YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 12

12
1ထို​ကာလ​တွင် သင့်​လူမျိုး​ကို စောင့်ရှောက်​ပေး​သော အထွတ်အမြတ်မင်း​မိက္ခေလ ပေါ်လာ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​ဖြစ်​ပေါ်လာ​ချိန်​မှစ၍ ထို​ကာလ​အထိ တစ်ခါမျှ​မ​ဖြစ်​ဖူး​သော​ဆင်းရဲဒုက္ခ​ကာလ​သည် ရောက်လာ​လိမ့်မည်​။ သို့သော် ထို​နေ့ရက်​တွင် စာစောင်​ထဲ၌ စာရင်းဝင်​သော သင့်​လူမျိုး​အားလုံး လွတ်မြောက်​ခွင့်​ရ​လိမ့်မည်​။ 2ထိုအခါ မြေမှုန့်​ထဲ၌ အိပ်ပျော်​သော​သူ​အမြောက်အမြား​နိုးလာ​၍ အချို့​တို့​သည် ထာဝရ​အသက်ရှင်​ရ​လိမ့်မည်​။ အချို့​တို့​သည် ကဲ့ရဲ့​ခြင်း​၊ ရွံရှာ​ခြင်း ထာဝရ​ခံရ​လိမ့်မည်​။ 3ပညာသတိ​ရှိ​သော​သူ​တို့​သည် မိုးမျက်နှာကြက်​ကဲ့သို့ ထွန်းလင်းတောက်ပ​ကြ​လိမ့်မည်​။ လူ​များစွာ​ကို​ဖြောင့်မတ်​ရာ​သို့​ပို့ဆောင်​ပေး​သော​သူ​တို့​သည် ကြယ်​များ​ကဲ့သို့ အစဉ်​ထွန်းလင်း​တောက်ပ​နေ​လိမ့်မည်​။
4အို ဒံယေလ​၊ သင်​မူကား နောက်ဆုံး​ကာလ​တိုင်အောင် ဤ​စကား​တို့​ကို လျှို့ဝှက်​ထား​လော့​၊ ဤ​စာစောင်​ကို တံဆိပ်ခတ်​ထား​လော့​။ လူ​အများ​တို့​မူကား လှည့်လည်​ရှာဖွေ​၍ အသိပညာ​တိုးပွား​ကြ​လိမ့်မည်​”​ဟု ငါ့​အား ပြောပြ​၏​။
5ငါ​ဒံယေလ​ကြည့်​လိုက်​ရာ အခြား​လူ​နှစ်​ယောက်​သည် မြစ်ကမ်း​တစ်ဖက်​တွင်​တစ်​ယောက်​၊ အခြား​တစ်ဖက်​တွင်​တစ်​ယောက် ရပ်​နေ​သည်​ကို တွေ့​ရ​၏​။ 6တစ်ယောက်​က “​ဤ​အံ့ဖွယ်​အမှု​သည် မည်သည့်​အချိန်​မှ ပြီးဆုံး​မည်နည်း​”​ဟု မြစ်ရေပြင်​အထက်​တွင်​ရှိ​နေ​သော ပိတ်ချောထည်​ဝတ်ဆင်​ထား​သူ​အား မေး​လေ​၏​။ 7ထိုအခါ မြစ်ရေပြင်​အထက်​တွင်​ရှိ​သော ပိတ်ချောထည်​ဝတ်ဆင်​ထား​သူ​က လက်​နှစ်​ဖက်​ကို ကောင်းကင်​သို့​မြှောက်​၍ “​တစ်​ကာလ​၊ နှစ်​ကာလ​၊ ကာလ​တစ်ဝက် ကြာ​လိမ့်မည်​။#ဒံ 7:25၊ ဗျာ 12:14။ သန့်ရှင်းသူ​တို့​၏​အင်အား​ကို တစ်စစီ​ဖြိုခွဲ​ပြီးမှ ဤ​အံ့ဖွယ်​အမှု​အားလုံး​၏​အဆုံး​သည် ရောက်​လိမ့်မည်​”​ဟု ထာဝရ​အသက်ရှင်​တော်မူ​သော​အရှင်​ကို တိုင်တည်​၍ ပြောဆို​သည်​ကို ငါ​ကြား​ရ​၏​။
8ထို​စကား​တို့​ကို​ကြား​ရ​သော်လည်း ငါ​နား​မ​လည်​။ ထို့ကြောင့် ငါ​က “​အကျွန်ုပ်​၏​သခင်​၊ ဤ​အံ့ဖွယ်​အမှု​တို့​၏​အဆုံး​၌ မည်သို့​ဖြစ်​မည်နည်း​”​ဟု သူ့​အား မေးလျှောက်​၏​။ 9ထိုအခါ သူ​က “​ဒံယေလ​၊ သင်​သွား​လော့​။ ဤ​စကား​တို့​ကို နောက်ဆုံး​သော​ကာလ​အထိ လျှို့ဝှက်​ထား​၍ တံဆိပ်ခတ်​ထား​၏​။ 10လူ​အများ​တို့​သည် သန့်ရှင်း​၍ အပြစ်ကင်းစင်​အောင် စစ်ကြော​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​သည် ဆိုးယုတ်​သော​အမှု​တို့​ကို​သာ ပြု​လိမ့်မည်​။ ဆိုးယုတ်​သူ​တစ်ယောက်​မျှ သိနားလည်​မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​တို့​မူကား သိနားလည်​ကြ​လိမ့်မည်​။ 11နေ့စဉ်​ပူဇော်သက္ကာ​ကို​ဖယ်ရှား​၍ ဖျက်ဆီး​တတ်​သော​ရွံရှာဖွယ်​ရာ​ကို​တည်​ထား​ချိန်​မှစ၍ ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ့​ကိုးဆယ် ကြာ​လိမ့်မည်​။#ဒံ 9:27၊ 11:31၊ မ 24:15၊ မာ 13:14။ 12ရက်​ပေါင်း​တစ်ထောင့်​သုံး​ရာ​သုံးဆယ့်​ငါး​ရက်​အထိ စောင့်မျှော်​၍ မီ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ 13သင်​မူကား အဆုံး​တိုင်အောင် ဆက်လျှောက်​လော့​။ သင်​သည် ငြိမ်းချမ်း​စွာ​နေ​ရ​မည်​။ နောက်ဆုံး​သော​နေ့ရက်​ကာလ​၌ သင်​သည် ရပ်​၍ အမွေ​ဝေစု​ကို​ခံယူ​ရ​လိမ့်မည်​”​ဟု ငါ့​အား ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ဒံယေလအနာဂတ္တိကျမ်း 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ