YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 24

24
ဆူပွက်နေသောအိုးပုံဥပမာ
1နဝမ​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ ဤ​နေ့​၊ ဤ​ရက်​ကို အမည်​နှင့်တကွ ရေးမှတ်​လော့​။ ဤ​နေ့ရက်​သည် ဂျေရုဆလင်​မြို့​ကို ဘေဘီလုံ​ဘုရင်​ဝိုင်းရံ​ထား​သော​နေ့​ဖြစ်​၏​။ 3ပုန်ကန်​တတ်​သော​အမျိုး​အား ဤ​ပုံဥပမာ​ဖြင့် ခိုင်းနှိုင်းပြ​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အိုး​ထဲသို့ ရေ​လောင်း​ထည့်​၍ မီးဖို​ပေါ်​တင်​လော့​။ 4အိုး​ထဲသို့ အသားတုံး​များ​ကို ထည့်​လော့​။ ပေါင်သား​၊ ပခုံးသား​အပါအဝင် အကောင်းဆုံး​အသား​များ အကောင်းဆုံး​အရိုး​များ​ကို အပြည့်​ထည့်​လော့​။ 5အကောင်းဆုံး​သိုး​ကို ယူ​လော့​။ အိုး​အောက်​၌ ထင်း#24:5 တိုက်ရိုက်ပြန်ဆိုလျှင် “အရိုးတို့ကို”။​ပုံ​ထား​လော့​။ အရိုး​တို့​ကို အသား​နှင့်အတူ ပွက်ပွက်ဆူ​အောင် ပြုတ်​လော့’​ဟု မိန့်​တော်မူ​၏​။ 6တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘လူ​အသက်သတ်​သော​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ တိုက်ချွတ်​မ​ရ​အောင် အညစ်အကြေး​ကပ်​နေ​သော​အိုး​ထဲမှ အသားတုံး​များ​ကို မ​ရွေး​ဘဲ တစ်တုံး​ပြီး​တစ်တုံး ထုတ်​လော့​။ 7ထို​မြို့​တွင် လူ​အသက်သတ်​သော​သွေး စွန်း​လျက်​ရှိ​၏​။ ထို​သွေး​သည် မြေ​ပေါ်တွင်​ကျ​သည်​မ​ဟုတ်​။ ရှင်းလင်း​နေ​သော​ကျောက်​ပေါ်တွင် ကျ​၏​။ မြေမှုန့်​နှင့် ဖုံး​၍​မ​ရ​။ 8အမျက်ဒေါသ​ကို နှိုးဆော်​ရန်​၊ လက်တုံ့ပြန်​ရန် ထို​သွေး​တို့​ကို ရှင်းလင်း​နေ​သော​ကျောက်​ပေါ်တွင် ငါ​ကျ​စေ​၏​။ ထို့ကြောင့် ဖုံးကွယ်​ထား​၍​မ​ရ’​ဟု မိန့်​တော်မူ​၏​။ 9တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘လူ​အသက်သတ်​သော​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ ထို​မြို့​ကို မီးပုံကြီး ဖြစ်​စေ​မည်​။ 10ထင်း​ကို​ပုံ​၍​မီးမွှေး​လော့​။ အသား​ကို အမွှေးအကြိုင်​များ​နှင့် ရော​၍​ပြုတ်​လော့​။ အရိုး​များ​လည်း ကျွမ်း​ပါစေ’​ဟု မိန့်​တော်မူ​၏​။ 11‘အိုး​ပူ​လာ​၍ ကြေးနီ​များ​နီရဲ​လာ​စေရန်​၊ အိုး​ထဲရှိ​အညစ်အကြေး​များ အရည်ပျော်​လာ​ပြီး ချေး​တို့​လောင်ကျွမ်း​သွား​စေရန် အိုးလွတ်​တစ်​လုံး​ကို မီးကျီးခဲ​ပေါ်​တင်​လော့​။ 12ထိုသို့ အပင်ပန်းခံ​ကြိုးစား​လုပ်ဆောင်​သော်လည်း အထပ်ထပ်​ကပ်ငြိ​နေ​သော​ချေး​များ ကွာကျ​မည်​မ​ဟုတ်​။ ထို​အညစ်အကြေး​သည် မီး​နှင့်​ချွတ်​၍​ပင်​မ​ရ​နိုင်​။ 13သင်​ပြု​သော​ညစ်ညမ်းမှု​များ​ကြောင့် သင့်​ကို​အညစ်အကြေး​များ ကပ်​နေ​လေ​ပြီ​။ ငါ​သည် သင့်​ကို​စင်ကြယ်​အောင်​လုပ်​သော်လည်း သင်​မ​စင်ကြယ်​နိုင်​။ သင့်​အပေါ်​ကျရောက်​သော ငါ့​အမျက်ဒေါသ​မ​ပြေ​မ​ချင်း သင်​စင်ကြယ်​ခွင့်​ရ​မည်​မ​ဟုတ်​။ 14ငါ​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။ ထိုသို့​ပြု​ရ​မည့်​နေ့ ရောက်လာ​ပြီ​။ ငါ့​စိတ်​ကို ငါ​မ​ချုပ်တည်း​၊ မ​သနား​၊ စိတ်​မ​ပြောင်းလဲ​ဘဲ သင့်​အပြုအမူ​၊ အကျင့်အကြံ​အတိုင်း သင့်​ကို​စီရင်​မည်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
ယေဇကျေလဇနီးသေဆုံးခြင်းနိမိတ်
15တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 16“​အချင်း​လူသား​၊ သင်​ချစ်မြတ်နိုး​သော​သူ​ကို တစ်ခဏအတွင်း ငါ​ရုပ်သိမ်း​ပစ်​မည်​။ သင်​မ​ငိုကြွေး​မ​မြည်တမ်း​နှင့်​။ မျက်ရည်​မ​ကျ​နှင့်​။ 17တိတ်တိတ်လေး​သာ ကြေကွဲ​လော့​။ သေ​သွား​သူ​အတွက် ငိုကြွေးမြည်တမ်း​မ​နေ​နှင့်​။ ခေါင်းပေါင်း​ပေါင်း​ထား​လော့​။ ဖိနပ်​ကို စီး​ထား​လော့​။ နှုတ်ခမ်း​ကို ဖုံး​မ​ထား​နှင့်​။ အသုဘ​အစာ​ကို မ​စား​နှင့်​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။
18နံနက်​ရောက်​သောအခါ လူ​တို့​အား ငါ​ပြောပြ​၏​။ နေဝင်ချိန်​ရောက်​သော် ငါ့​ဇနီး​ဆုံး​သွား​၏​။ နောက်တစ်နေ့​မနက်​တွင် မိန့်ဆို​သည့်​အတိုင်း ငါ​ပြု​၏​။ 19ထိုအခါ လူ​တို့​က “​သင်​ဤသို့​ပြု​ခြင်း​သည် အကျွန်ုပ်​တို့​နှင့်​ဆိုင်​သလော​။ အကျွန်ုပ်​တို့​အား ပြောပြ​ပါ​လော့​”​ဟု ဆို​သဖြင့် 20ငါ​က​လည်း သူ​တို့​အား “​ထာဝရဘုရား​၏​နှုတ်ကပတ်တော် ငါ့​ထံသို့​ရောက်လာ​၍ 21‘အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင်​တို့​ဂုဏ်ယူ​အားထားရာ​၊ သင်​တို့​နှစ်သက်မြတ်နိုး​ရာ​၊ အလေးအမြတ်​ထား​ရာ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​ညစ်ညူး​စေ​မည်​။ သင်​တို့​စွန့်ထား​ခဲ့​သော သင်​တို့​၏​သား​သမီး​တို့​သည် ဓား​ဖြင့်​သေ​ရ​မည်​။ 22ထိုအခါ သင်​တို့​သည် ငါ​ပြု​သည့်​အတိုင်း ပြု​ကြ​လိမ့်မည်​။ နှုတ်ခမ်း​ကို မ​ဖုံး​၊ အသုဘအစာ​ကို မ​စား​၊ 23ခေါင်းပေါင်း​ပေါင်း​၍ ဖိနပ်​ကို​လည်း စီး​ကြ​လိမ့်မည်​။ ငိုကြွေး​မြည်တမ်း​မ​နေ​ဘဲ ကိုယ့်​အပြစ်​ကြောင့် ရင်ကွဲနာကျ​လျက် အချင်းချင်း​ညည်းတွား​ပြ​ကြ​လိမ့်မည်​။ 24ယေဇကျေလ​၏​ဖြစ်ရပ်​သည် သင်​တို့​အတွက် နိမိတ်​ဖြစ်​၏​။ သူ​ပြု​သည့်​အတိုင်း သင်​တို့​ပြု​ရ​မည်​။ ထိုသို့​ဖြစ်ပျက်​သောအခါ​မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်ဟူ၍ မိန့်​တော်မူ​သည်​ဟု ဆင့်ဆို​လော့​။
25အချင်း​လူသား​၊ ယခုမူ သူ​တို့​ဂုဏ်ယူအားထား​ရာ​ခံတပ်ကြီး​၊ သူ​တို့​နှစ်သက်မြတ်နိုး​ရာ​၊ ချစ်ခင်​စွဲလမ်း​ရာ​နှင့် သူ​တို့​သား​သမီး​တို့​ကို ငါ​သိမ်းယူ​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။ 26ထို​နေ့​တွင် ထွက်ပြေး​လွတ်မြောက်​လာ​သူ​တစ်ဦး​သည် သင့်​ထံ​လာ​၍ ဤ​သတင်း​ကို ကြားပြော​လိမ့်မည်​။ 27ထိုအခါ သင်​သည် တိတ်ဆိတ်​မ​နေ​ဘဲ နှုတ်​ကို​ဖွင့်​၍ လွတ်မြောက်​လာ​သူ​နှင့် စကားပြော​လိမ့်မည်​။ ဤသို့ဖြင့် သင်​သည် သူ​တို့​အဖို့ နိမိတ်လက္ခဏာ ဖြစ်​လိမ့်မည်​။ ထိုအခါမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်ဆို​သည်”​ဟု ပြန်ပြော​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 24