ​တစ်​ဦး​က “​အို ဂါဗြေလ​၊ ထို​ဗျာဒိတ်အာရုံ​၏​အနက်​ကို သူ့​အား ဖော်ပြ​ပေး​ပါ​”​ဟု အော်ပြော​သော​အသံ​ကို ငါ​ကြား​ရ​၏​။
17ထိုအခါ ဂါဗြေလ​သည် ငါ့​ထံ​ချဉ်းကပ်​လာ​သဖြင့် ငါ​လည်း ကြောက်လန့်​တုန်လှုပ်​၍ မှောက်​လျက်​လဲကျ​သွား​၏​။ သူ​က​လည်း “​အချင်း​လူသား​၊ ဤ​ဗျာဒိတ်နိမိတ်​သည် နောက်ဆုံး​ကာလ​နှင့်ဆိုင်သည်​ကို သိမှတ်​လော့​”​ဟု ငါ့​အား ပြောပြ​၏​။ 18ထိုသို့​ပြော​နေ​စဉ် ငါ​သည် သတိလစ်​၍​မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​ရာ​မှ သူ​က ငါ့​ကို​တို့​၍ ပြန်ရပ်​စေ​ပြီး 19“​ကြည့်ရှု​လော့​။ အမျက်​တော်​၏​အဆုံး​၌​ဖြစ်ပျက်​မည့်​အရာ​ကို သင့်​အား ငါ​သိမြင်​စေ​မည်​။ ဤ​အဖြစ်အပျက်​သည် သတ်မှတ်​ထား​သော​နောက်ဆုံး​အချိန်​တွင် ဖြစ်လာ​လိမ့်မည်​။ 20သင်​မြင်​ခဲ့​ရ​သော​သိုးထီး​၌​ပါ​သည့်​ချို​နှစ်​ချောင်း​မှာ မေဒိ​ဘုရင်​နှင့် ပါးရှား​ဘုရင်​ကို ဆိုလို​၏​။ 21အမွေးထူ​သော​ဆိတ်ထီး​သည် ဂရိ​ဘုရင်​ကို ဆိုလို​၏​။ ထို​ဆိတ်ထီး​၏​မျက်စိ​နှစ်​လုံး​ကြား​ရှိ​ချို​ကြီး​သည် ပထမ​ဘုရင်​ကို ဆိုလို​၏​။ 22ထို​ချို​ကြီး​သည် ကျိုးသွား​၍ ထို​နေရာ​တွင်​ပေါက်လာ​သော​ချို​လေး​ချောင်း​သည် ထို​နိုင်ငံ​မှ​ပေါ်လာ​မည့်​နိုင်ငံ​လေး​နိုင်ငံ ဖြစ်​၏​။ သို့သော် ထို​နိုင်ငံ​ကဲ့သို့ တန်ခိုး​ထွား​မည်​မ​ဟုတ်​။ 23ထို​နိုင်ငံ​များ​ပျက်သုဉ်း​ချိန်​ရောက်​ခါနီး ပုန်ကန်ထကြွ​မှု​များ ပေါ်ပေါက်​သောအခါ မျက်နှာထား​ခက်ထန်​ပြီး စကား​လိမ်လည်​ရာ​၌ ကျွမ်းကျင်​သော​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။ 24သူ​သည် ကိုယ့်​အစွမ်း​မ​ဟုတ်​ဘဲ ခွန်အား​ကြီး​လာ​ပြီး ကြောက်မက်ဖွယ်​လိုက်လံ​ဖျက်ဆီး​လိမ့်မည်​။ ပြု​လေသမျှ​တို့​လည်း အောင်မြင်​လိမ့်မည်​။ အားကြီး​သော​သူ​များ​၊ သန့်ရှင်း​သော​လူမျိုး​တော်​များ​ကို​ပင် ဖျက်ဆီး​ပစ်​လိမ့်မည်​။ 25သူ့​လက်ထက်​တွင် ဉာဏ်နီဉာဏ်နက်​သုံး​ပြီး လှည့်စား​အောင်နိုင်​လိမ့်မည်​။ ကိုယ့်ကိုယ်ကိုယ်​မြှောက်ပင့်​လျက် လုံခြုံစိတ်ချ​စွာ​နေ​နေ​ကြ​သော လူ​အများ​ကို လိုက်လံ​ဖျက်ဆီး​လိမ့်မည်​။ သခင်​တကာ​တို့​၏​သခင်​ကို​ပင် ဆန့်ကျင်​လိမ့်မည်​။ သို့သော် လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။ 26ညဥ့်ဦးယံ​၊ နံနက်ယံ​၌ ဖော်ပြ​သော ဗျာဒိတ်အာရုံ​သည်​လည်း အမှန်ပင်​ဖြစ်​၏​။ ဤ​ဗျာဒိတ်နိမိတ်​သည် နောင်လာမည့်​နေ့ရက်​ကာလ​နှင့်​ဆိုင်​သည်​ဖြစ်၍ ၎င်း​ကို ဝှက်​ထား​လော့​”​ဟု ငါ့​အား ရှင်းပြ​၏​။ 27ငါ​ဒံယေလ​သည် ရက်​အနည်းငယ်​မျှ နာမကျန်း​ဖြစ်​ခဲ့​ရ​၏​။ နေကောင်း​ပြန်​လျှင် ရှင်ဘုရင်​၏​အမှု​တော်​ကို ဆက်လက်​ထမ်းရွက်​၏​။ သို့သော် ဤ​ဗျာဒိတ်အာရုံ​ကြောင့် ငါ​သည် တုန်လှုပ်ချောက်ချား​ပြီး နား​မ​လည်​နိုင်​ဘဲ​ရှိ​နေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဒံယေလအနာဂတ္တိကျမ်း 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ