ယေဇကျေလအနာဂတ္တိကျမ်း 25
25
လူမျိုးခြားတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
အမ္မုန်အမျိုးသားတို့ကို ပြစ်ဒဏ်စီရင်ခြင်း
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“အချင်းလူသား၊ အမ္မုန်အမျိုးသားတို့ဘက်သို့ မျက်နှာမူပြီး သူတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ 3အမ္မုန်အမျိုးသားတို့အား ဘုရားရှင်ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ ဘုရားရှင်ထာဝရဘုရားက ‘သန့်ရှင်းရာဌာန ညစ်ညူးသွားခဲ့စဉ်က၊ အစ္စရေးပြည်ကြီး ဆိတ်သုဉ်းသွားခဲ့စဉ်က၊ ယုဒအမျိုး ဖမ်းခေါ်သွားခြင်းခံရစဉ်က သင်တို့ဟားတိုက်ခဲ့ကြသောကြောင့် 4သင်တို့ကို အရှေ့ပြည်သားတို့လက်သို့ အပိုင်ပေးအပ်မည်။ သူတို့သည် သင်တို့၌ စခန်းချ၊ တဲထိုးနေကြလိမ့်မည်။ သင်တို့၏အသီးအနှံများကို စားကြလိမ့်မည်။ သင်တို့၏နွားနို့များကိုလည်း သောက်ကြလိမ့်မည်။ 5ရဗ္ဗာမြို့ကို ကုလားအုတ်တို့ကျက်စားရာ၊ အမ္မုန်ပြည်#25:5 တိုက်ရိုက်ပြန်ဆိုလျှင် “အမ္မုန်အမျိုးသားတို့”။ကို သိုးများနားနေရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
6ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးကခုန်လျက် အစ္စရေးပြည်ကို ပြောင်လှောင်သောကြောင့် 7ငါသည် လက်ကိုဆန့်၍ သင်တို့ကို ဆန့်ကျင်မည်။ သင်တို့ကို လုယက်ပစ္စည်းအဖြစ် လူမျိုးခြားတို့လက်သို့အပ်မည်။ လူမျိုးတကာတို့ထဲမှ ဖယ်ရှားပစ်မည်။ အတိုင်းတိုင်းအပြည်ပြည်ထဲမှ ဖျောက်ဖျက်ပစ်မည်။ သုတ်သင်ပယ်ရှင်းပစ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။
မောဘပြည်ကို ပြစ်ဒဏ်စီရင်ခြင်း
8တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မောဘပြည်နှင့် စိရပြည်တို့က ယုဒအမျိုးသည် လူမျိုးခြားတို့နှင့် အတူတူပင်ဖြစ်၏ဟု ဆိုကြသောကြောင့် 9မောဘပြည်တောင်စောင်းတစ်လျှောက် အရေးပါသောနယ်စပ်မြို့များဖြစ်သည့် ဗက်ယေရှိမုတ်မြို့၊ ဗာလမုန်မြို့၊ ကိရယသိမ်မြို့တို့ကို ငါကျိုးပေါက်စေမည်။ 10ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်အတူ အရှေ့ပြည်သားတို့လက်သို့ အပိုင်ပေးလိုက်မည်။ ထို့ကြောင့် လူမျိုးတကာတို့သည် အမ္မုန်အမျိုးသားကို သတိရကြတော့မည်မဟုတ်။ 11မောဘပြည်ကိုလည်း ဒဏ်ခတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဧဒုံပြည်ကို ပြစ်ဒဏ်စီရင်ခြင်း
12တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဧဒုံလူမျိုးသည် ယုဒအမျိုးကို ရက်ရက်စက်စက်လက်တုံ့ပြန်ခဲ့၏။ ထိုသို့လက်တုံ့ပြန်ခြင်းဖြင့် ကြီးလေးသောအပြစ်ကို ပြုလေပြီ’ဟု မိန့်တော်မူ၏။ 13ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်၍ ဧဒုံပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။ ဆိတ်ညံရာဖြစ်စေမည်။ တေမန်မြို့မှစ၍ ဒေဒန်မြို့တိုင်အောင် ဓားဘေးကျရောက်စေမည်’ဟု မိန့်တော်မူ၏။ 14‘ငါ့လူမျိုးတော်အစ္စရေးတို့၏လက်ချက်ဖြင့် ဧဒုံပြည်ကို လက်တုံ့ပြန်မည်။ သူတို့သည် ငါ့အမျက်ဒေါသအလျောက် ဧဒုံပြည်ကို ပြုကြလိမ့်မည်။ ထိုအခါမှ ငါလက်တုံ့ပြန်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဖိလိတ္တိလူမျိုးတို့ကို ပြစ်ဒဏ်စီရင်ခြင်း
15တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဖိလိတ္တိလူမျိုးတို့သည် ရှေးယခင်ကပင်အငြိုးထားလျက် မလိုတမာစိတ်ဖြင့် ရက်ရက်စက်စက်လက်တုံ့ပြန်လေပြီ’ဟု မိန့်တော်မူ၏။ 16ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်ပြီး ဖိလိတ္တိလူမျိုးတို့ကိုဆန့်ကျင်မည်။ ခေရသိလူမျိုးတို့ကို သုတ်သင်ပစ်မည်။ ပင်လယ်ကမ်းနားတွင်ကြွင်းကျန်သောသူတို့ကိုပါ ငါဖျက်ဆီးပစ်မည်။ 17ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကို အကြီးအကျယ်လက်တုံ့ပြန်မည်။ ထိုသို့ သူတို့ကို လက်တုံ့ပြန်မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
Currently Selected:
ယေဇကျေလအနာဂတ္တိကျမ်း 25: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative