YouVersion Logo
Search Icon

ဆာလံကျမ်း 78

78
အစ္စရေးလူမျိုးတို့၏အတိတ်ဖြစ်ရပ်မှ သင်ခန်းစာယူစရာများ
အာသပ်​၏​အလိမ္မာ​သီချင်း
1အို ငါ​၏​လူမျိုး​တော်​၊ ငါ​၏​တရား​ကို စူးစိုက်​နားထောင်​လော့​။
ငါ​၏​နှုတ်ထွက်​စကား​တို့​ကို နားစွင့်​ကြ​လော့​။
2ငါ​သည် ပုံဥပမာ​များ​ဆောင်​လျက် ငါ့​နှုတ်​ကို​ဖွင့်​၍
ရှေးကာလ​မှ ပဟေဠိ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်​။#မ 13:35။
3ထို​အရာ​တို့​သည် ငါ​တို့​ကြား​၍ သိ​ထား​သော​အရာ​များ​၊
ငါ​တို့​၏​ဘိုးဘေး​များ​က ငါ​တို့​ကို​ပြောပြ​သော​အရာ​များ​ဖြစ်​ကြ​၏​။
4ထို​အရာ​တို့​ကို သူ​တို့​၏​သားသမီး​များ​မ​သိ​အောင် ငါ​တို့​ထိမ်ဝှက်​ထား​မည်​မ​ဟုတ်​။
ငါ​တို့​သည် ထာဝရဘုရား​၏​ဂုဏ်ကျေးဇူး​တော်​များ​နှင့်​တန်ခိုး​တော်​ကို​လည်းကောင်း​၊
ကိုယ်တော်​ပြု​သော အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း
လာမည့်​မျိုးဆက်​အား ပြောကြား​မည်​။
5အကြောင်းမူကား ကိုယ်တော်​သည် သက်သေခံချက်​ကို ယာကုပ်​၌​တည်​စေ​၍
တရားတော်​ကို အစ္စရေး​၌​ထား​တော်မူ​၏​။
၎င်း​တို့​ကို သားသမီး​များ​အား​သင်ကြား​ပေး​ရန် ငါ​တို့​၏​ဘိုးဘေး​တို့​ကို မိန့်မှာ​တော်မူ​၏​။
6ဤသည်ကား လာမည့်​မျိုးဆက်​တည်းဟူသော နောင်​မွေးဖွား​လာ​မည့်​သားသမီး​တို့​သည်
ထို​အရာ​တို့​ကို​သိမှတ်​၍ သူ​တို့​၏​သားသမီး​များ​ကို လက်ဆင့်ကမ်း​ပြောပြ​နိုင်​ရန်​ဖြစ်​၏​။
7ထိုအခါ သူ​တို့​သည် ဘုရားသခင်​ကို ယုံကြည်အားထား​၍ ဘုရားသခင်​၏ လုပ်ဆောင်​တော်မူ​ချက်​တို့​ကို​မ​မေ့လျော့​ဘဲ
ကိုယ်တော်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​ကြ​လိမ့်မည်​။
8ထိုသို့​အားဖြင့် သူ​တို့​သည် သူ​တို့​၏​ဘိုးဘေး​များ​ကဲ့သို့ ဖြစ်​ကြ​တော့​မည်​မ​ဟုတ်​။
ထို​ဘိုးဘေး​တို့​သည် ခေါင်းမာ​၍ ပုန်ကန်​တတ်​သည့်​မျိုးဆက်​၊
သူ​တို့​၏​စိတ်နှလုံး​တည်ကြည်​ခြင်း​မ​ရှိ​သကဲ့သို့ သူ​တို့​၏​ဝိညာဉ်​သည်​လည်း
ဘုရားသခင်​အပေါ် သစ္စာ​မ​ရှိ​သော​မျိုးဆက်​ဖြစ်​ကြ​၏​။
9လေး​လက်နက်​စွဲကိုင်​သော​ဧဖရိမ်​အမျိုးသား​တို့​သည်
စစ်တိုက်​သော​နေ့​တွင် နောက်​ပြန်လှည့်​ကြ​၏​။
10သူ​တို့​သည် ဘုရားသခင်​၏​ပဋိညာဉ်​တော်​ကို မ​စောင့်ထိန်း​ကြ​။
တရားတော်​အတိုင်း​လျှောက်လှမ်း​ရန်​လည်း ငြင်းဆန်​ကြ​၏​။
11ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​နှင့် သူ​တို့​အား ပြ​တော်မူ​သည့်
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​ကို​လည်း မေ့လျော့​ကြ​၏​။
12ကိုယ်တော်​သည် အီဂျစ်​ပြည်​၊ ဇောန​အရပ်​၌ သူ​တို့​၏​ဘိုးဘေး​များ​ရှေ့​တွင်
အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​၏​။
13ပင်လယ်​ကို​ခွဲ​၍ သူ​တို့​ကို​ဖြတ်သွား​စေ​တော်မူ​၏​။
ရေ​များ​ကို တာတမံ​ကဲ့သို့ မတ်မတ်တည်​စေ​တော်မူ​၏​။
14နေ့​အချိန်​၌ မိုးတိမ်​အားဖြင့်​လည်းကောင်း​၊
ညအချိန်​၌ တစ်ညလုံး မီး​အလင်းရောင်​အားဖြင့်​လည်းကောင်း သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။
15တောကန္တာရ​ထဲ၌ ကျောက်ဆောင်​များ​ကို​ခွဲ​၍
နက်ရှိုင်း​သော​သမုဒ္ဒရာ​မှ​ရေ​ကဲ့သို့ များစွာ​သော​ရေ​ကို သူ​တို့​အား တိုက်​တော်မူ​၏​။
16ကျောက်​ထဲမှ ရေ​စီး​ထွက်​စေ​၍
မြစ်​ရေ​များ​ကဲ့သို့ စီးဆင်း​စေ​တော်မူ​၏​။
17သို့သော် သူ​တို့​သည် အမြင့်ဆုံး​သော​အရှင်​ကို ခြောက်သွေ့​သော​အရပ်​တွင်​ပုန်ကန်​သော​အားဖြင့်
နောက်တစ်ဖန်​ထပ်၍ ကိုယ်တော်​ကို​ပြစ်မှား​ကြ​၏​။
18မိမိ​တို့​အလိုရှိ​သော​အစားအစာ​ကို​လည်း တောင်းဆို​ခြင်း​အားဖြင့်
သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ဘုရားသခင်​ကို​စမ်းသပ်​ကြ​၏​။
19သူ​တို့​က
“​ဘုရားသခင်​သည် တောကန္တာရ​တွင် စားပွဲ​ကို​တည်ခင်း​နိုင်​ပါ​မည်လော​။
20ကျောက်ဆောင်​ကို​ရိုက်​သောအခါ ရေ​များ​စီးထွက်​လာ​ပါ​၏​။ စမ်းချောင်း​များ​စီးဆင်း​ပါ​၏​။
သို့သော် မုန့်​ကို​ကား ပေး​နိုင်​ပါ​မည်​လော​။
မိမိ​လူမျိုး​တော်​အတွက် အသား​ကို ပြင်ဆင်​ပေး​နိုင်​ပါ​မည်​လော​”​ဟု ဘုရားသခင်​ကို ဆန့်ကျင်​ပြောဆို​ကြ​၏​။
21ထို့ကြောင့် ထာဝရဘုရား​သည် ထို​စကား​ကို​ကြား​၍ အမျက်ထွက်​တော်မူ​၏​။
မီး​သည် ယာကုပ်​အမျိုး​ပေါ်၌ ထလောင်​၍
အမျက်​တော်​သည်​လည်း အစ္စရေး​လူမျိုး​အပေါ် သက်ရောက်​လေ​၏​။
22အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မ​ယုံကြည်​ကြ​။
ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​လည်း ယုံကြည်ကိုးစား​ခြင်း​မ​ရှိ​ကြ​။
23သို့သော် ကိုယ်တော်​သည် အထက်​အရပ်​မှ​မိုးတိမ်​တို့​ကို​အမိန့်ပေး​၍
ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​ကာ
24သူ​တို့​စား​ရန် မန္နမုန့်​ကို​သူ​တို့​အပေါ်​ရွာကျ​စေ​ပြီး
ကောင်းကင်​မှ​ကောက်ပဲသီးနှံ​ကို သူ​တို့​အား​ပေး​တော်မူ​၏​။#ယော 6:31။
25လူ​သည် ကောင်းကင်တမန်​တို့​၏​မုန့်​ကို စား​ခဲ့​ရ​၏​။
ကိုယ်တော်​သည် သူ​တို့​အား စားနပ်ရိက္ခာ​ကို ပြည့်စုံကြွယ်ဝ​စွာ​ပို့ပေး​တော်မူ​၏​။
26ကိုယ်တော်​သည် အရှေ့​လေ​ကို ကောင်းကင်​မှ​ထွက်ခွာ​စေ​ပြီး
မိမိ​၏​အစွမ်းသတ္တိ​အားဖြင့် တောင်​လေ​ကို​တိုက်ခတ်​လာ​စေ​တော်မူ​၏​။
27ဤသို့ဖြင့် အသား​ကို မြေမှုန့်​နှင့်အမျှ​၊
တောင်ပံ​ပါ​သော​ငှက်​တို့​ကို သမုဒ္ဒရာ​၏​သဲပွင့်​နှင့်အမျှ
သူ​တို့​အပေါ်​ရွာကျ​စေ​တော်မူ​ပြီး
28သူ​တို့​၏​စခန်း​အတွင်း​နှင့် သူ​တို့​နေထိုင်ရာအရပ်​ပတ်လည်​၌
ကျ​စေ​တော်မူ​၏​။
29ထိုသို့ သူ​တို့​၏​အာသာဆန္ဒ​အတိုင်း သူ​တို့​အား ပေး​တော်မူ​သဖြင့်
သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​၏​။
30သို့သော် သူ​တို့​၏​အာသာဆန္ဒ​မ​ပြေ​မီ သူ​တို့​၏​အစားအစာ​သည်
သူ​တို့​၏​ပါးစပ်​ထဲ၌​ရှိ​စဉ်​ပင်
31ဘုရားသခင်​၏​အမျက်​တော်​သည် သူ​တို့​အပေါ်​သက်ရောက်​သဖြင့်
သူ​တို့​ထဲမှ အကြံ့ခိုင်​ဆုံး​သော​သူ​တို့​ကို ကွပ်မျက်​၍ အစ္စရေး​လူပျို​တို့​ကို လှဲချ​တော်မူ​၏​။
32သူ​တို့​သည် ဤ​အရာ​အားလုံး​နှင့်​ကြုံတွေ့​ရ​သော်လည်း
ဆက်၍​သာ အပြစ်ပြု​ကြ​ပြီး ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို မ​ယုံကြည်​ကြ​ပေ​။
33ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​၏​နေ့ရက်​များ​ကို အချည်းနှီး​သော​အဖြစ်​၌​လည်းကောင်း​၊
သူ​တို့​၏​နှစ်ကာလ​များ​ကို ထိတ်လန့်​ခြင်း​၌​လည်းကောင်း ကုန်လွန်​စေ​တော်မူ​၏​။
34သူ​တို့​ကို ကိုယ်တော်​ကွပ်မျက်​တော်မူ​သောအခါ သူ​တို့​သည် ကိုယ်တော်​ကို​ရှာ​ကြ​၏​။
သူ​တို့​သည် နောင်တရ​လျက် ဘုရားသခင်​ကို​ကြိုးစား​၍​ရှာ​ကြ​၏​။
35ဘုရားသခင်​သည် သူ​တို့​၏​ကျောက်ဆောင်​၊ သူ​တို့​ကို​ရွေးနုတ်​တော်မူ​သည့်
အမြင့်ဆုံး​သော​ဘုရားသခင်​ဖြစ်ကြောင်း သူ​တို့​သတိရ​ကြ​၏​။
36သို့သော် သူ​တို့​သည် မိမိ​တို့​နှုတ်​ဖြင့် ကိုယ်တော်​ကို​မြှောက်ပင့်​၍
မိမိ​တို့​လျှာ​ဖြင့် ကိုယ်တော်​ကို​လိမ်လည်​ကြ​၏​။
37သူ​တို့​၏​စိတ်နှလုံး​သည် ကိုယ်တော့်​အပေါ်​မ​တည်ကြည်​။
ကိုယ်တော်​၏​ပဋိညာဉ်​တော်​အပေါ်​၌​လည်း သစ္စာ​မ​ရှိ​ကြ​ပေ​။
38သို့သော် သနားစုံမက်​တတ်​သော​ကိုယ်တော်​သည် သူ​တို့​ကို​မ​ဖျက်ဆီး​ဘဲ
သူ​တို့​၏​ဒုစရိုက်​ကို​ဖြေလွှတ်​တော်မူ​၏​။
မိမိ​၏​အမျက်​တော်​ကို​လည်း အကြိမ်ကြိမ်​ချုပ်တည်း​၍
မိမိ​၏​အမျက်ဒေါသ​ကို အကုန်အစင်​နှိုးဆော်​တော်​မ​မူ​ခဲ့​ပေ​။
39သူ​တို့​သည် အသွေးအသား​ဖြစ်ကြောင်း​နှင့် ထွက်ခွာ​သွား​ပြီးလျှင်
ပြန်​မ​လာ​တော့​သည့်​လေ​ဖြစ်ကြောင်း ကိုယ်တော်​အောက်မေ့​တော်မူ​၏​။
40သူ​တို့​သည် တောကန္တာရ​၌ ဘယ်နှကြိမ်​ဘယ်နှခါ​မျှ ကိုယ်တော်​ကို​ပုန်ကန်​ကြ​ပြီး
ကန္တာရမြေ​၌ ကိုယ်တော်​ကို​စိတ်ထိခိုက်​စေ​ခဲ့​ကြ​သနည်း​။
41သူ​တို့​သည် ဘုရားသခင်​ကို​အကြိမ်ကြိမ်​စမ်းသပ်​လျက်
အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​စိတ်​တော်​ကို ဆွ​ကြ​၏​။
42သူ​တို့​သည် ကိုယ်တော်​၏ တန်ခိုး​တော်​ကို​လည်းကောင်း​၊
သူ​တို့​ကို​ရန်သူ​၏​လက်​မှ ရွေးနုတ်ကယ်တင်​တော်မူ​ရာ​နေ့ရက်​တည်းဟူသော
43အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့် ဇောန​အရပ်​၌
တန်ခိုးလက္ခဏာ​များ​ပြု​တော်မူ​ရာ နေ့ရက်​ကို​လည်းကောင်း မ​အောက်မေ့​ကြ​ပေ​။
44ကိုယ်တော်​သည် ထို​ပြည်သား​တို့​၏​မြစ်​များ​ကို သွေး​အဖြစ်​ပြောင်းလဲ​စေ​တော်မူ​သဖြင့်
သူ​တို့​သည် မိမိ​တို့​၏​မြစ်ရေ​ကို သောက်​၍​မ​ရ​ခဲ့​ကြ​ပေ​။
45ကိုယ်တော်​သည် သူ​တို့​ကို​ဝါးမျို​မည့် ယင်ရဲအုပ်​ကို​လည်းကောင်း​၊
သူ​တို့​ကို​ဖျက်ဆီး​မည့် ဖား​တို့​ကို​လည်းကောင်း သူ​တို့​ထံသို့ စေလွှတ်​တော်မူ​၏​။
46သူ​တို့​၏​အသီးအနှံ​ကို နှံကောင်​တို့​အား​လည်းကောင်း​၊
သူ​တို့​လုပ်ဆောင်​ရရှိ​သော​အရာ​ကို ကျိုင်းကောင်​တို့​အား​လည်းကောင်း ပေး​တော်မူ​၏​။
47သူ​တို့​၏​စပျစ်ပင်​များ​ကို မိုးသီး​ဖြင့်​လည်းကောင်း​၊
သူ​တို့​၏​သင်္ဘောသဖန်းပင်​များ​ကို နှင်းခဲ​ဖြင့်​လည်းကောင်း ဖျက်ဆီး​တော်မူ​၏​။
48သူ​တို့​၏​တိရစ္ဆာန်​တို့​ကို မိုးသီး​လက်​သို့​လည်းကောင်း​၊
သူ​တို့​၏​သိုးနွား​တို့​ကို မိုးကြိုး​လက်​သို့​လည်းကောင်း အပ်​တော်မူ​၏​။
49ကိုယ်တော်​သည် ဖျက်ဆီး​တတ်​သော ကောင်းကင်တမန်​တပ်ဖွဲ့​အားဖြင့်
မိမိ​၏​ပြင်းထန်​သော​အမျက်​၊ ဒေါသ​၊ အမျက်​မာန်ဟုန်​နှင့်​ဆင်းရဲဒုက္ခ​ကို
သူ​တို့​ထံသို့​စေလွှတ်​တော်မူ​၏​။
50ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​ကို လမ်း​ဖွင့်​ပေး​လျက်
သူ​တို့​၏​စိတ်ဝိညာဉ်​ကို သေဘေး​မှ​လွတ်ကင်း​ခွင့်​မ​ပေး​ဘဲ
သူ​တို့​၏​အသက်​ကို ကပ်ရောဂါ​လက်​သို့ အပ်​တော်မူ​၏​။
51ဟာမ​၏​တဲ​များ​မှ ယောက်ျား​အားမာန်​၏​အသီးဦး​တည်းဟူသော
အီဂျစ်​ပြည်​မှ သားဦး​ရှိသမျှ​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။
52သို့သော် ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို သိုး​များ​ကဲ့သို့​ထုတ်ဆောင်​ပြီး
တောကန္တာရ​ထဲ၌ သူ​တို့​ကို သိုးအုပ်​ကဲ့သို့ ပို့ဆောင်​တော်မူ​၏​။
53ကိုယ်တော်​သည် သူ​တို့​ကို ဘေးကင်းလုံခြုံ​စွာ​ပို့ဆောင်​တော်မူ​သဖြင့် သူ​တို့​သည် မ​ကြောက်​ကြ​ရ​ပေ​။
သို့သော် ပင်လယ်​ရေ​သည် သူ​တို့​၏​ရန်သူ​များ​ကို ဖုံးလွှမ်း​ခဲ့​၏​။
54ဤသို့ဖြင့် ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သော​နယ်မြေ​သို့​လည်းကောင်း​၊
မိမိ​၏​လက်ယာ​လက်​တော်​ဖြင့်​ရယူ​ထား​သော ဤ​တောင်​သို့​လည်းကောင်း
သူ​တို့​ကို​ခေါ်ဆောင်​တော်မူ​၏​။
55ထို့နောက် လူမျိုးခြား​တို့​ကို သူ​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​ပြီး
အမွေ​အဖြစ် တိုင်းတာ​သတ်မှတ်​ထား​သော​နယ်မြေ​အလိုက် သူ​တို့​ကို​ခွဲဝေ​ပေး​၍
အစ္စရေး​အမျိုးအနွယ်​တို့​အား မိမိ​တို့​တဲ​များ​၌ နေထိုင်​စေ​တော်မူ​၏​။
56သို့သော် သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​ကို အကဲစမ်း​၍​ပုန်ကန်​ကြ​၏​။
ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို​လည်း မ​စောင့်ထိန်း​ဘဲ
57မိမိ​တို့​ဘိုးဘေး​များ​ကဲ့သို့ ဖောက်ပြန်​၍ သစ္စာမဲ့​သော​သူ​များ​ဖြစ်​ကြ​၏​။
လိမ်ကောက်​သော​လေး​ကဲ့သို့ အသုံးမကျ​သော​သူ​များ​လည်း​ဖြစ်​ကြ​၏​။
58သူ​တို့​သည် မိမိ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​များ​အားဖြင့် ကိုယ်တော်​ကို​အမျက်ထွက်​စေ​ပြီး
မိမိ​တို့​၏​ရုပ်တု​များ​အားဖြင့် ကိုယ်တော်​ကို​သဝန်တို​စေ​ကြ​၏​။
59ဘုရားသခင်​သည် ကြားသိ​၍ အမျက်ထွက်​ကာ
အစ္စရေး​အမျိုးသား​တို့​ကို လုံးလုံး​စွန့်ပယ်​တော်မူ​၏​။
60ထို့ကြောင့် ကိုယ်တော်​သည် ရှိလော​အရပ်​ရှိ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဖြစ်​သည့်
လူ​တို့​အလယ်​၌ တည်ဆောက်​ထား​တော်မူ​သော​တဲ​တော်​ကို ပစ်ပယ်​တော်မူ​၏​။
61ကိုယ်တော်​သည် မိမိ​၏​အစွမ်းသတ္တိ​ကို သုံ့ပန်း​အဖြစ်​သို့​လည်းကောင်း​၊
မိမိ​၏​ဂုဏ်ကျက်သရေ​ကို ရန်သူ​တို့​၏​လက်​သို့​လည်းကောင်း ပေးအပ်​တော်မူ​၏​။
62မိမိ​၏​လူမျိုး​တော်​ကို​လည်း ဓားဘေး​သို့​အပ်နှံ​၍
မိမိ​၏​အမွေ​တော်​ကို အမျက်ထွက်​တော်မူ​၏​။
63မီး​သည် ကိုယ်တော်​၏​လူပျို​တို့​ကို​လောင်ကျွမ်း​၍
ကိုယ်တော်​၏​အပျိုကညာ​တို့​သည် မင်္ဂလာ​သီချင်း​များ​ကို မ​ဆို​ရ​ကြ​ပေ​။
64ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​တို့​သည် ဓားဘေး​ဖြင့်​ကျဆုံး​ကြ​၍
ကိုယ်တော်​၏​မုဆိုးမ​တို့​သည် မ​ငိုကြွေး​ရ​ကြ​ပေ​။
65ထိုအခါ ဘုရားရှင်​သည် အိပ်ပျော်​ရာ​မှ​နိုး​လာ​သော​သူ​ကဲ့သို့​လည်းကောင်း​၊
စပျစ်ဝိုင်​အရှိန်ပြေ​သွား​သော စစ်သူရဲ​ကဲ့သို့​လည်းကောင်း နိုးထ​တော်မူ​၍
66မိမိ​၏​ရန်သူ​တို့​ကို ရိုက်ထုတ်​တွန်းလှန်​ကာ ထာဝရ​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို
သူ​တို့​အပေါ်​သက်ရောက်​စေ​တော်မူ​၏​။
67ထို့နောက် ကိုယ်တော်​သည် ယောသပ်​၏​တဲ​ကို​စွန့်ပယ်​၍
ဧဖရိမ်​အမျိုးအနွယ်​ကို​လည်း ရွေးချယ်​တော်​မ​မူ​ဘဲ
68ယုဒ​အမျိုးအနွယ်​နှင့် မိမိ​ချစ်​တော်မူ​သော​ဇိအုန်​တောင်​ကို
ရွေးချယ်​တော်မူ​ပြီး
69မိမိ​၏​သန့်ရှင်းရာဌာန​တော်​ကို အထွတ်အထိပ်​ကဲ့သို့​လည်းကောင်း​၊
အစဉ်အမြဲ​တည်​စေ​တော်မူ​သော ကမ္ဘာမြေကြီး​ကဲ့သို့​လည်းကောင်း တည်ဆောက်​တော်မူ​၏​။
70တစ်ဖန် မိမိ​၏​အစေအပါး​ဒါဝိဒ်​ကို​ရွေးချယ်​ပြီး
သူ့​ကို​သိုး​ခြံ​များ​ထဲမှ​ခေါ်ယူ​တော်မူ​၍
71သားငယ်​ရှိ​သော​သိုးမ​များ​ကို​ထိန်းကျောင်း​ရာ​မှ မိမိ​၏​လူမျိုး​တော်​ဖြစ်​သော​ယာကုပ်​၊
မိမိ​၏​အမွေ​တော်​ဖြစ်​သော​အစ္စရေး​ကို ထိန်းကျောင်း​စေရန် သူ့​ကို​ခေါ်ဆောင်​လာ​တော်မူ​၏​။
72သူ​သည်​လည်း တည်ကြည်​သော​စိတ်နှလုံး​ဖြင့် သူ​တို့​ကို​ထိန်းကျောင်း​၍
ကျွမ်းကျင်​လိမ္မာ​သော​လက်​ဖြင့် သူ​တို့​ကို​ပို့ဆောင်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in