YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 11

11
1မေဒိ​လူမျိုး ဒါရိ​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင်​လည်း သူ့​ဘက်​မှ​ရပ်တည်​၍ အင်အားဖြည့်​ကာကွယ်​ပေး​ခဲ့​၏​။
ပါးရှားနိုင်ငံနှင့် ဂရိနိုင်ငံအကြောင်း ကြိုတင်ဟောပြောခြင်း
2ယခု သင့်​အား မှန်​သော​အရာ​ကို ပြောပြ​မည်​။ ကြည့်ရှု​လော့​။ ပါးရှား​နိုင်ငံ​တွင် ရှင်ဘုရင်​သုံး​ပါး ထပ်​ပေါ်လာ​လိမ့်မည်​။ ထို့နောက် ပေါ်လာ​မည့်​စတုတ္ထ​ဘုရင်​သည် အခြား​ဘုရင်​အားလုံး​ထက် ဓနဥစ္စာ​ကြွယ်ဝ​သူ​ဖြစ်​မည်​။ သူ​သည် ဓနဥစ္စာ​ဖြင့် အင်အားကြီး​လာ​သောအခါ လူ​အပေါင်း​တို့​ကို လှုံ့ဆော်​၍ ဂရိ​နိုင်ငံ​ကို တိုက်ခိုက်​လိမ့်မည်​။ 3ထို့နောက် အားကြီး​သော​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။ သူ​သည် ဩဇာအာဏာ​ကြီးမား​လျက် အုပ်စိုး​လိမ့်မည်​။ အလိုရှိ​သည့်​အတိုင်း ပြု​လိမ့်မည်​။ 4သူ​ပေါ်လာ​ပြီး​မကြာမီ​မှာပင် သူ့​နိုင်ငံ​သည် ပျက်စီး​သွား​၍ မိုးကောင်းကင်​အောက်​အရပ်​လေး​မျက်နှာ​သို့ ကွဲပြား​သွား​လိမ့်မည်​။ ထို​နိုင်ငံ​ကို သူ​၏​သားစဉ်မြေးဆက်​တို့ ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​။ သူ​အုပ်စိုး​ခဲ့​သည့်​အာဏာစက်​မျိုး ရှိ​တော့​မည်​မ​ဟုတ်​။ သူ​၏​နိုင်ငံ​ကို သူ့​လက်​မှ​နုတ်ယူ​၍ အခြား​သူ​တို့​လက်​သို့ ပေးအပ်​လိမ့်မည်​။
တောင်ဘုရင်နှင့်မြောက်ဘုရင်
5ထို့နောက် တောင်ဘက်​မှ​ရှင်ဘုရင်​တစ်​ပါး အင်အားကြီး​လာ​လိမ့်မည်​။ သို့သော် ထို​ဘုရင်​၏​စစ်သူကြီး​များ​ထဲမှ​တစ်ဦး​သည် သူ့​ထက်​အားကြီး​လာ​၍ ထို​နိုင်ငံ​ကို အုပ်စိုး​မည်​။ သြဇာအာဏာ​ကြီးမား​မည်​။ 6နှစ်​ပေါင်း​ကြာ​လာ​သောအခါ သူ​တို့​ချင်း​မိတ်ဖွဲ့​ကြ​လိမ့်မည်​။ ငြိမ်းချမ်းရေး​ရယူ​ရန် တောင်​ဘုရင်​၏​သမီး​တော်​သည် မြောက်​ဘုရင်​ထံ​ဝင်ရောက်​လိမ့်မည်​။ သို့သော် ထို​မင်းသမီး​သည် မိမိ​၏​တန်ခိုးအာဏာ​ကို မ​ထိန်းသိမ်း​ထား​နိုင်​။ ခမည်းတော်​၏​အာဏာ​လည်း မ​တည်တံ့​။ ထို​အချိန်​တွင် မင်းသမီး​နှင့် သူ့​အခြွေအရံ​များ​၊ သူ့​ခမည်းတော်​နှင့် ဘက်တော်သား​အားလုံး အပ်နှံ​ခြင်း​ခံရ​လိမ့်မည်​။ 7ထို​မင်းသမီး​၏​အမျိုးအနွယ်​ထဲမှ တစ်​ယောက်​သည် ထို​ဘုရင်​၏​အရိုက်အရာ​ကို ဆက်ခံ​ရ​မည်​။ သူ​သည် စစ်ချီ​၍ မြောက်​ဘုရင်​၏​စစ်သည်​တို့​ကို တိုက်ခိုက်​မည်​။ ခံတပ်​ကို​လည်း ဝင်ရောက်​တိုက်ခိုက်​၍ အောင်နိုင်​လိမ့်မည်​။ 8သူ​သည် ထို​သူ​တို့ သွန်းလုပ်​သော​ဘုရား​ရုပ်တု​များ​၊ ရွှေ​ငွေ​စသော​အဖိုးတန်​အသုံးအဆောင်​များ​ကို အီဂျစ်​ပြည်​သို့ သိမ်းယူ​သွား​လိမ့်မည်​။ ထို့နောက်မှ မြောက်​ဘုရင်​နှင့် နှစ်​ပေါင်း​အတန်ကြာ​ကင်းကွာ​နေ​လိမ့်မည်​။ 9ထို့နောက်မှ မြောက်​ဘုရင်​သည် တောင်​ဘုရင်​၏​နိုင်ငံ​သို့ စစ်ချီ​လာ​သော်လည်း မိမိ​ပြည်​သို့ ပြန်ဆုတ်​သွား​ရ​လိမ့်မည်​။ 10သူ​၏​သား​တော်​တို့​သည် စစ်တိုက်​ရန် လှုံ့ဆော်​ပြီး စစ်သည်​အလုံးအရင်း​ကို စုစည်း​မည်​။ ထို့နောက် ရေလွှမ်းမိုး​ပြီး​တိုက်ချ​သွား​သကဲ့သို့ စစ်ချီ​တိုက်ခိုက်​မည်​။ ထိုမှ ခံတပ်​သို့​အပြန်လမ်း​တစ်လျှောက်​တွင်​လည်း တိုက်ခိုက်​သွား​လိမ့်မည်​။ 11တောင်​ဘုရင်​လည်း ခံပြင်း​၍ မြောက်​ဘုရင်​ကို ထွက်​တိုက်​မည်​။ မြောက်​ဘုရင်​သည် စစ်သည်​အလုံးအရင်း​စုဆောင်း​ထား​သော်လည်း ထို​စစ်သည်​အလုံးအရင်း​သည် တောင်​ဘုရင်​လက်​သို့ ရောက်သွား​ရ​လိမ့်မည်​။ 12တောင်​ဘုရင်​သည် ထို​စစ်သည်​အလုံးအရင်း​ကို သိမ်းသွား​နိုင်​သဖြင့် ဘဝင်မြင့်​လာ​လိမ့်မည်​။ သူ​သည် လူ​ထောင်ပေါင်း​များစွာ​ကို ချေမှုန်း​နိုင်​သော်လည်း သူ့​အာဏာ​တည်​လိမ့်မည်​မ​ဟုတ်​။ 13အကြောင်းမှာ မြောက်​ဘုရင်​သည် ပထမ​အကြိမ်​ထက်​များ​သော စစ်သည်​အလုံးအရင်း​ကို စုရုံး​၍ အချိန်တန်​သောအခါ လက်နက်​အပြည့်အစုံ​ပါ​သော​စစ်တပ်​ကြီး​ဖြင့် အမှန်​ချီတက်​လာ​လိမ့်မည်​။
14ထို​အချိန်​တွင် တောင်​ဘုရင်​ကို ဆန့်ကျင်​၍​ထကြွပုန်ကန်​သော​သူ​တို့ များပြား​ကြ​လိမ့်မည်​။ ဗျာဒိတ်နိမိတ်​အတိုင်း ဖြစ်လာ​ရန် သင့်​လူမျိုး​ထဲမှ ကြမ်းကြုတ်​သော​သူ​တို့​သည်​လည်း ထကြွပုန်ကန်​ကြ​လိမ့်မည်​။ သို့သော် သူ​တို့ ကျရှုံး​ကြ​လိမ့်မည်​။ 15မြောက်​ဘုရင်​သည် ချီလာ​၍ မြေကတုတ်​ကို​တည်ဆောက်​ကာ ခံတပ်​မြို့​ကို သိမ်းပိုက်​လိမ့်မည်​။ တောင်​ဘုရင်​၏​စစ်သည်​တို့​သည် သူ့​ကို ခုခံ​နိုင်​မည်​မ​ဟုတ်​။ အထူး​ရွေးချယ်​ထား​သော​စစ်သည်​များ​ပင် ခုခံ​နိုင်​သော​ခွန်အား​ရှိ​မည်​မ​ဟုတ်​။ 16တောင်​ဘုရင်​ကို လာတိုက်​သော​မြောက်​ဘုရင်​သည် အလိုရှိ​သည့်​အတိုင်း​ပြု​လိမ့်မည်​။ သူ့​ကို မည်သူ​မျှ​ခုခံ​နိုင်​မည်​မ​ဟုတ်​။ သူ​သည် သာယာဝပြော​သော​ပြည်​တွင် စံမြန်း​လျက် သုတ်သင်ဖျက်ဆီး​ခြင်း​အာဏာ​ကို​စွဲကိုင်​ထား​မည်​။ 17သူ​သည် မိမိ​နိုင်ငံ​တစ်နိုင်ငံလုံး​၏​အင်အား​ဖြင့် တောင်​ဘုရင်​ထံ​ဝင်ရောက်​၍ ငြိမ်းချမ်းရေး​ရယူ​ရန် ကြံစည်​လိမ့်မည်​။ ပြည်​ကို​ဖျက်ဆီး​ရန် မိန်းမပျို​များ​ကို တောင်​ဘုရင်​အား ဆက်သ​လိမ့်မည်​။ သို့သော် ထို​အမှု​သည် အောင်မြင်​မည်​မ​ဟုတ်​၊ သူ့​အတွက် အကျိုး​ပြု​မည်​မ​ဟုတ်​။ 18ထို့နောက် သူ​သည် ကမ်းရိုးတန်းဒေသ​များ​ဘက်​သို့​လှည့်​၍ နယ်မြေ​များစွာ​ကို သိမ်းယူ​နိုင်​လိမ့်မည်​။ သို့သော် အကြီးအမှူး​တစ်​ဦး​သည် မောက်မာစော်ကား​သော​သူ့​ကို ချိုးနှိမ်​ပစ်​လိမ့်မည်​။ ထို​မောက်မာစော်ကားမှု​ကို သူ​ပြန်​ခံရ​စေ​မည်​။ 19သူ​သည် သူ့​ခံတပ်​ပြည်​သို့​ပြန်လာ​မည်​ဖြစ်​သော်လည်း ခလုတ်တိုက်​၍​လဲကျ​သေဆုံး​သွား​လိမ့်မည်​။ သူ့​ကို တွေ့​ရ​တော့​မည်​မ​ဟုတ်​။
20သူ့​နေရာ​တွင် နိုင်ငံ​၏​ဘုန်းစည်းစိမ်​အတွက်​အခွန်ကောက်ခံ​သော​သူ​ကို စေလွှတ်​မည့် မင်း​တစ်ပါး ပေါ်လာ​လိမ့်မည်​။ သို့သော် မကြာမီမှာ​ပင် ထို​မင်း​သည် အမျက်​ကြောင့်​မ​ဟုတ်​၊ စစ်ပွဲ​ကြောင့်​လည်း မ​ဟုတ်​ဘဲ ပျက်စီး​သွား​ရ​လိမ့်မည်​။
21ထို့နောက် ထို​မင်း​၏​နေရာ​တွင် ယုတ်ညံ့​သော​မင်း​တစ်ပါး​ပေါ်လာ​လိမ့်မည်​။ မည်သူ​မျှ သူ့​ကို နန်းစံ​ဖို့ မင်း​မ​မြှောက်​။ လူ​တို့ လုံခြုံစိတ်ချ​စွာ​နေ​နေ​ကြ​စဉ် သူ​သည် ရောက်လာ​၍ နိုင်ငံ​ကို လိမ်လည်​သိမ်းယူ​လိမ့်မည်​။ 22သူ့​ရှေ့​မှာ​ပင် စစ်သည်​အလုံးအရင်း​နှင့်အတူ မဟာမိတ်​မင်း​သည်​လည်း ရေလွှမ်းမိုး​သကဲ့သို့ တိုက်စား​သွား​ခြင်း​ခံရ​၍ ပျက်စီး​သွား​ရ​လိမ့်မည်​။ 23သူ​သည် မဟာမိတ်ဖွဲ့​ပြီးမှ သူ​နှင့်​မဟာမိတ်ဖွဲ့​သော​သူ​ကို လိမ်လည်လှည့်စား​မည်​။ စစ်ချီတိုက်ခိုက်​မည်​။ လူ​နည်းစု​ဖြင့် အားကြီး​လာ​လိမ့်မည်​။ 24ငြိမ်းချမ်း​သော​ကာလ​တွင် သူ​သည် ချမ်းသာကြွယ်ဝ​သော​နိုင်ငံ​ကြီး​ကို ဝင်တိုက်​လိမ့်မည်​။ သူ​၏​ဘိုးဘေး​များ​နှင့် ဘိုးဘေး​တို့​၏​ဘိုးဘေး​များ​ပင် မ​ပြု​သော​အမှု​ကို သူ​ပြု​လိမ့်မည်​။ တိုက်ခိုက်​သိမ်းပိုက်​ထား​သော​ဥစ္စာပစ္စည်း​တို့​ကို ခွဲဝေ​ပေး​လိမ့်မည်​။ ခံတပ်​မြို့​တို့​ကို လုပ်ကြံ​သိမ်းယူ​လိမ့်မည်​။ သို့သော် တစ်ခဏသာ ဖြစ်​လိမ့်မည်​။
25ထို့ပြင် သူ​သည် စစ်အင်အား​အလုံးအရင်း​နှင့်တကွ အားမာန်တင်း​လျက် တောင်​ဘုရင်​ကို တိုက်ခိုက်​လိမ့်မည်​။ တောင်​ဘုရင်​သည် အင်အားကြီး​သော​စစ်တပ်​ကြီး​ကို ပြင်ဆင်​၍​တိုက်ခိုက်​ရန် ကြိုးပမ်း​သော်လည်း ခုခံ​နိုင်​မည်​မ​ဟုတ်​။ အကြောင်းမှာ သူ့​အပေါ် လျှို့ဝှက်​ကြံစည်​ကြ​သောကြောင့် ဖြစ်​၏​။ 26သူ​ကျွေးမွေး​ထား​သော​သူ​များ​ကပင် သူ့​ကို​ဖျက်ဆီး​လိမ့်မည်​။ သူ့​စစ်သည်​တို့​သည်​လည်း ချေမှုန်း​ဖျက်ဆီး​ခြင်း​ခံရ​၍ လူ​အမြောက်အမြား​သေကျေ​ကျဆုံး​ကြ​လိမ့်မည်​။ 27ထို​ဘုရင်​နှစ်ပါးစလုံး​သည် မကောင်းမှု​ကို​ပြု​လို​သော​စိတ်​ရှိ​ကြ​၏​။ သူ​တို့​သည် စားပွဲ​တစ်ခုတည်း​တွင် အတူ​ထိုင်​၍ မုသား​စကား​ပြောဆို​ကြ​လိမ့်မည်​။ သို့သော် အဆုံး​အတွက် သတ်မှတ်​ထား​သော​အချိန်​မ​ရောက်​သေး​သောကြောင့် အောင်မြင်​လိမ့်မည်​မ​ဟုတ်​။ 28မြောက်​ဘုရင်​သည် မိမိ​ပြည်​သို့ ဥစ္စာ​များစွာ​ပိုက်​လျက် ပြန်သွား​လိမ့်မည်​။ သူ​သည် သန့်ရှင်း​သော​ပဋိညာဉ်​ကို ဆန့်ကျင်​လို​သည့်​စိတ်​ရှိ​သည့်​အတိုင်း မိမိ​အလိုကျ​ပြု​ပြီးမှ နေရင်းပြည်​သို့ ပြန်သွား​လိမ့်မည်​။
29အချိန်တန်​လျှင် သူ​သည် တောင်​အရပ်​သို့ တစ်ဖန်​လာ​ဦး​မည်​။ သို့သော် ယခု​တစ်ကြိမ်​လာ​ခြင်း​သည် ယခင်​တစ်ကြိမ်​ကဲ့သို့ ဖြစ်​မည်​မ​ဟုတ်​။ 30ဆိုက်ပရပ်​ကျွန်း​မှ​စစ်သင်္ဘော​တို့​သည် သူ့​ကို​လာတိုက်​ကြ​လိမ့်မည်​။ သူ​သည် ခံပြင်း​လျက်​ပြန်သွား​လိမ့်မည်​။ အမျက်ထွက်​သဖြင့်​သန့်ရှင်း​သော​ပဋိညာဉ်​ကို​ဆန့်ကျင်​ပြီး မိမိ​အလိုကျ​ပြု​လိမ့်မည်​။ သူ​သည် ပြန်သွား​၍ သန့်ရှင်း​သော​ပဋိညာဉ်​ကို​စွန့်ပယ်​သော​သူ​တို့​အား မျက်နှာသာ​ပေး​လိမ့်မည်​။ 31သူ​၏​တပ်သား​တို့​သည် လာ​၍ ခိုလှုံ​ရာ​ဖြစ်​သည့်​သန့်ရှင်းရာဌာန​တော်​ကို ရှုတ်ချ​လိမ့်မည်​။ နေ့စဉ်​ပူဇော်သက္ကာ​ကို ဖယ်ရှား​ပစ်​၍ ဖျက်ဆီး​တတ်​သော​ရွံရှာဖွယ်​ရာ​ကို တည်​ထား​ကြ​လိမ့်မည်​။#ဒံ 9:27၊ 12:11၊ မ 24:15၊ မာ 13:14။ 32သူ​သည် ပဋိညာဉ်​ချိုးဖောက်​သော​သူ​တို့​ကို မြှောက်ပင့်​ပြောဆို​၍ ဖျက်ဆီး​လိမ့်မည်​။ မိမိ​ဘုရားသခင်​ကို​သိကျွမ်း​သော​သူ​တို့​မူကား သူ့​အား ရဲရင့်​စွာ​တန်ပြန်​တိုက်ခိုက်​လိမ့်မည်​။ 33လူမျိုး​တော်​ထဲမှ ပညာသတိ​ရှိ​သော​သူ​တို့​သည် လူ​အများ​ကို သွန်သင်လမ်းပြ​လိမ့်မည်​။ သို့သော် သူ​တို့​သည် ဓားဘေး​၊ မီးဘေး​၊ ဖမ်းခေါ်​သွား​ခြင်း​ဘေး​၊ တိုက်ခိုက်လုယက်​ခြင်း​ဘေး​တို့​ကြောင့် ကာလ​အတန်ကြာ​ပြိုလဲ​ကြ​ရ​လိမ့်မည်​။ 34ထိုသို့​သူ​တို့​ပြိုလဲ​နေစဉ် လူ​နည်းစု​ကသာ သူ​တို့​ကို​ကူညီ​လိမ့်မည်​။ လူ​များစု​မှာ မရိုးဖြောင့်​သော​စိတ်​ဖြင့် သူ​တို့​နှင့်​ပူးပေါင်း​လိမ့်မည်​။ 35သတ်မှတ်​ထား​သော​ကာလ မ​ရောက်​သေး​သည်​ဖြစ်၍ ပညာရှိ​အချို့​တို့​သည် အပြစ်ကင်းစင်​ပြီး သန့်ရှင်း​စင်ကြယ်​ဖို့ နောက်ဆုံး​သော​ကာလ​အထိ လှဲချ​ခြင်း​ခံရ​လိမ့်မည်​။
36ထို​ဘုရင်​သည် မိမိ​အလို​အတိုင်း ပြုမူ​လိမ့်မည်​။ ဘုရား​တကာ​တို့​ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်​မြှောက်စား​လိမ့်မည်​။ ဘုရား​တကာ​တို့​၏​ဘုရား​ကို ရင့်သီးကြမ်းကြုတ်​သော​စကား​တို့​ဖြင့် ဆန့်ကျင်​ပြောဆို​လိမ့်မည်​။#ဒံ 7:25၊ ဗျာ 13:6။ အမျက်​တော်​ကာလ ပြီးဆုံး​သည်​အထိ သူ​သည် အောင်မြင်မှု​ရ​လိမ့်မည်​။ စီရင်​ထား​သော​အရာ​သည် ဧကန်​ဖြစ်လာ​လိမ့်မည်​။ 37သူ​သည် သူ့​ဘိုးဘေး​တို့​၏​ဘုရား​ကို​ဖြစ်စေ​၊ မိန်းမ​တို့​နှစ်သက်​သည့်​ဘုရား​များ​ကို​ဖြစ်စေ မည်သည့်​ဘုရား​ကို​မျှ အလေး​မ​ထား​၊ ဘုရား​တကာ​ထက် ကိုယ့်ကိုယ်ကိုယ်​ချီးမြှောက်​လိမ့်မည်​။ 38ထို​ဘုရား​တို့​အစား ခံတပ်စောင့်​ဘုရား​ကို ချီးမွမ်းထောမနာ​ပြု​လိမ့်မည်​။ သူ့​ဘိုးဘေး​တို့​မ​သိ​သော​ထို​ဘုရား​ကို ရွှေ​ငွေ​၊ အဖိုးတန်​ကျောက်မျက်ရတနာ​များ​နှင့် လက်ဆောင်ပစ္စည်း​တို့​ဖြင့် ချီးမွမ်းထောမနာ​ပြု​လိမ့်မည်​။ 39သူ​သည် တိုင်းတစ်ပါးသား​တို့​ဘုရား​၏​အကူအညီ​ဖြင့် ခံတပ်​မြို့​ကြီး​များ​ကို တိုက်ခိုက်​လိမ့်မည်​။ သူ့​အား အသိအမှတ်​ပြု​သူ​တိုင်း​ကို ချီးမြှောက်​ပြီး လူ​အများ​ကို​အုပ်စိုး​ရ​သော​အခွင့်​ပေး​မည်​။ ဆုလာဘ်​အဖြစ် မြေ​ကို​ခွဲဝေ​ပေး​မည်​။
40နောက်ဆုံး​ကာလ​တွင် တောင်​ဘုရင်​သည် သူ့​ကို တွန်းလှန်​တိုက်ခိုက်​လိမ့်မည်​။ မြောက်​ဘုရင်​သည်​လည်း စစ်ရထား​များ​၊ မြင်းစီးသူရဲ​များ​၊ သင်္ဘော​များ​ဖြင့် မုန်တိုင်း​တိုက်​သကဲ့သို့ ချီလာ​၍ တိုင်းပြည်​များ​ကို ဝင်ရောက်​လွှမ်းမိုး​တိုက်ခိုက်​သွား​လိမ့်မည်​။ 41သူ​သည် သာယာဝပြော​သော​ပြည်​ကို ဝင်တိုက်​သဖြင့် လူ​အများ​လဲကျ​သေဆုံး​ရ​လိမ့်မည်​။ သို့သော် ဧဒုံ​ပြည်သား​၊ မောဘ​ပြည်သား​နှင့် အမ္မုန်​အမျိုးသား​တို့​ထဲမှ အထင်ကရ​ပုဂ္ဂိုလ်​များ​သည် သူ့​လက်​မှ​လွတ်မြောက်​လိမ့်မည်​။ 42သူ​သည် လက်ရုံး​ကို​ဆန့်​၍ တိုင်းနိုင်ငံ​များ​ကို တိုက်ခိုက်​လိမ့်မည်​။ အီဂျစ်​ပြည်​လည်း လွတ်​လိမ့်မည်​မ​ဟုတ်​။ 43အီဂျစ်​ပြည်​၏​ရွှေ​ငွေ​ဘဏ္ဍာတိုက်​နှင့် အဖိုးတန်​ရတနာ​အားလုံး​ကို လက်ဝါးကြီးအုပ်​လိမ့်မည်​။ လစ်ဗျား​ပြည်သား​၊ အီသီယိုးပီးယား​ပြည်သား​တို့​သည်​လည်း သူ့​နောက်​ကို လိုက်​ကြ​လိမ့်မည်​။ 44အရှေ့ဘက်​၊ မြောက်ဘက်​တို့​မှ​လာ​သော​သတင်းစကား​များ​ကြောင့် သူ​သည် အထိတ်တလန့်​ဖြစ်​ရ​လိမ့်မည်​။ ဒေါသတကြီး​ဖြင့်​ချီတက်​သွား​၍ လူ​အများ​ကို သုတ်သင်​ဖျက်ဆီး​ပစ်​လိမ့်မည်​။ 45ပင်လယ်​နှင့် သာယာ​သော​တောင်​ကြား​တွင် သူ့​တဲနန်း​ကို သူ​ဆောက်​လိမ့်မည်​။ ဤသို့ဖြင့် သူ့​ဘဝ​နိဂုံးချုပ်​ချိန်​ရောက်လာ​ကာ သူ့​ကို​ကူညီ​မည့်​သူ တစ်ယောက်​မျှ​ရှိ​မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

ဒံယေလအနာဂတ္တိကျမ်း 11: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ