မာကု 8

8
လူ​လေးထောင်​ကို ကျွေးမွေးတော်မူခြင်း
1ထို​အချိန်​တွင် လူအုပ်ကြီး​သည် ထပ်မံ​စုဝေးကြ​ရာ စားစရာ​မရှိကြ​သဖြင့် ယေရှု​သည် တပည့်တော်တို့​ကို ခေါ်​၍ 2“ဤ​လူတို့​ကို ငါ​သနား၏။ သူတို့​သည် သုံးရက်​တိုင်တိုင် ငါ​နှင့်အတူ ရှိကြပြီ။ သူတို့​ထံ၌ မည်သည့်​စားစရာ​မျှ မရှိ။ 3တချို့​မှာ ရပ်ဝေး​က လာကြ၏။ သူတို့​ကို စားစရာ​မကျွေးဘဲ အိမ်​ပြန်လွှတ်​ပါက လမ်း​တွင် အားပြတ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။
4တပည့်တော်တို့​က “ဤ​သူတို့​ကို ဝလင်​စွာ​ကျွေးမွေး​ရန် စားစရာ​ကို ဤ​တောကန္တာရ​တွင် မည်သို့​ရနိုင်မည်နည်း” ဟု လျှောက်ကြ၏။
5ယေရှု​က “သင်တို့​တွင် မုန့်​မည်မျှ​ရှိသနည်း” ဟု မေးတော်မူ​သော် “မုန့်​ခုနစ်လုံး​ရှိပါသည်” ဟု လျှောက်ကြ၏။
6ထိုအခါ ယေရှု​သည် လူထု​ပရိသတ်တို့​ကို မြေ​ပေါ်တွင် ထိုင်​ရန် ညွှန်ကြားတော်မူ၏။ ထို့နောက် မုန့်​ခုနစ်လုံး​ကို ယူ​လျက် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ချီးမွမ်း​ပြီးလျှင် ချိုးဖဲ့​၍ တပည့်တော်တို့​အား ပေးတော်မူ၏။ တပည့်တော်တို့​သည်လည်း လူထု​ပရိသတ်တို့​အား ပေးဝေကြ၏။ 7ငါးကလေး​အနည်းငယ်​လည်း ရှိ​သဖြင့် ကျေးဇူးတော်​ကို ချီးမွမ်း​ပြီးလျှင် တပည့်တော်တို့​အား ပေးဝေစေ၏။
8ထို​သူတို့​သည် ဝလင်​စွာ စားကြ​ပြီးနောက် ကြွင်းကျန်သည့် အကျိုးအပဲ့များ​ကို တောင်း​ထဲသို့ ကောက်သိမ်း​ရာ ခုနစ်တောင်း​အပြည့်​ရကြ၏။ 9ထို​နေရာ​၌ လူ​လေးထောင်​ခန့်​ရှိ၏။ စားကြ​ပြီးနောက် ယေရှု​သည် လူထု​ကို အိမ်​သို့ ပြန်စေတော်မူ၏။ 10ထို့နောက် တပည့်တော်တို့​နှင့်အတူ လှေ​ပေါ်သို့ ချက်ချင်း​တက်​၍ ဒါလမနုသ​ဒေသ​သို့ ကြွတော်မူ၏။
ဖာရိရှဲများ​က အံ့ဖွယ်​နိမိတ်​လက္ခဏာ တောင်းဆိုကြခြင်း
11ကိုယ်တော်​ရောက်တော်မူကြောင်း​ကို ဖာရိရှဲတို့​သည် ကြား​သောအခါ လာ​၍ ကိုယ်တော်​နှင့် ငြင်းခုံဆွေးနွေးကြ၏။ သူတို့​သည် ကိုယ်တော်​ကို စမ်းသပ်လို​သဖြင့် ကောင်းကင်​မှ နိမိတ်​လက္ခဏာ​ကို​ပြ​ရန် တောင်းဆိုကြ၏။ 12ထိုအခါ ကိုယ်တော်​သည် စိတ်တော်​မချမ်းမသာ​ဖြစ်​လျက် သက်ပြင်းချတော်မူ​ပြီးလျှင် “ဤ​မျိုးဆက်​သည် အဘယ်ကြောင့် နိမိတ်​လက္ခဏာ​ကို တောင်းကြသနည်း။ သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​သူတို့​အား မည်သည့်​နိမိတ်​လက္ခဏာ​ကိုမျှ ပြမည်​မဟုတ်” ဟု မိန့်တော်မူ၏။ 13ထို့နောက် ယေရှု​သည် သူတို့​ထံမှ ထွက်ခွာ​၍ လှေ​ပေါ်သို့ တစ်ဖန် တက်​ပြီးလျှင် တစ်ဖက်ကမ်း​သို့ ကူးတော်မူ၏။
ဖာရိရှဲများ​နှင့် ဟေရုဒ်မင်း​၏ တဆေး
14ထို​အချိန်​တွင် တပည့်တော်တို့​သည် စားစရာ​ယူလာ​ရန် မေ့လျော့ကြ၏။ လှေ​ပေါ်၌ မုန့်​တစ်လုံး​သာ ပါ၏။ 15ကိုယ်တော်​က “ဖာရိရှဲတို့​၏ တဆေး​နှင့် ဟေရုဒ်မင်း​၏ တဆေး​ကို​သတိထားကြလော့” ဟု သတိပေးတော်မူ၏။
16တပည့်တော်တို့​က “ငါတို့​၌ စားစရာ​မပါ​သောကြောင့် ဤသို့​မိန့်တော်မူခြင်း​ဖြစ်သည်” ဟု အချင်းချင်း​ပြောဆိုကြ၏။ 17ထိုသို့​ပြောဆိုနေကြသည်​ကို ယေရှု​သိတော်မူ​သဖြင့် “သင်တို့​သည် စားစရာ​မပါသည့်​အကြောင်း​ကို အဘယ်ကြောင့်​ပြောဆိုနေကြသနည်း။ ယခု​တိုင်အောင် မသိ​နားမလည်နိုင်ကြ​သေးသလော။ သင်တို့​သည် မခံယူ​နိုင်အောင် အလွန်​ခေါင်းမာကြသလော။ 18သင်တို့​သည် မျက်စိ​ရှိလျက်​နှင့် မမြင်ကြသလော။ နား​ရှိလျက်​နှင့် မကြားကြသလော။#8:18 ယေ ၅:၂၁။ ဖြစ်ပျက်​သမျှ​ကို သတိမရကြသလော။ 19မုန့်​ငါးလုံး​ကို ဖဲ့​၍ လူ​ငါးထောင်​ကို ငါ​ကျွေးမွေးခဲ့​စဉ် အကျိုးအပဲ့​ဘယ်နှတောင်း​ကောက်သိမ်းခဲ့ရသနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့​က “ဆယ့်နှစ်တောင်း ကောက်သိမ်းခဲ့ရပါသည်” ဟု လျှောက်ကြ၏။ 20နောက်တစ်ဖန် “မုန့်​ခုနစ်လုံး​ကို ဖဲ့​၍ လူ​လေးထောင်​ကို ကျွေးမွေး​စဉ်​၌လည်း အကျိုးအပဲ့​တောင်း​အပြည့် ဘယ်နှတောင်း​ကောက်သိမ်းခဲ့ရသနည်း” ဟု မေးတော်မူ​လျှင် “ခုနစ်တောင်း​ကောက်သိမ်းခဲ့ရပါသည်” ဟု လျှောက်ကြ၏။
21ထိုအခါ ကိုယ်တော်​က “ထိုသို့​ဖြစ်သည့်​တိုင် နားမလည်ကြ​သေးသလော” ဟု မိန့်တော်မူ၏။
မျက်မမြင်​တစ်ဦး​ကို မျက်စိ​မြင်စေတော်မူခြင်း
22ယေရှု​နှင့် တပည့်တော်တို့​သည် ဗက်ဇဲဒမြို့​သို့ ရောက်ကြ၏။ ထိုအခါ လူ​တချို့​သည် မျက်မမြင်​တစ်ဦး​ကို ယေရှု​ထံတော်သို့ ခေါ်ဆောင်ခဲ့​ပြီးလျှင် လက်တော်​နှင့် တို့ထိ​၍ မျက်စိ​ပြန်မြင်​စေရန် တောင်းပန်ကြ၏။ 23ယေရှု​သည် ထို​မျက်မမြင်​ကို လက်ဆွဲ​၍ မြို့ပြင်​သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူ​၏ မျက်စိ​ကို တံတွေး​နှင့်​ထွေး​၍ သူ့​အပေါ် လက်တော်​တင်​လျက် “တစ်စုံတစ်ရာ​ကို မြင်သလော” ဟု မေးတော်မူ၏။
24သူ​သည် မော့ကြည့်​၍ “လူများ​ကို မြင်ပါ၏။ သို့သော် ရှင်းလင်း​စွာ မမြင်ရပါ။ သူတို့​သည် သစ်ပင်များ လမ်းလျှောက်နေ​သကဲ့သို့ ဖြစ်နေပါသည်” ဟု လျှောက်၏။
25တစ်ဖန် ယေရှု​သည် ထို​သူ​၏ မျက်စိ​ပေါ်သို့ လက်တော်​ကို တင်တော်မူ၏။ ထိုအခါ သူ​သည် အကောင်း​ပကတိအတိုင်း​ပြန်ဖြစ်​၍ အရာ​အားလုံး​ကို ရှင်းလင်း​စွာ မြင်လေ၏။ 26ထို့နောက် ကိုယ်တော်​သည် ထို​သူ​အား “ရွာ​ထဲသို့ မဝင်နှင့်” ဟု မှာကြား​၍ အိမ်​သို့ ပြန်စေတော်မူ၏။
ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း ပေတရု​ဝန်ခံခြင်း
27ယေရှု​သည် တပည့်တော်တို့​နှင့်အတူ ဆီဇာရီးယား​ဖိလိပ္ပုနယ်​၌ ရှိသော ကျေးရွာများ​သို့ ကြွတော်မူ၏။ လမ်း​တွင် တပည့်တော်တို့​အား “လူတို့​သည် ငါ့​ကို မည်သူ​ဖြစ်သည်​ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ၏။
28တပည့်တော်တို့​က “တချို့​က ကိုယ်တော်​သည် နှစ်ခြင်းဆရာ​ယောဟန်၊ တချို့​က ဧလိယ၊ တချို့​က အခြား​ပရောဖက်​တစ်ပါးပါး ဖြစ်သည်​ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
29ထိုအခါ ယေရှု​က “သင်တို့​ကမူ ငါ့​ကို မည်သူ​ဖြစ်သည်​ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူ​လျှင် ပေတရု​က “ကိုယ်တော်​သည် ခရစ်တော်#8:29 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဖြစ်၏” ဟု လျှောက်လေ၏။
30ထိုအခါ ယေရှု​က မိမိ​အကြောင်း​ကို မည်သူ့​ကို​မျှ မပြော​ရန် တပည့်တော်တို့​အား သတိပေးတော်မူ၏။
မိမိ​အသေခံတော်မူမည့်​အကြောင်း​ကို ကြိုတင်​ဟောတော်မူခြင်း
31ထို့နောက် ယေရှု​က လူသား#8:31 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏ ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူ​လိမ့်မည်​ဟူသော အကြောင်းအရာများ​ကို သွန်သင်တော်မူ၏။ 32ထိုသို့ ပွင့်လင်း​စွာ ဖော်ပြတော်မူ​သောအခါ ပေတရု​သည် ကိုယ်တော်​အား သီးခြား​ခေါ်​၍ အပြစ်တင်သော​စကား​ကို လျှောက်လေ၏။
33ယေရှု​က တပည့်တော်တို့​ကို လှည့်​၍ ကြည့်တော်မူ​လျက် ပေတရု​အား “အို စာတန်… ငါ့​အနား​မှ ထွက်သွားလော့။ သင်​သည် ဘုရားသခင်​၏​ရှုထောင့်​မှ မတွေးဘဲ လူ့​ရှုထောင့်​ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
34ထို့နောက် ယေရှု​က တပည့်တော်တို့​နှင့်တကွ လူထုပရိသတ်​အား ခေါ်တော်မူ​ပြီးလျှင် “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။ 35မိမိ​အသက်​ကို ကယ်တင်လိုသော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ငါ့​အတွက်ကြောင့်​နှင့် သတင်းကောင်း​အတွက်ကြောင့် အသက်​ဆုံးရှုံးသော​သူ​သည် အသက်​ကို ရ​လိမ့်မည်။
36လူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ပိုင်ဆိုင်ရ​သော်လည်း မိမိ​အသက်​ကို ဆုံးရှုံး​လျှင် မည်သည့်​အကျိုး ရှိမည်နည်း။ 37မိမိ​အသက်ဝိညာဉ်​ကို မည်သည့်​အရာ​နှင့် လဲလှယ်​နိုင်မည်နည်း။ 38ဘုရားသခင်​ကို မယုံကြည်​၍ အပြစ်​ကျူးလွန်သော ဤ​ခေတ်ကာလ​တွင် တစ်စုံတစ်ဦး​သည် ငါ​နှင့် ငါ့​စကား​အတွက် ရှက်​လျှင် လူသား​သည် သန့်ရှင်းသော​ကောင်းကင်တမန်များ​ခြံရံ​လျက် ခမည်းတော်​၏​ဘုန်းအသရေ​ကို​ဆောင်​ကာ ကြွလာ​သောအခါ ထို​သူ​အတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။

वर्तमान में चयनित:

မာကု 8: BCB

हाइलाइट

शेयर

कॉपी

None

Want to have your highlights saved across all your devices? Sign up or sign in