ဆာလံကျမ်း 77
77
ဆင်းရဲဒုက္ခရောက်ချိန် အားထားရာ
ဂီတမှူးအတွက်၊ ယေဒုသုန်အတွက်၊ အာသပ်၏ဆာလံ
1ငါသည် ဘုရားသခင်ထံသို့ အသံကိုလွှင့်၍ အော်ဟစ်တောင်းလျှောက်၏။
ဘုရားသခင်ထံသို့ အသံကိုလွှင့်သောအခါ ကိုယ်တော်သည် ငါ့ကို စူးစိုက်နားထောင်တော်မူ၏။
2ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ဘုရားရှင်ကိုငါရှာ၏။
ညအချိန်၌ ငါ၏လက်တို့ကို လက်ပန်းမကျစေဘဲ ဆန့်တန်း၏။
ငါ၏စိတ်ဝိညာဉ်သည် နှစ်သိမ့်ပေးခြင်းကို ငြင်းပယ်၏။
3ငါသည် ဘုရားသခင်ကိုအောက်မေ့၍ မငြိမ်မသက်ဖြစ်၏။
ငါတွေးတောဆင်ခြင်သောအခါ ငါ၏စိတ်ဝိညာဉ်သည် ညှိုးငယ်၏။(စေလာ#77:3 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
4ကိုယ်တော်သည် အကျွန်ုပ်၏မျက်ခွံကို မပိတ်နိုင်အောင်ကိုင်ထားတော်မူ၏။
အကျွန်ုပ်သည် မငြိမ်မသက်ဖြစ်၍ စကားပင်မပြောနိုင်ပါ။
5ငါသည် လွန်ခဲ့သောနေ့ရက်များနှင့်
ရှေးယခင်နှစ်များအကြောင်းကို စဉ်းစား၏။
6ညအခါ၌ ငါ၏တေးသီချင်းကိုသတိရလျက် ငါ့စိတ်နှလုံးထဲ၌ တွေးတောဆင်ခြင်၏။
ငါ၏ဝိညာဉ်သည်လည်း စူးစမ်းသုံးသပ်လျက်နေ၏။
7ဘုရားရှင်သည် အစဉ်အမြဲငြင်းပယ်တော်မူမည်လော။
ကိုယ်တော်သည် နောက်တစ်ဖန်ထပ်၍ ကျေးဇူးမပြုဘဲ နေတော်မူမည်လော။
8ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ထာဝရကုန်ခန်းသွားပြီလော။
ကိုယ်တော်၏ကတိတော်များသည် မျိုးဆက်အစဉ်အဆက် ပျက်ပြားသွားပြီလော။
9ဘုရားသခင်သည် သနားကြင်နာရန် မေ့လျော့တော်မူပြီလော။
သို့မဟုတ် အမျက်တော်ထွက်၍
မိမိ၏သနားစုံမက်ခြင်းကို ချုပ်တည်းတော်မူပြီလော။(စေလာ#77:9 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
10ထိုအခါ “အမြင့်ဆုံးသောအရှင်၏လက်ယာလက်တော်သည် ပြောင်းလဲသွားသဖြင့်
ငါအားနည်းရချေပြီ”ဟု ငါဆို၏။
11အကျွန်ုပ်သည် ထာဝရဘုရား၏ လုပ်ဆောင်တော်မူချက်တို့ကို အောက်မေ့ပါမည်။
ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်သောအမှုတို့ကို အမှန်ပင် အောက်မေ့ပါမည်။
12ကိုယ်တော်၏လုပ်ဆောင်တော်မူချက် ရှိသမျှတို့ကိုလည်း အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။
ကိုယ်တော်ပြုတော်မူသောအမှုတို့ကိုလည်း တွေးတောဆင်ခြင်ပါမည်။
13အို ဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းပါ၏။
မည်သည့်ဘုရားသည် ဘုရားသခင်ကဲ့သို့ ကြီးမြတ်သနည်း။
14ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသောဘုရားဖြစ်တော်မူ၏။
ကိုယ်တော်၏အစွမ်းသတ္တိကို လူမျိုးတကာတို့အား သိမြင်စေတော်မူပြီ။
15ကိုယ်တော်သည် မိမိ၏လူမျိုးတော်တည်းဟူသော ယာကုပ်နှင့်ယောသပ်၏အမျိုးအနွယ်တို့ကို
လက်ရုံးတော်ဖြင့်ရွေးနုတ်တော်မူပြီ။(စေလာ#77:15 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
16အို ဘုရားသခင်၊ ရေတို့သည် ကိုယ်တော်ကိုမြင်ကြပါ၏။
ရေတို့သည် ကိုယ်တော်ကိုမြင်၍ တုန်လှုပ်ကြပါ၏။
နက်ရှိုင်းသောရေထုများသည်လည်း လှုပ်ခတ်ကြပါ၏။
17တိမ်တိုက်တို့သည် ရေများကိုသွန်းချ၍ မိုးကောင်းကင်တို့သည် ထစ်ချုန်းသံကိုပေးကြပါ၏။
ကိုယ်တော်၏မြားတို့သည်လည်း အရပ်ရပ်သို့ရောက်ကြပါ၏။
18ကိုယ်တော်၏ထစ်ချုန်းသံသည် လေပွေ၌ပါ၍ လျှပ်စီးတို့သည် ကမ္ဘာလောကကိုလင်းလက်စေပါ၏။
ကမ္ဘာမြေကြီးသည် တုန်ခါလှုပ်ရမ်းပါ၏။
19ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍
ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။
သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
20ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့်
မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
Currently Selected:
ဆာလံကျမ်း 77: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative