YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 10

10
စိတ်အာရုံတွင်မြင်ရသောဘုန်းအသရေနှင့်ပြည့်ဝသူ
1ပါးရှား​ဘုရင် ကုရု​မင်းကြီး​နန်းစံ တတိယ​နှစ်​တွင် ဗေလတရှာဇာ ခေါ် ဒံယေလ​ထံသို့ နှုတ်ကပတ်တော် ရောက်လာ​၏​။ ထို​နှုတ်ကပတ်တော်​သည် အစစ်အမှန်​ဖြစ်​၏​။ စစ်ပွဲ​ကြီး​နှင့်​ဆိုင်​၏​။ နှုတ်ကပတ်တော်​ကို သူ​နားလည်​၏​။ စိတ်အာရုံ​အားဖြင့် သူ​နားလည်​၏​။
2ထိုစဉ်က ငါ​ဒံယေလ​သည် ရက်သတ္တပတ်​သုံး​ပတ်​တိုင်တိုင် ငိုကြွေးမြည်တမ်း​လျက် 3ထို​ရက်သတ္တပတ်​သုံး​ပတ်​တိုင်တိုင် စားကောင်းသောက်ဖွယ်​ကို မ​စား​၊ အသား​နှင့် စပျစ်ဝိုင်​ကို​လည်း မ​သုံးဆောင်​၊ ဆီ​ကို​လည်း မ​လိမ်း​ဘဲ နေ​၏​။ 4ပထမ​လ​၊ နှစ်ဆယ့်​လေး​ရက်​နေ့​တွင် ငါ​သည် တိုက်ဂရစ်​မြစ်​ကြီး​၏​ကမ်းနံဘေး​တွင် ရပ်​နေ​စဉ် 5ငါ​မျှော်ကြည့်​လိုက်​သောအခါ ပိတ်ချောထည်​ဝတ်ဆင်​၍ ခါး​တွင်​ဥဖတ်​မြို့​မှ​ထွက်​သော​ရွှေစင်​ခါးပန်း စည်းထား​သော​သူ​တစ်​ယောက်​ကို မြင်​၏​။#ဗျာ 1:13။ 6ထို​သူ​၏​ကိုယ်ခန္ဓာ​မှာ ကျောက်မျက်ရွဲ​ကဲ့သို့ ဖြစ်​၏​။ မျက်နှာ​မှာ လျှပ်စီးလက်​သကဲ့သို့ ဖြစ်​၏​။ မျက်စိ​သည်​လည်း မီးတောက်​နေ​သော​မီးတုတ်​ကဲ့သို့ ဖြစ်​၏​။ လက်​နှင့်​ခြေ​သည် ပြောင်လက်​အောင်​တိုက်ချွတ်​ထား​သော​ကြေးနီ​နှင့် တူ​၏​။ သူ​၏​စကား​သံ​သည် လူအုပ်ကြီး​၏​အသံ​နှင့် တူ​၏​။#ဗျာ 1:15။ 7ငါ​ဒံယေလ​တစ်ဦးတည်း​သာ နိမိတ်အာရုံ​ကို မြင်​ရ​၏​။ ငါ​နှင့်အတူ​ရှိ​သော​သူ​တို့​မူကား နိမိတ်အာရုံ​ကို မ​မြင်​ရ​သော်လည်း အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​ပြီး ထွက်ပြေး​ပုန်းအောင်း​ကြ​၏​။ 8ထို့ကြောင့် ငါ​တစ်ယောက်တည်း​ကျန်ရစ်​ပြီး ထိတ်လန့်ဖွယ်​နိမိတ်အာရုံ​ကို မြင်​ရ​၍ ခွန်အား​များ မ​ရှိ​တော့​ချေ​။ ငါ့​မျက်နှာ​သည် လူသေ​မျက်နှာ​ကဲ့သို့​ဖြစ်​၍ ခွန်အား​ကုန်ခန်း​လေ​၏​။ 9ထိုအခါ ထို​သူ​ပြော​သော​စကား​သံ​ကို ကြား​ရ​၏​။ ထို​သူ​ပြော​သော​စကား​ကို နားထောင်​နေ​စဉ် ငါ​သည် သတိလစ်​၍​မှောက်​လျက်​လဲကျ​သွား​၏​။
ကောင်းကင်မင်းတို့၏တိုက်ပွဲ
10ထိုအခါ လက်​တစ်​ဖက်​သည် ငါ့​ကို​တို့​၍ ငါ့​ဒူး​နှင့်​လက်​ကို​လည်း ကိုင်လှုပ်​၏​။ 11ထို​သူ​က “​နှစ်သက်မြတ်နိုး​ခြင်း​ခံရ​သူ​ဒံယေလ​၊ ငါ​ပြော​သော​စကား​ကို ဆင်ခြင်သုံးသပ်​လော့​။ ထ​၍ ရပ်​လော့​။ ငါ​သည် သင့်​ထံသို့ စေလွှတ်​ခြင်း​ခံရ​သော​သူ​ဖြစ်​၏​”​ဟု ငါ့​အား ဤ​စကား​ကို​ပြောဆို​လျှင် ငါ​သည် တုန်ရီ​လျက် ရပ်​လေ​၏​။
12တစ်ဖန် သူ​က “​ဒံယေလ​၊ မ​ကြောက်​နှင့်​။ သင်​သည် ဘုရားသခင်​၏​ရှေ့​တော်​တွင် ကိုယ်​ကို​နှိမ့်ချ​၍ နားလည်​လို​သော​ဆန္ဒရှိ​သည့်​ပထမဆုံး​နေ့​မှစ၍ သင့်​စကား​ကို ဘုရားသခင်​ကြား​တော်မူ​ပြီ​။ သင့်​စကား​ကြောင့် ငါ​ရောက်လာ​ရ​ခြင်း​ဖြစ်​၏​။ 13ပါးရှား​နိုင်ငံ​စောင့်​မင်း​သည် နှစ်ဆယ့်​တစ်​ရက်​တိုင်တိုင် ငါ့​ကို​ဆီးတား​နှောင့်ယှက်​ခဲ့​၏​။ ငါ့​ကို ပါးရှား​ဘုရင်​တို့​ထံ၌ ထားခဲ့​သောကြောင့် အထွတ်အမြတ်​မင်းစု​ထဲမှ​တစ်ပါး​ဖြစ်​သော​မိက္ခေလ​သည် ငါ့​ကို လာရောက်​ကူညီ​ခဲ့​ရ​၏​။ 14ဤ​ဗျာဒိတ်နိမိတ်​သည် နောင်လာမည့်​နေ့ရက်​များ​နှင့်​ဆိုင်​သည်​ဖြစ်​၍ ထို​နေ့ရက်​များ​တွင် သင့်​လူမျိုး​၌ ဖြစ်ပျက်​မည့်​အရာ​တို့​ကို ကြားပြော​ရန် ငါ​ရောက်လာ​ပြီ​”​ဟု ဆို​၏​။
15ထို​သူ​သည် ငါ့​အား ထိုသို့သော​စကား​များ​ကို​ပြောဆို​သောအခါ ငါ​သည် မြေကြီး​ကို​စိုက်ကြည့်​၍ နှုတ်ဆွံ့အ​သွား​၏​။ 16ထိုအခါ လူ​သဏ္ဌာန်​နှင့်​တူ​သော​သူ​က ငါ့​နှုတ်ခမ်း​ကို တို့​၏​။ ငါ​လည်း နှုတ်​ကို​ဖွင့်​၍ ငါ့​ရှေ့​၌​ရပ်​နေ​သော​သူ​အား “​အကျွန်ုပ်​၏​သခင်​၊ ဤ​နိမိတ်အာရုံ​ကြောင့် အကျွန်ုပ်​သည် ပြင်းထန်​သော​ဝေဒနာ​ကို​ခံစား​ရ​၍ ခွန်အား​လည်း ကုန်ခန်း​ပါ​ပြီ​။ 17သခင့်​အစေအပါး​အကျွန်ုပ်​သည် သခင်​နှင့်​မည်သို့ ပြောဆို​နိုင်​မည်နည်း​။ ယခုပင် အကျွန်ုပ်​၌ ခွန်အား​မ​ရှိ​တော့​ပါ​။ ထွက်သက်​ဝင်သက်​လည်း မ​ကျန်​တော့​ပါ​”​ဟု ပြန်လျှောက်​၏​။
18ထိုအခါ လူ​ပုံသဏ္ဌာန်​နှင့်​တူ​သော​သူ​သည် ငါ့​ကို နောက်တစ်ခါ တို့​၍ ခွန်အား​ဖြည့်​ပေး​၏​။ 19သူ​က ငါ့​အား “​အို နှစ်သက်မြတ်နိုး​ခြင်း​ခံရ​သူ​၊ မ​ကြောက်​နှင့်​။ ငြိမ်သက်​ခြင်း​ရှိ​ပါစေ​။ အားယူ​လော့​၊ အားယူ​လော့​”​ဟု ဆို​လျှင် ငါ​သည် ခွန်အား​ပြည့်​လာ​၍ “​အကျွန်ုပ်​၏​သခင်​၊ အမိန့်ရှိ​တော်မူ​ပါ​။ သခင့်​စကား​ကြောင့် အကျွန်ုပ်​အားရှိ​သွား​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။
20ထို​သူ​က​လည်း “​သင့်​ထံသို့ အဘယ်ကြောင့် ငါ​ရောက်လာ​ရ​သည်​ကို သင်​သိ​သလော​။ ယခု ငါ​သည် ပါးရှား​နိုင်ငံ​စောင့်​မင်း​နှင့် စစ်တိုက်​ရန် ပြန်သွား​ရ​မည်​။ ငါ​ထွက်သွား​ပြီးနောက် ဂရိ​နိုင်ငံ​စောင့်​မင်း ရောက်လာ​လိမ့်မည်​။ 21ယခု သမ္မာတရား​ကျမ်း​တွင် ရေးထား​သော​အရာ​တို့​ကို သင့်​အား ငါ​ပြောပြ​မည်​။ ထို​သူ​တို့​နှင့် တိုက်ခိုက်​ရာ​တွင် သင်​တို့​၏​မင်း မိက္ခေလ​မှတစ်ပါး ငါ့​ကို ကူညီ​မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ​။

လက်ရှိရွေးချယ်ထားမှု

ဒံယေလအနာဂတ္တိကျမ်း 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ