မာကု 9

9
1ထို့နောက် ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ ဘုရားသခင်​၏​နိုင်ငံတော်​သည် တန်ခိုးတော်​နှင့်တကွ ပေါ်ထွန်းလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။
အဆင်းသဏ္ဌာန်တော်​ပြောင်းလဲခြင်း
2ခြောက်ရက် ကြာ​သော် ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မြင့်သော​တောင်​သို့ သီးခြား​ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ သူတို့​ရှေ့တွင် ယေရှု​၏ အဆင်းသဏ္ဌာန်တော်​ပြောင်းလဲလေ၏။ 3အဝတ်တော်တို့​သည် ကမ္ဘာလောက​ရှိ မည်သည့်​ခဝါသည်​မျှ ထိုသို့ ဖြူ​စေရန် မလျှော်ဖွပ်​နိုင်လောက်အောင်​ပင် အလွန်​ဖြူဖွေး​တောက်ပြောင်​လာ၏။ 4ထို့နောက် ဧလိယ​နှင့် မောရှေ​တို့​သည် ပေါ်လာ​၍ ယေရှု​နှင့် စကားပြောနေကြ၏။
5ထိုအခါ ပေတရု​က “ဆရာတော်#9:5 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… ဤ​နေရာ​တွင် အကျွန်ုပ်တို့​ရှိနေသည်​မှာ ကောင်း၏။ သခင့်​အတွက် တဲ​တစ်ဆောင်၊ မောရှေ​အတွက် တဲ​တစ်ဆောင်၊ ဧလိယ​အတွက် တဲ​တစ်ဆောင်၊ တဲ​သုံးဆောင်​ကို ဆောက်လုပ်ပါရစေ” ဟု လျှောက်လေ၏။ 6တပည့်တော်တို့​သည် အလွန်​ကြောက်လန့်ကြ​သောကြောင့် ပေတရု​သည်လည်း မည်သို့​လျှောက်ရမည်​ကို မသိဘဲ ထိုသို့​လျှောက်ဆိုမိခြင်း​ဖြစ်၏။
7ထိုစဉ် မိုးတိမ်​သည် သူတို့​အပေါ်သို့ လွှမ်းမိုး​၍ မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏။ သူ​၏​စကား​ကို နားထောင်ကြလော့” ဟူသော အသံတော်​ထွက်ပေါ်လာ၏။ 8ရုတ်တရက် တပည့်တော်တို့​သည် ဘေးပတ်လည်​သို့ ကြည့်​သော် သူတို့​နှင့်အတူ ယေရှု​မှလွဲ၍ မည်သူ့​ကိုမျှ မမြင်ကြတော့ပေ။
9တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား#9:9 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော​ဂုဏ်ပုဒ်​ဖြစ်သည်။​သည် သေခြင်း​မှ မထမြောက်​မီ​အထိ ယခု သင်တို့​မြင်တွေ့ခဲ့ရသော အရာ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု မှာကြားတော်မူ၏။ 10ထို့ကြောင့် တပည့်တော်တို့​သည် ထို​အကြောင်း​ကို မည်သူ့​ကိုမျှ မပြောကြပေ။ သို့သော် သေခြင်း​မှ ထမြောက်ခြင်း​သည် မည်သည့်​အရာ​ကို ဆိုလိုသနည်း​ဟုသာ အချင်းချင်း ဆွေးနွေး​မေးမြန်းကြ၏။
11ထို့နောက် တပည့်တော်တို့​က ယေရှု​အား “ဧလိယ​သည် ခရစ်တော်#9:11 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ထက် စော​၍ ကြွလာမည်#9:11 မူရင်း​ဂရိကျမ်း​တွင် “ဧလိယ​သည် အရင်​လာ​ရမည်” ဟု ပါရှိသည်။​ဟူ၍ ကျမ်းတတ်ဆရာများ​က အဘယ်ကြောင့်​ပြောဆိုကြသနည်း” ဟု မေးလျှောက်ကြ၏။
12ယေရှု​က “ဧလိယ​သည် အရာအားလုံး​ကို ပြန်လည်​တည်ထောင်​ရန် စော​၍ လာမည်​မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ​၌ လူသား​သည် ဒုက္ခ​များစွာ​နှင့် ကဲ့ရဲ့​ပစ်ပယ်ခံရမည်​ဟု အဘယ်ကြောင့်​ရေးထားသနည်း။ 13သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဧလိယ​သည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့​သည် ကျမ်းစာ​၌ ဖော်ပြသည့်​အတိုင်း သူ့​အပေါ် ပြုလို​သမျှ​ပြုကြသည်” ဟု မိန့်တော်မူ၏။
နတ်ဆိုးပူးသော သူငယ်​တစ်ဦး​ကို ကျန်းမာစေတော်မူခြင်း
14ယေရှု​နှင့် တပည့်တော်​သုံးပါး​တို့​သည် ကျန်​တပည့်တော်များ​ရှိရာသို့ ပြန်လာကြ​သောအခါ တပည့်တော်တို့​ကို ဝန်းရံ​လျက်ရှိသော လူအုပ်ကြီး​ကိုလည်းကောင်း၊ တပည့်တော်တို့​နှင့် ဆွေးနွေး​ပြောဆိုနေကြသော​ကျမ်းတတ်ဆရာ​တချို့​တို့ကို​လည်းကောင်း တွေ့မြင်ကြ၏။ 15လူအပေါင်းတို့​သည် ကိုယ်တော်​ကို တွေ့မြင်ကြ​သောအခါ အံ့အားသင့်​လျက် ချက်ချင်း​ပြေး​၍ နှုတ်ဆက်ကြ၏။
16ကိုယ်တော်​က “မည်သည့်​အကြောင်းအရာ​ကို ဆွေးနွေး​ပြောဆိုနေကြသနည်း” ဟု မေးတော်မူ၏။
17လူထု​ပရိသတ်​ထဲမှ တစ်ဦး​က “ဆရာတော်… အကျွန်ုပ်​၏​သား​ကို ဆရာတော်​ထံ ခေါ်ဆောင်လာပါ၏။ သူ​သည် ဆွံ့အသော​နတ် ပူးဝင်ခြင်း​ခံနေရ၏။ 18ပူးဝင်သည့်​အခါတိုင်း နတ်​သည် သူ့​အား မြေ​ပေါ်သို့ အရှိန်​ဖြင့်​လှဲချတတ်ပါ၏။ ပါးစပ်​မှ အမြှုပ်များ​ထွက်​လျက် အံ​ကိုလည်း​ကြိတ်​၍ တောင့်မာ​လာတတ်ပါ၏။#9:18 သို့မဟုတ် အားနည်း​လာတတ်ပါသည်။ အကျွန်ုပ်​သည် ဆရာတော်​၏ တပည့်တော်တို့​အား ထို​နတ်ဆိုး​ကို နှင်ထုတ်ပေးပါ​ရန် တောင်းပန်​သော်လည်း သူတို့​သည် မတတ်နိုင်ကြပါ” ဟု လျှောက်လေ၏။
19ယေရှု​က တပည့်တော်တို့​အား “အို ယုံကြည်ခြင်း​မရှိသော​အမျိုး… ငါ​သည် သင်တို့​နှင့် မည်မျှ​ကြာကြာ အတူ​နေရမည်နည်း။ ငါ​သည် သင်တို့​ကို မည်မျှ​ကြာကြာ သည်းခံရမည်နည်း။ သူငယ်​ကို ငါ့​ထံသို့​ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
20ထိုအခါ သူတို့​သည် သူငယ်​ကို ခေါ်ဆောင်လာကြ၏။ နတ်ဆိုး​သည် ယေရှု​ကို မြင်သည်​နှင့်​တစ်ပြိုင်နက် သူငယ်​ကို ပြင်းထန်​စွာ တက်စေ​သဖြင့် သူသည် မြေပေါ်​တွင် လှဲ​လျက် ပါးစပ်​မှလည်း​အမြှုပ်များ​ထွက်​ကာ လူးလိမ့်နေလေ၏။
21ယေရှု​က သူငယ်​၏ ဖခင်​အား “ဤသို့​ဖြစ်သည်​မှာ မည်မျှ​ကြာပြီနည်း” ဟု မေးတော်မူ​သော် ဖခင်​က “ငယ်ရွယ်​စဉ်​ကတည်းကပင် ဖြစ်ပါ၏။ 22ထို​နတ်​သည် သူငယ်​ကို သေ​စေရန် မီး​ထဲသို့​ဖြစ်စေ၊ ရေ​ထဲသို့​ဖြစ်စေ မကြာခဏ​ပစ်ချတတ်ပါ၏။ ဆရာတော်​သည် တစ်စုံတစ်ခု​တတ်နိုင်​လျှင် အကျွန်ုပ်တို့​ကို သနား​၍ ကယ်တော်မူပါ” ဟု လျှောက်လေ၏။
23ယေရှု​က “ ‘ငါ​တတ်နိုင်​လျှင်’ ဟု အဘယ်ကြောင့်​ဆိုသနည်း။ ယုံကြည်သောသူ​ဖြစ်​လျှင် အရာခပ်သိမ်း​သည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
24သူငယ်​၏​ဖခင်​ကလည်း ချက်ချင်း​အော်ဟစ်​၍ “အကျွန်ုပ်​ယုံကြည်ပါ၏။ သံသယ​မဝင်​ရန် ကူညီတော်မူပါ” ဟု လျှောက်လေ၏။
25ယေရှု​က လူထု​ပရိသတ်တို့​သည် စုဝေး​လျက် ပြေးလာကြသည်​ကို မြင်​လျှင် “သူငယ်​ကို ဆွံ့အ​နားမကြားစေသော​နတ်… သူငယ်​ထံမှ​ထွက်လော့။ မည်သည့်အခါမျှ ပြန်​မဝင်နှင့်၊ ငါ​အမိန့်ပေး၏” ဟု နတ်ဆိုး​ကို ဆုံးမတော်မူ၏။
26ထိုအခါ နတ်ဆိုး​သည် ကျယ်လောင်​စွာ အော်ဟစ်​၍ သူငယ်​ကို ပြင်း​စွာ တက်စေ​ပြီးလျှင် ထွက်သွား၏။ ထိုအခါ သူငယ်​သည် သေ​သကဲ့သို့​ဖြစ်သွား၏။ ထို့ကြောင့် လူတို့​က “သူငယ်​သေပြီ” ဟု ပြောဆိုကြ၏။ 27သို့ရာတွင် ယေရှု​က သူငယ်​ကို လက်​ဖြင့်​ဆွဲထူ​ရာ သူ​သည် ထလေ၏။
28ထို့နောက် ယေရှု​သည် အိမ်​ထဲသို့ ဝင်တော်မူ​လျှင် တပည့်တော်တို့​က “အကျွန်ုပ်တို့​သည် နတ်ဆိုး​ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။
29ယေရှု​က “ဤ​နတ်ဆိုးမျိုး​သည် ဆုတောင်းခြင်း#9:29 အချို့သော လက်ရေးမူကျမ်း​တွင် “ဆုတောင်းခြင်း​နှင့်​အစာရှောင်ခြင်း” ဟု ပါရှိသည်။​အားဖြင့်​သာလျှင် ထွက်တတ်သည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်​အကြောင်း​ကို ထပ်မံ၍ ကြိုတင်​ဟောတော်မူခြင်း
30ယေရှု​နှင့် တပည့်တော်တို့​သည် ထို​အရပ်​မှ ထွက်ခွာ​၍ ဂါလိလဲပြည်​ကို ဖြတ်သွားကြ၏။ ထိုသို့ ဖြတ်ကြွကြောင်း ကိုယ်တော်​သည် မည်သူ့​ကိုမျှ သိစေလိုတော်မမူ။ 31အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် တပည့်တော်တို့​ကို သွန်သင်တော်မူ​လျက် ရှိသောကြောင့်​ဖြစ်၏။ ကိုယ်တော်​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။ သူတို့​သည် လူသား​ကို သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။ 32တပည့်တော်တို့​သည် ကိုယ်တော်​မိန့်တော်မူသော​စကား​ကို နားမလည်​သော်လည်း ထို​အဓိပ္ပာယ်​ကို မမေးလျှောက်ဝံ့ကြ။
ကောင်းကင်​နိုင်ငံတော်​၌ အကြီးမြတ်ဆုံးသူ
33ထို့နောက် သူတို့​သည် ကပေရနောင်မြို့​သို့ ရောက်​၍ အိမ်တွင် ရှိကြ​သောအခါ ယေရှု​က တပည့်တော်တို့​အား “သင်တို့​သည် လမ်း​တွင် မည်သည့်​အကြောင်းအရာ​ကို ဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။ 34သို့သော် တပည့်တော်တို့​သည် တိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့​က မိမိတို့​အနက် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်သနည်း​ဟု လမ်း​တွင် ငြင်းခုံ​ဆွေးနွေးနေခဲ့​သောကြောင့်​ဖြစ်၏။ 35ယေရှု​သည် ထိုင်​လျက် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်တော်မူ​၍ “အကြီးမြတ်ဆုံး​ဖြစ်လိုသောသူ​သည် အသေးနုပ်ဆုံး​ဖြစ်​၍ လူအပေါင်းတို့​၏ အစေခံ​ဖြစ်ရမည်” ဟု မိန့်တော်မူ၏။
36ထို့နောက် ယေရှု​သည် ကလေးငယ်​တစ်ဦး​ကို ခေါ်​၍ သူတို့ အလယ်​တွင်​ထားတော်မူ၏။ ထို​ကလေးငယ်​ကို လက်တော်​ဖြင့်​ပွေ့ချီ​လျက် 37“ငါ့​မျက်နှာ#9:37 မူရင်းဂရိကျမ်း​တွင် “ငါ့​အမည်​နာမ” ဟု ဖော်ပြထားသည်။​ကို​ထောက်​၍ ဤကဲ့သို့သော​ကလေးငယ်​ကို လက်ခံသော​သူ​သည် ငါ့​ကို​လက်ခံ၏။ ငါ့​ကို လက်ခံသော​သူ​သည် ငါ့​ကို​သာမက ငါ့​ကို စေလွှတ်တော်မူသော ခမည်းတော်​ကိုလည်း လက်ခံ၏” ဟု မိန့်တော်မူ၏။
ယေရှု​နာမတော်​ကို အမှီပြုခြင်း
38ယောဟန်​က “ဆရာတော်… လူ​တစ်ဦး​သည် သခင်​၏​အမည်​နာမ​ကို အမှီပြု​၍ နတ်ဆိုးတို့​ကို နှင်ထုတ်နေသည်​ကို အကျွန်ုပ်တို့​မြင်တွေ့ခဲ့ပါ၏။ သူ​သည် အကျွန်ုပ်တို့​၏ အဖွဲ့ဝင် မဟုတ်​သောကြောင့် အကျွန်ုပ်တို့​သည် သူ့​ကို​တားမြစ်ကြပါသည်” ဟု လျှောက်လေ၏။
39ယေရှု​က “ထို​သူ​ကို မတားကြနှင့်။ ငါ့​နာမ​ကို အမှီပြု​လျက် အံ့ဖွယ်တန်ခိုး​ကို ပြ​ပြီးနောက် မကြာမီ​အတွင်း ငါ့​ကို ပုတ်ခတ်​ပြောဆိုမည့်သူ တစ်ယောက်​မျှ​မရှိ။ 40ငါတို့​ကို မဆန့်ကျင်သော​သူ​သည် ငါတို့​ဘက်​၌ ရှိ၏။ 41သင်တို့​သည် ခရစ်တော်​၏​တပည့်​ဖြစ်သည်​ကို ထောက်​၍ သင်တို့​အား ရေ​တစ်ခွက်​ကို တိုက်သော​သူ​သည် အကျိုးကျေးဇူး​ကို မခံစားဘဲ​မနေရ​ဟု ငါ​အမှန်​ဆို၏။
42သို့သော် ငါ့​ကို​ယုံကြည်သော ကလေးငယ်​တစ်စုံတစ်ယောက်​ကို မှားယွင်းစေသောသူ​သည် ကြီးသော​ကြိတ်ဆုံကျောက်​ကို လည်​၌ ဆွဲ​လျက် နက်သော​ပင်လယ်​ထဲသို့ ပစ်ချခံရ​လျှင် ပို၍​ကောင်း၏။ 43သင်​၏ လက်​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်ပစ်လော့။ လက်​အစုံ​နှင့် ထာဝရ​ငရဲမီး​ထဲသို့ ချခံရခြင်း​ထက် လက်တစ်ဖက်​နှင့် ထာဝရ​အသက်ရှင်ခွင့်​ရခြင်း​သည် ပို၍​ကောင်း၏။ 44ငရဲ​တွင် လောက်ကောင်​သည်​မသေ။ မီး​သည်လည်း မငြိမ်းနိုင်။#9:44 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်ငယ်​မပါဝင်ပါ။ 45သင်​၏ ခြေ​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်ပစ်လော့။ ခြေ​အစုံ​နှင့် ထာဝရ​ငရဲ​ထဲသို့ ချခံရခြင်း​ထက် ခြေတစ်ဖက်​နှင့် ထာဝရ​အသက်ရှင်ခွင့်​ရခြင်း​သည် ပို၍​ကောင်း၏။ 46ငရဲ​တွင် လောက်ကောင်​သည်​မသေ။ မီး​သည်လည်း မငြိမ်းနိုင်။#9:46 အချို့​လက်ရေးမူကျမ်းများ​တွင် ဤ​အပိုဒ်ငယ်​မပါဝင်ပါ။ 47သင်​၏ မျက်စိ​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ထို​မျက်စိ​ကို ထုတ်ပစ်လော့။ မျက်စိ​အစုံ​နှင့် ငရဲ​ထဲသို့ ချခံရခြင်း​ထက် မျက်စိ​တစ်ဖက်​နှင့် ဘုရားသခင်​၏ နိုင်ငံတော်​သို့ ဝင်ရခြင်း​သည် ပို၍ ကောင်း၏။ 48ငရဲ​တွင် လောက်ကောင်​သည်​မသေ။ မီး​သည်လည်း မငြိမ်းနိုင်။#9:48 ဟေရှာ ၆၆:၂၄။
49လူအပေါင်း​တို့​သည် ဆားခတ်​၍ မီး​ဖြင့် စစ်ဆေးခြင်း​ကို ခံရ​လိမ့်မည်။ 50ဆား​သည် အရသာ​ကောင်း၏။ သို့သော် အငန်ဓာတ်​ပျောက်ဆုံး​လျှင် ငန်သော​အရသာ​ကို မည်သို့​ပြန်ရနိုင်မည်နည်း။ သင်တို့​အထဲ​၌ ဆား​ကဲ့သို့သော​အရည်အသွေး​ရှိစေကြလော့။ အချင်းချင်း သင့်မြတ်​စွာ​နေကြလော့” ဟု မိန့်တော်မူ၏။

वर्तमान में चयनित:

မာကု 9: BCB

हाइलाइट

शेयर

कॉपी

None

Want to have your highlights saved across all your devices? Sign up or sign in