YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 23

23
ပြည့်တန်ဆာညီအစ်မနှစ်ယောက်
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ တစ်မိတည်း​ဖွား​သော ညီအစ်မ​နှစ်​ယောက်​ရှိ​၏​။ 3သူ​တို့​သည် အီဂျစ်​ပြည်​တွင် အပျိုဖြန်းဘဝ​ကတည်းက ပြည့်တန်ဆာအလုပ်​ကို လုပ်​ကြ​၏​။ သူ​တို့​၏​သားမြတ်​ကို အပွတ်သပ်ခံ​ပြီး သူ​တို့​၏​အပျိုရည်​ကို ပျက်စီး​စေ​ကြ​၏​။ 4အစ်မ​ကား အဟောလ​၊ ညီမ​ကား အဟောလိဗ​ဟု အမည်တွင်​၏​။ သူ​တို့​ကို ငါ​ပိုင်​၏​။ သူ​တို့​၌ သား​သမီး​များ​ရှိ​၏​။ အဟောလ​အမည်​ရှိ​သော​သူ​သည် ရှမာရိ​မြို့​၊ အဟောလိဗ​အမည်​ရှိ​သော​သူ​သည် ဂျေရုဆလင်​မြို့​ဖြစ်​၏​။
5အဟောလ​သည် ငါ့​အပိုင်​ဖြစ်​လျက်​နှင့် ပြည့်တန်ဆာ​လုပ်​၏​။ သူ​ချစ်​သော အိမ်နီးချင်း​အဆီးရီးယား​လူမျိုး​ကို​စွဲမက်​၍ သူ့​ထံ​ချဉ်းကပ်​၏​။ 6အဆီးရီးယား​လူမျိုး​တို့​သည် အပြာရောင်​ဝတ်စုံ​ဝတ်ဆင်​ထား​သော​ဘုရင်ခံ​များ​၊ ခန့်ညား​သော​မင်းအရာရှိ​လုလင်ပျို​များ​၊ မြင်းစီးသူရဲ​များ ဖြစ်​ကြ​၏​။ 7သူ​သည် အဆီးရီးယား​မင်းအရာရှိ​အပေါင်း​တို့​နှင့် ဖောက်ပြန်မှားယွင်း​၏​။ သူ​တပ်မက်​သော​သူ​အပေါင်း​တို့​၏​ရုပ်တု​များ​နောက်​သို့​လိုက်​၍ မိမိကိုယ်ကို​ညစ်ညူး​စေ​၏​။ 8အီဂျစ်​ပြည်​တွင်​ပြု​ခဲ့​သော ပြည့်တန်ဆာအလုပ်​ကို​မ​စွန့်​။ အပျိုဖြန်းဘဝ​ကပင် ယောက်ျား​တို့​သည် သူ​နှင့်​အိပ်​၏​။ သူ​၏​အပျိုရည်​ကို​ဖျက်ဆီး​ပြီး သူ​နှင့်​ဖောက်ပြန်မှားယွင်း​ကြ​၏​။ 9ထို့ကြောင့် သူ​ချစ်​သော​သူ​တို့​လက်​သို့​၊ သူ​တပ်မက်​သော အဆီးရီးယား​လူ​တို့​လက်​သို့ သူ့​ကို​ငါ​အပ်​လိုက်​ပြီ​။ 10သူ​တို့​က သူ့​ကို အဝတ်အချည်းစည်း​ဖြစ်​စေ​ကြ​၏​။ သူ​၏​သား​သမီး​တို့​ကို ဖမ်းခေါ်​သွား​၍ သူ့​ကို​ဓား​နှင့်​ကွပ်မျက်​ကြ​၏​။ ထိုသို့ အပြစ်ဒဏ်​စီရင်​ခံရ​၍ သူ​သည် မိန်းမ​တကာ​တို့​တွင် နာမည်ပျက်​သော​မိန်းမ​ဖြစ်​လေ​၏​။
11ထို​အဖြစ်အပျက်​ကို သူ့​ညီမ​အဟောလိဗ မြင်​သော်လည်း ရာဂစိတ်​အားကြီး​၍ သူ့​အစ်မ​ထက် သာ၍​အကျင့်ပျက်ပြား​၏​။ ပြည့်တန်ဆာ​လုပ်​၍ သူ့​အစ်မ​ထက် သာ၍​ဖောက်ပြန်မှားယွင်း​၏​။ 12သူ​သည် အဆီးရီးယား​အမျိုးသား ဘုရင်ခံ​များ​၊ မင်းအရာရှိ​များ​၊ စစ်ဝတ်တန်ဆာ​ဝတ်ဆင်​ထား​သည့်​စစ်သူရဲ​များ​၊ မြင်းစီးသူရဲ​များ စသည့် ခန့်ညား​ချောမော​သော လုလင်ပျို​အပေါင်း​တို့​ကို တပ်မက်​၏​။ 13သူ​သည် ကိုယ့်ကိုယ်ကိုယ်​ညစ်ညူး​စေ​သည်​ကို ငါ​မြင်​၏​။ သူ​တို့​နှစ်​ယောက်​စလုံး အကျင့်​တူ​၏​။ 14သူ​သည် အထပ်ထပ်​ဖောက်ပြန်မှားယွင်း​၏​။ နံရံ​ပေါ်တွင် ထွင်းထု​ထား​သော ယောက်ျား​ပုံ​များ​၊ အနီရောင်​ရေးချယ်​ထား​သော ခါလဒဲ​လူမျိုး​တို့​၏​ရုပ်ပုံ​များ​၊ 15ခါးပတ်စည်း​၍ ခေါင်းပေါင်း​တွဲလောင်းကျ​နေ​သော တပ်မှူး​ပုံ​များ​၊ ခါလဒဲ​ပြည်​ဖွား ဘေဘီလုံ​စစ်သည်​တို့​၏​ပုံ​များ စသည်​တို့​ကို မြင်​သောအခါ 16တပ်မက်​သော​စိတ်​ဝင်​၍ ခါလဒဲ​ပြည်​ရှိ ထို​သူ​တို့​ထံသို့ တမန်​များ​ကို စေလွှတ်​လေ​၏​။ 17ဘေဘီလုံ​အမျိုးသား​တို့​သည်​လည်း သူ့​ထံ​ရောက်လာ​၍ သူ​နှင့်အတူ အိပ်​ကြ​၏​။ သူ​နှင့်​ဖောက်ပြန်မှားယွင်း​ပြီး သူ့​ကို​ညစ်ညူး​စေ​၏​။ ထို​သူ​တို့​ကို ရွံရှာ​သွား​သည်​အထိ သူ့​ကို​ညစ်ညူး​စေ​ကြ​၏​။ 18သူ​သည် ပေါ်ပေါ်ထင်ထင်​ဖောက်ပြန်မှားယွင်း​၏​။ အဝတ်အချည်းစည်း​နေ​၏​။ ထို့ကြောင့် ငါ​သည် သူ့​အစ်မ​ကို စွန့်ထား​ခဲ့​သကဲ့သို့ သူ့​ကို​လည်း စွန့်ထား​ခဲ့​ပြီ​။ 19သို့သော် သူ​သည် အပျိုဖြန်းဘဝ​က အီဂျစ်​ပြည်​၌ ပြည့်တန်ဆာပြု​ခဲ့​သည်​ကို သတိရ​လျက် အထပ်ထပ်​ဖောက်ပြန်မှားယွင်း​၏​။ 20မြည်း​ကဲ့သို့​၊ မြင်း​ကဲ့သို့ တဏှာရာဂစိတ်​ကြီး​သော​လင်ငယ်​များ​ကို သူ​တပ်မက်​၏​။ 21ဤသို့ သင်​သည် အီဂျစ်​ပြည်​တွင် အပျိုစင်​သားမြတ်​ကို အပွတ်သပ်​ခံ​ခဲ့​၍ အပျိုဖြန်းဘဝ​က​ပြု​ခဲ့​သော ညစ်ညမ်းမှု​ကို​သာ သင်​တမ်းတ​နေ​၏​။
22ထို့ကြောင့် အို အဟောလိဗ​၊ ဘုရားရှင်​ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ သင်​စွန့်ထား​ခဲ့​သော သင့်​ချစ်သူ​များ​ကို ငါ​နှိုးဆွ​မည်​။ သင့်​ကို​ဝိုင်းဝန်း​တိုက်ခိုက်​ရန် 23ဘေဘီလုံ​ပြည်​ရှိ ခါလဒဲ​လူမျိုး​များ​မှစ၍​၊ ပေကုပ်​လူမျိုး​၊ ရှော​လူမျိုး​၊ ကော​လူမျိုး​တို့​နှင့်တကွ သူ​တို့​နှင့်အတူ​နေထိုင်​သော အဆီးရီးယား​လူမျိုး​များ စသည့် ခန့်ညား​သော​မင်းအရာရှိ​လုလင်ပျို​များ​၊ စစ်ဗိုလ်​များ​၊ နာမည်​ကျော်ကြား​သော​တပ်မှူး​များ​၊ မြင်းစီးသူရဲ​များ​အားလုံး​တို့​ကို ငါ​ခေါ်လာ​မည်​။ 24သူ​တို့​သည် စစ်ရထား​များ​၊ လှည်း​များ​၊ လူ​အလုံးအရင်း​များ​နှင့်တကွ သင့်​ကို​လာတိုက်​လိမ့်မည်​။ ဒိုင်း​များ​၊ လွှား​များ​၊ သံခမောက်​များ​ပါ​လျက် သင့်​ကို​ဝိုင်းရံ​တပ်စွဲ​ကြ​လိမ့်မည်​။ သင့်​ကို​အပြစ်ပေး​ရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​၏​စီရင်ချက်​အတိုင်း သင့်​ကို​စီရင်​လိမ့်မည်​။ 25သဝန်တို​သော​စိတ်​ကြောင့် သင့်​ကို​ငါ​အမျက်ထွက်​သည်​ဖြစ်၍ သူ​တို့​သည် အမျက်​ပြင်းစွာ​ဖြင့် သင့်​ကို​စီရင်​လိမ့်မည်​။ သင့်​နှာခေါင်း​၊ နားရွက်​တို့​ကို ဖြတ်ပစ်​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် ဓားဘေး​ဖြင့် သေဆုံး​ရ​လိမ့်မည်​။ သင့်​သား​သမီး​တို့​ကို ဖမ်းခေါ်​သွား​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် မီးရှို့​ခံရ​မည်​။ 26သင့်​အဝတ်​များ​ကို ချွတ်ပစ်​ပြီး သင်​၏​အဖိုးတန်​ရတနာ​တို့​ကို သိမ်းယူ​သွား​လိမ့်မည်​။ 27အီဂျစ်​ပြည်​၌​သင်​ပြု​ခဲ့​သော ဖောက်ပြန်မှားယွင်းမှု​၊ ညစ်ညမ်းမှု​တို့​ကို ငါ​အဆုံးသတ်​စေ​မည်​ဖြစ်၍ သင်​သည် အီဂျစ်​ပြည်​ကို အမှတ်ရ​တော့​မည်​မ​ဟုတ်​၊ မျှော်ကြည့်​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။
28တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​မုန်းတီး​သော​သူ​တို့​လက်​သို့​၊ သင်​စွန့်ပစ်​သွား​ခဲ့​သော​သူ​တို့​လက်​သို့ သင့်​ကို​ငါ​အပ်​မည်​။ 29သူ​တို့​သည် သင့်​ကို​မုန်း​သဖြင့် သင့်​ချွေးနှဲစာ​ရှိသမျှ​ကို​ယူ​၍ သင့်​ကို အဝတ်မပါ​အချည်းစည်း ပစ်ထား​ကြ​လိမ့်မည်​။ သင်​သည် အရှက်မရှိ ပြည့်တန်ဆာ​လုပ်​ခဲ့​ပုံ​များ​၊ ညစ်ညမ်း​သော​အမှု​ပြု​ခဲ့​ပုံ​များ​၊ ဖောက်ပြန်မှားယွင်း​ခဲ့​ပုံ​များ​ကို ငါ​ဖော်ထုတ်​မည်​။ 30လူမျိုး​တကာ​တို့​နှင့်​ဖောက်ပြန်မှားယွင်း​ပြီး သူ​တို့​၏​ရုပ်တု​များ​ဖြင့် ကိုယ့်ကိုယ်ကိုယ်​ညစ်ညူး​စေ​သောကြောင့် သင့်​ကို ဤသို့​ငါ​စီရင်​မည်​။ 31သင်​သည် သင့်​အစ်မ​လိုက်​သော​လမ်း​အတိုင်း လိုက်​သဖြင့် သူ​၏​ခွက်ဖလား​ကို သင့်​လက်​သို့ ငါ​အပ်​မည်’​ဟု မိန့်​တော်မူ​၏​။
32ဘုရားရှင်​ထာဝရဘုရား​က ‘ဇောက်နက်​၍ အဝကျယ်​ပြီး များစွာ​ဆံ့​သော သင့်​အစ်မ​၏​ခွက်ဖလား​ကို သင်​သောက်​ရ​မည်​။ သင်​သည် လှောင်ပြောင်စရာ​၊ အထင်အမြင်သေးစရာ ဖြစ်​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 33‘သင့်​အစ်မ​ရှမာရိ​သောက်​သော ထိတ်လန့်စရာ​ခွက်​၊ အထီးကျန်​စေ​သော​ခွက်​ကို သင်​သည် သောက်​ပြီး မူးယစ်​ကြေကွဲ​ရ​လိမ့်မည်​။ 34သင်​သည် ထို​ခွက်​ကို တစ်စက်မကျန်​သောက်​ပြီး အစိတ်စိတ်​အမွှာမွှာ​ခွဲပစ်​မည်​။ ထို​ခွက်​အပိုင်းအစ​ဖြင့်​လည်း သင့်​သားမြတ်​ကို လှီးဖြတ်​လိမ့်မည်​။ ထိုသို့ ငါ​မိန့်ဆို​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
35တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​သည် ငါ့​ကို​မေ့လျော့​ပြီး လျစ်လျူရှု​ထား​၏​။ ထို့ကြောင့် သင်​ပြု​သော​ညစ်ညမ်းမှု​၊ ဖောက်ပြန်မှားယွင်း​မှု​များ​၏​အကျိုးဆက်​ကို သင်​ပြန်​ခံရ​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။ 36တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​အချင်း​လူသား​၊ အဟောလ​နှင့် အဟောလိဗ​ကို စီရင်​လော့​။ သူ​တို့​ပြု​သော​စက်ဆုပ်ရွံရှာဖွယ်​တို့​ကို ပြောကြား​လော့​။ 37သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၏​။ လူ​အသက်သတ်​၏​။ ရုပ်တု​များ​နှင့် ဖောက်ပြန်​၏​။ ငါ့​အဖို့ ဖွားမြင်​သော​သားသမီး​များ​ကို​ပင် ထို​ရုပ်တု​တို့​၏​အစာ​အဖြစ် ပူဇော်​ကြ​၏​။ 38ထိုမျှသာမက ငါ့​ကို သူ​တို့​ပြု​သော​အမှု​ဟူမူကား ထို​နေ့​တွင်ပင် သန့်ရှင်းရာဌာန​ကို​ညစ်ညူး​စေ​၍ ဥပုသ်နေ့​ကို​ရှုတ်ချ​ကြ​၏​။ 39သူ​တို့​သည် သားသမီး​များ​ကို​သတ်​ပြီး ရုပ်တု​များ​အား​ပူဇော်​သည့်​နေ့​တွင်ပင် သန့်ရှင်းရာဌာန​ထဲသို့​ဝင်​၍ ညစ်ညူး​စေ​ကြ​၏​။ ငါ့​အိမ်​တော်​တွင်း​၌ ဤသို့​ပြု​ကြ​ပါ​သည်​တကား​။
40ထို့ပြင် တမန်​ကို​စေလွှတ်​၍ ရပ်ဝေး​မှ​ယောက်ျား​တို့​ကို ခေါ်​၏​။ ထို​ယောက်ျား​တို့​ရောက်လာ​သောအခါ သင်​သည် ရေမိုးချိုး​လျက်​၊ မျက်လုံး​တို့​ကို ခြယ်သ​လျက်​၊ အဆင်တန်ဆာ​များ ဆင်ယင်​လျက်​၊ 41တင့်တယ်​သော​ညောင်စောင်း​ပေါ်တွင်​ထိုင်​လျက်​၊ ငါ့​အား​ပူဇော်​ရ​မည့် နံ့သာပေါင်း​နှင့်​ဆီ​ကို စားပွဲ​တွင်​တင်​ထား​၏​။ 42ထို​နေရာ​တွင် ပျော်ပါး​နေ​သော​လူအုပ်​ကြီး ဆူညံ​နေ​၏​။ တောကန္တာရ​မှ သေသောက်ကြူး​သော သာမန်​ယောက်ျား​သား​တို့​သည် သူ​တို့​လက်​တွင် လက်ကောက်​များ​၊ သူ​တို့​ခေါင်း​တွင် တင့်တယ်​သော​သရဖူ​များ​ကို ဆင်ယင်​ပေး​ကြ​လေ​ပြီ​။ 43ထိုအခါ ငါ​က ပြည့်တန်ဆာ​ဝါရင့်​နေ​သော ဤ​မိန်းမ​နှင့်​ပတ်သက်၍ ‘​ဤ​ယောက်ျား​တို့​သည် ဤ​မိန်းမ​နှင့်​ပင် ဖောက်ပြန်မှားယွင်း​နေ​ကြ​ပေ​ဦး​မည်​’​ဟု ဆို​မိ​၏​။ 44ယောက်ျား​တို့​သည် ပြည့်တန်ဆာမ​ထံ​ဝင်​သကဲ့သို့ပင် ညစ်ညမ်း​သော​မိန်းမ​များ​ဖြစ်​သည့် အဟောလ​နှင့်​အဟောလိဗ​ထံ ဝင်​ကြ​လေ​၏​။ 45သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူ​အသက်သတ်​သော​မိန်းမ ဖြစ်​ကြ​သောကြောင့် အိမ်ထောင်ရေးဖောက်ပြန်​သူ​၊ လူ​အသက်​ကို​သတ်​သူ​တို့​ကို​စီရင်​သည့်​အတိုင်း ဖြောင့်မတ်​သော​သူ​တို့​က သူ​တို့​ကို စီရင်​လိမ့်မည်​။
46ဘုရားရှင်​ထာဝရဘုရား​က ‘သူ​တို့​ထံသို့ လူအလုံးအရင်း​ကို ချီလာ​စေ​ပြီး သူ​တို့​ကို ထိတ်လန့်​စေ​မည်​၊ လုယူဖျက်ဆီး​စေ​မည်​။ 47လူအလုံးအရင်း​တို့​သည် သူ​တို့​ကို ကျောက်ခဲ​နှင့် ပေါက်သတ်​ကြ​လိမ့်မည်​၊ ဓား​ဖြင့် ခုတ်သတ်​လိမ့်မည်​။ သူ​တို့​၏​သား​သမီး​များ​ကို​လည်း သတ်​၍ အိမ်​များ​ကို​လည်း မီး​ရှို့​ပစ်​လိမ့်မည်​။ 48အခြား​သော​မိန်းမ​အပေါင်း​တို့​သည် သင်​တို့​ပြု​သကဲ့သို့ ညစ်ညမ်း​သော​အမှု​ကို​မ​ပြု​ဘဲ သင်ခန်းစာ​ယူ​နိုင်​ရန် ပြည်​ထဲ​ရှိ ညစ်ညမ်းမှု​တို့​ကို ငါ​အဆုံးသတ်​ပစ်​မည်​။ 49သူ​တို့​သည် သင်​ပြု​ခဲ့​သော​ညစ်ညမ်းမှု​အပြစ်​ကို ပြန်​ခံ​စေ​မည် ရုပ်တု​နောက်​လိုက်​သည့်​အပြစ်​တို့​ကို သင်​ပြန်​ခံရ​မည်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in