ဟေရှာယအနာဂတ္တိကျမ်း 53
53
1ငါတို့ဟောပြောသောသတင်းစကားကို မည်သူယုံကြည်ပါသနည်း။ ထာဝရဘုရား၏လက်ရုံးတော်သည် မည်သူ့ထံ ဖော်ပြခြင်းခံရပါသနည်း။#ယော 12:38၊ ရော 10:16။ 2အကြောင်းမှာ သူသည် နုနယ်သောအပင်ကဲ့သို့၊ ခြောက်သွေ့သောမြေမှ အမြစ်ကဲ့သို့ ကိုယ်တော်၏ရှေ့တော်၌ ရှင်သန်၏။ သူသည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်မရှိ။ ခန့်ညားထည်ဝါမှုလည်းမရှိ။ နှစ်သက်ဖွယ် ရုပ်ရည်လည်းမရှိ။ 3သူသည် မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ လူတို့၏ငြင်းပယ်#53:3 သို့မဟုတ် “စွန့်ပယ်”။ခြင်းကိုခံရ၏။ ဒုက္ခဝေဒနာခံရသောသူ၊ နာကျင်ခြင်းဝေဒနာနှင့် မိတ်ဖွဲ့ရ#53:3 သို့မဟုတ် “သိကျွမ်း”။သူဖြစ်၏။ မျက်နှာလွှဲခြင်းဖြင့် သူ့ကိုမထီမဲ့မြင်ပြုကြ၏။ ငါတို့သည်လည်း သူ့ကိုအလေးမထားကြ။ 4အကယ်စင်စစ် သူသည် ငါတို့၏အနာရောဂါများကို ယူဆောင်သွား၏။ ငါတို့၏ဒုက္ခဝေဒနာများကို ထမ်းသွား၏။#မ 8:17။ ငါတို့မူကား သူ့အား ဘုရားသခင်၏ဒဏ်ခတ်ခြင်းကိုခံရသောသူ၊ ရိုက်နှက်ခြင်းကိုခံရသောသူ၊ နှိပ်စက်ခြင်းကိုခံရသောသူဟု ထင်မှတ်ကြ၏။ 5သူသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် ထိုးဖောက်ခြင်းခံရ၏။ ငါတို့၏ဒုစရိုက်များအတွက် ချိုးဖဲ့ခြေမွှခြင်းခံရ၏။ ငါတို့အတွက် ငြိမ်းချမ်းခြင်းကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်ကျရောက်၍ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်ကင်းလျက်ရှိကြ၏။#၁ပေ 2:24။ 6ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။ 7သူသည် ညှဉ်းဆဲနှိပ်စက်ခြင်းခံရသော်လည်း နှုတ်ကိုမဖွင့်ဘဲနေ၏။ အသတ်ခံရမည့်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရသောသိုးသငယ်ကဲ့သို့၊ အမွေးညှပ်သောသူရှေ့၌ တိတ်ဆိတ်စွာနေသောသိုးကဲ့သို့ နှုတ်ကိုမဖွင့်ဘဲနေ၏။ 8သူသည် ဖိနှိပ်ခြင်းခံရ၏။ စီရင်ခြင်းလည်းခံရ၏။ သူ့ကိုခေါ်ဆောင်သွားကြ၏။ သူသည် သက်ရှိကမ္ဘာမြေမှဖယ်ထုတ်ခြင်းခံရကြောင်း၊ ငါ့လူမျိုးတော်တို့ ကျူးလွန်သောအပြစ်ကြောင့် ရိုက်နှက်ခြင်းခံရကြောင်းကို သူ၏မျိုးဆက်မှ မည်သူသည် ဆင်ခြင်အောက်မေ့မည်နည်း။ 9သူသည် ရက်စက်ကြမ်းကြုတ်မှုကိုမပြု။ သူ၏နှုတ်၌ လိမ်လည်လှည့်ဖြားခြင်းမရှိ#၁ပေ 2:22။သော်လည်း သူ့ကို ဆိုးယုတ်သောသူတို့နှင့်အတူမြှုပ်နှံရန် စီရင်ကြ၏။ သူသေသောအခါ ချမ်းသာသောသူ၌ရှိ၏။ 10ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေ#53:10 သို့မဟုတ် “သူ့ကိုနာမကျန်းဖြစ်စေ”။တော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။ 11သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။ 12သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။#မာ 15:28၊ လု 22:37။
Currently Selected:
ဟေရှာယအနာဂတ္တိကျမ်း 53: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative