မာကု 9
9
1ထို့နောက် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးတော်နှင့်တကွ ပေါ်ထွန်းလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
အဆင်းသဏ္ဌာန်တော်ပြောင်းလဲခြင်း
2ခြောက်ရက် ကြာသော် ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မြင့်သောတောင်သို့ သီးခြားခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ သူတို့ရှေ့တွင် ယေရှု၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲလေ၏။ 3အဝတ်တော်တို့သည် ကမ္ဘာလောကရှိ မည်သည့်ခဝါသည်မျှ ထိုသို့ ဖြူစေရန် မလျှော်ဖွပ်နိုင်လောက်အောင်ပင် အလွန်ဖြူဖွေးတောက်ပြောင်လာ၏။ 4ထို့နောက် ဧလိယနှင့် မောရှေတို့သည် ပေါ်လာ၍ ယေရှုနှင့် စကားပြောနေကြ၏။
5ထိုအခါ ပေတရုက “ဆရာတော်#9:5 မူရင်းဂရိကျမ်းတွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်း၏။ သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တဲတစ်ဆောင်၊ ဧလိယအတွက် တဲတစ်ဆောင်၊ တဲသုံးဆောင်ကို ဆောက်လုပ်ပါရစေ” ဟု လျှောက်လေ၏။ 6တပည့်တော်တို့သည် အလွန်ကြောက်လန့်ကြသောကြောင့် ပေတရုသည်လည်း မည်သို့လျှောက်ရမည်ကို မသိဘဲ ထိုသို့လျှောက်ဆိုမိခြင်းဖြစ်၏။
7ထိုစဉ် မိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။ 8ရုတ်တရက် တပည့်တော်တို့သည် ဘေးပတ်လည်သို့ ကြည့်သော် သူတို့နှင့်အတူ ယေရှုမှလွဲ၍ မည်သူ့ကိုမျှ မမြင်ကြတော့ပေ။
9တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသား#9:9 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသောဂုဏ်ပုဒ်ဖြစ်သည်။သည် သေခြင်းမှ မထမြောက်မီအထိ ယခု သင်တို့မြင်တွေ့ခဲ့ရသော အရာကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု မှာကြားတော်မူ၏။ 10ထို့ကြောင့် တပည့်တော်တို့သည် ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောကြပေ။ သို့သော် သေခြင်းမှ ထမြောက်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်းဟုသာ အချင်းချင်း ဆွေးနွေးမေးမြန်းကြ၏။
11ထို့နောက် တပည့်တော်တို့က ယေရှုအား “ဧလိယသည် ခရစ်တော်#9:11 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ထက် စော၍ ကြွလာမည်#9:11 မူရင်းဂရိကျမ်းတွင် “ဧလိယသည် အရင်လာရမည်” ဟု ပါရှိသည်။ဟူ၍ ကျမ်းတတ်ဆရာများက အဘယ်ကြောင့်ပြောဆိုကြသနည်း” ဟု မေးလျှောက်ကြ၏။
12ယေရှုက “ဧလိယသည် အရာအားလုံးကို ပြန်လည်တည်ထောင်ရန် စော၍ လာမည်မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ၌ လူသားသည် ဒုက္ခများစွာနှင့် ကဲ့ရဲ့ပစ်ပယ်ခံရမည်ဟု အဘယ်ကြောင့်ရေးထားသနည်း။ 13သင်တို့အား ငါပြောဆိုသည်မှာ ဧလိယသည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် ကျမ်းစာ၌ ဖော်ပြသည့်အတိုင်း သူ့အပေါ် ပြုလိုသမျှပြုကြသည်” ဟု မိန့်တော်မူ၏။
နတ်ဆိုးပူးသော သူငယ်တစ်ဦးကို ကျန်းမာစေတော်မူခြင်း
14ယေရှုနှင့် တပည့်တော်သုံးပါးတို့သည် ကျန်တပည့်တော်များရှိရာသို့ ပြန်လာကြသောအခါ တပည့်တော်တို့ကို ဝန်းရံလျက်ရှိသော လူအုပ်ကြီးကိုလည်းကောင်း၊ တပည့်တော်တို့နှင့် ဆွေးနွေးပြောဆိုနေကြသောကျမ်းတတ်ဆရာတချို့တို့ကိုလည်းကောင်း တွေ့မြင်ကြ၏။ 15လူအပေါင်းတို့သည် ကိုယ်တော်ကို တွေ့မြင်ကြသောအခါ အံ့အားသင့်လျက် ချက်ချင်းပြေး၍ နှုတ်ဆက်ကြ၏။
16ကိုယ်တော်က “မည်သည့်အကြောင်းအရာကို ဆွေးနွေးပြောဆိုနေကြသနည်း” ဟု မေးတော်မူ၏။
17လူထုပရိသတ်ထဲမှ တစ်ဦးက “ဆရာတော်… အကျွန်ုပ်၏သားကို ဆရာတော်ထံ ခေါ်ဆောင်လာပါ၏။ သူသည် ဆွံ့အသောနတ် ပူးဝင်ခြင်းခံနေရ၏။ 18ပူးဝင်သည့်အခါတိုင်း နတ်သည် သူ့အား မြေပေါ်သို့ အရှိန်ဖြင့်လှဲချတတ်ပါ၏။ ပါးစပ်မှ အမြှုပ်များထွက်လျက် အံကိုလည်းကြိတ်၍ တောင့်မာလာတတ်ပါ၏။#9:18 သို့မဟုတ် အားနည်းလာတတ်ပါသည်။ အကျွန်ုပ်သည် ဆရာတော်၏ တပည့်တော်တို့အား ထိုနတ်ဆိုးကို နှင်ထုတ်ပေးပါရန် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ” ဟု လျှောက်လေ၏။
19ယေရှုက တပည့်တော်တို့အား “အို ယုံကြည်ခြင်းမရှိသောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
20ထိုအခါ သူတို့သည် သူငယ်ကို ခေါ်ဆောင်လာကြ၏။ နတ်ဆိုးသည် ယေရှုကို မြင်သည်နှင့်တစ်ပြိုင်နက် သူငယ်ကို ပြင်းထန်စွာ တက်စေသဖြင့် သူသည် မြေပေါ်တွင် လှဲလျက် ပါးစပ်မှလည်းအမြှုပ်များထွက်ကာ လူးလိမ့်နေလေ၏။
21ယေရှုက သူငယ်၏ ဖခင်အား “ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်း” ဟု မေးတော်မူသော် ဖခင်က “ငယ်ရွယ်စဉ်ကတည်းကပင် ဖြစ်ပါ၏။ 22ထိုနတ်သည် သူငယ်ကို သေစေရန် မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ဖြစ်စေ မကြာခဏပစ်ချတတ်ပါ၏။ ဆရာတော်သည် တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကို သနား၍ ကယ်တော်မူပါ” ဟု လျှောက်လေ၏။
23ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
24သူငယ်၏ဖခင်ကလည်း ချက်ချင်းအော်ဟစ်၍ “အကျွန်ုပ်ယုံကြည်ပါ၏။ သံသယမဝင်ရန် ကူညီတော်မူပါ” ဟု လျှောက်လေ၏။
25ယေရှုက လူထုပရိသတ်တို့သည် စုဝေးလျက် ပြေးလာကြသည်ကို မြင်လျှင် “သူငယ်ကို ဆွံ့အနားမကြားစေသောနတ်… သူငယ်ထံမှထွက်လော့။ မည်သည့်အခါမျှ ပြန်မဝင်နှင့်၊ ငါအမိန့်ပေး၏” ဟု နတ်ဆိုးကို ဆုံးမတော်မူ၏။
26ထိုအခါ နတ်ဆိုးသည် ကျယ်လောင်စွာ အော်ဟစ်၍ သူငယ်ကို ပြင်းစွာ တက်စေပြီးလျှင် ထွက်သွား၏။ ထိုအခါ သူငယ်သည် သေသကဲ့သို့ဖြစ်သွား၏။ ထို့ကြောင့် လူတို့က “သူငယ်သေပြီ” ဟု ပြောဆိုကြ၏။ 27သို့ရာတွင် ယေရှုက သူငယ်ကို လက်ဖြင့်ဆွဲထူရာ သူသည် ထလေ၏။
28ထို့နောက် ယေရှုသည် အိမ်ထဲသို့ ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။
29ယေရှုက “ဤနတ်ဆိုးမျိုးသည် ဆုတောင်းခြင်း#9:29 အချို့သော လက်ရေးမူကျမ်းတွင် “ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်း” ဟု ပါရှိသည်။အားဖြင့်သာလျှင် ထွက်တတ်သည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်အကြောင်းကို ထပ်မံ၍ ကြိုတင်ဟောတော်မူခြင်း
30ယေရှုနှင့် တပည့်တော်တို့သည် ထိုအရပ်မှ ထွက်ခွာ၍ ဂါလိလဲပြည်ကို ဖြတ်သွားကြ၏။ ထိုသို့ ဖြတ်ကြွကြောင်း ကိုယ်တော်သည် မည်သူ့ကိုမျှ သိစေလိုတော်မမူ။ 31အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် တပည့်တော်တို့ကို သွန်သင်တော်မူလျက် ရှိသောကြောင့်ဖြစ်၏။ ကိုယ်တော်က “လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်။ သူတို့သည် လူသားကို သတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။ 32တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူသောစကားကို နားမလည်သော်လည်း ထိုအဓိပ္ပာယ်ကို မမေးလျှောက်ဝံ့ကြ။
ကောင်းကင်နိုင်ငံတော်၌ အကြီးမြတ်ဆုံးသူ
33ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ ရောက်၍ အိမ်တွင် ရှိကြသောအခါ ယေရှုက တပည့်တော်တို့အား “သင်တို့သည် လမ်းတွင် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။ 34သို့သော် တပည့်တော်တို့သည် တိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က မိမိတို့အနက် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု လမ်းတွင် ငြင်းခုံဆွေးနွေးနေခဲ့သောကြောင့်ဖြစ်၏။ 35ယေရှုသည် ထိုင်လျက် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ “အကြီးမြတ်ဆုံးဖြစ်လိုသောသူသည် အသေးနုပ်ဆုံးဖြစ်၍ လူအပေါင်းတို့၏ အစေခံဖြစ်ရမည်” ဟု မိန့်တော်မူ၏။
36ထို့နောက် ယေရှုသည် ကလေးငယ်တစ်ဦးကို ခေါ်၍ သူတို့ အလယ်တွင်ထားတော်မူ၏။ ထိုကလေးငယ်ကို လက်တော်ဖြင့်ပွေ့ချီလျက် 37“ငါ့မျက်နှာ#9:37 မူရင်းဂရိကျမ်းတွင် “ငါ့အမည်နာမ” ဟု ဖော်ပြထားသည်။ကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုသာမက ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကိုလည်း လက်ခံ၏” ဟု မိန့်တော်မူ၏။
ယေရှုနာမတော်ကို အမှီပြုခြင်း
38ယောဟန်က “ဆရာတော်… လူတစ်ဦးသည် သခင်၏အမည်နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်ကို အကျွန်ုပ်တို့မြင်တွေ့ခဲ့ပါ၏။ သူသည် အကျွန်ုပ်တို့၏ အဖွဲ့ဝင် မဟုတ်သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုတားမြစ်ကြပါသည်” ဟု လျှောက်လေ၏။
39ယေရှုက “ထိုသူကို မတားကြနှင့်။ ငါ့နာမကို အမှီပြုလျက် အံ့ဖွယ်တန်ခိုးကို ပြပြီးနောက် မကြာမီအတွင်း ငါ့ကို ပုတ်ခတ်ပြောဆိုမည့်သူ တစ်ယောက်မျှမရှိ။ 40ငါတို့ကို မဆန့်ကျင်သောသူသည် ငါတို့ဘက်၌ ရှိ၏။ 41သင်တို့သည် ခရစ်တော်၏တပည့်ဖြစ်သည်ကို ထောက်၍ သင်တို့အား ရေတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏။
42သို့သော် ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်ကို မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။ 43သင်၏ လက်သည် သင့်ကို အပြစ်ကျူးလွန်စေပါက ဖြတ်ပစ်လော့။ လက်အစုံနှင့် ထာဝရငရဲမီးထဲသို့ ချခံရခြင်းထက် လက်တစ်ဖက်နှင့် ထာဝရအသက်ရှင်ခွင့်ရခြင်းသည် ပို၍ကောင်း၏။ 44ငရဲတွင် လောက်ကောင်သည်မသေ။ မီးသည်လည်း မငြိမ်းနိုင်။#9:44 အချို့လက်ရေးမူကျမ်းများတွင် ဤအပိုဒ်ငယ်မပါဝင်ပါ။ 45သင်၏ ခြေသည် သင့်ကို အပြစ်ကျူးလွန်စေပါက ဖြတ်ပစ်လော့။ ခြေအစုံနှင့် ထာဝရငရဲထဲသို့ ချခံရခြင်းထက် ခြေတစ်ဖက်နှင့် ထာဝရအသက်ရှင်ခွင့်ရခြင်းသည် ပို၍ကောင်း၏။ 46ငရဲတွင် လောက်ကောင်သည်မသေ။ မီးသည်လည်း မငြိမ်းနိုင်။#9:46 အချို့လက်ရေးမူကျမ်းများတွင် ဤအပိုဒ်ငယ်မပါဝင်ပါ။ 47သင်၏ မျက်စိသည် သင့်ကို အပြစ်ကျူးလွန်စေပါက ထိုမျက်စိကို ထုတ်ပစ်လော့။ မျက်စိအစုံနှင့် ငရဲထဲသို့ ချခံရခြင်းထက် မျက်စိတစ်ဖက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရခြင်းသည် ပို၍ ကောင်း၏။ 48ငရဲတွင် လောက်ကောင်သည်မသေ။ မီးသည်လည်း မငြိမ်းနိုင်။#9:48 ဟေရှာ ၆၆:၂၄။
49လူအပေါင်းတို့သည် ဆားခတ်၍ မီးဖြင့် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ 50ဆားသည် အရသာကောင်း၏။ သို့သော် အငန်ဓာတ်ပျောက်ဆုံးလျှင် ငန်သောအရသာကို မည်သို့ပြန်ရနိုင်မည်နည်း။ သင်တို့အထဲ၌ ဆားကဲ့သို့သောအရည်အသွေးရှိစေကြလော့။ အချင်းချင်း သင့်မြတ်စွာနေကြလော့” ဟု မိန့်တော်မူ၏။
वर्तमान में चयनित:
မာကု 9: BCB
हाइलाइट
शेयर
कॉपी

Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.