YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 22

22
ဂျေရုဆလင်မြို့ ကျူးလွန်သောအပြစ်များ
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ လူသတ်​သော​မြို့​ကို သင်​စီရင်​လော့​၊ စီရင်​လော့​။ ထို​မြို့​၌​ပြု​သမျှ​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို ဖော်ပြ​လော့​။ 3ဘုရားရှင်​ထာဝရဘုရား​က ‘လူ့​အသက်​ကို သတ်​သော​မြို့​၊ ရုပ်တု​များ​ကို​ပြုလုပ်​ပြီး မိမိကိုယ်ကို ညစ်ညူး​စေ​သောကြောင့် သူ​ပျက်စီး​ရ​မည့်​အချိန် ကျရောက်​လေ​ပြီ​။ 4လူ့​အသက်​ကို​သတ်​သောကြောင့် သင့်​အပေါ် အပြစ်​သက်ရောက်​ပြီ​။ သင်​ထုလုပ်​သော​ရုပ်တု​များ​အားဖြင့် သင်​ညစ်ညူး​လေ​ပြီ​။ သင်​အပြစ်ဒဏ်​ခံရ​မည့်​နေ့ရက်​ကို သင်​နီး​စေ​လေ​ပြီ​။ သင်​၏​နှစ်ကာလ ကုန်ဆုံး​တော့​မည်​။ ထို့ကြောင့် ငါ​သည် သင့်​ကို အတိုင်းတိုင်း​အပြည်ပြည်​တွင် လူမျိုးတကာ​တို့ ကဲ့ရဲ့​ပြောင်လှောင်စရာ​ဖြစ်​စေ​ပြီ​။ 5နာမည်ဆိုး​ရှိ​သော​၊ ဝရုန်းသုန်းကား​ဖြစ်​နေ​သော သင့်​ကို ရပ်နီး​၊ ရပ်ဝေး​ရှိ​မြို့​များ​က ပြောင်လှောင်​ကြ​လိမ့်မည်​။
6ကြည့်ရှု​လော့​။ အာဏာ​သုံး​ပြီး လူသတ်​သော အစ္စရေး​ခေါင်းဆောင်​များ သင့်​တွင်​ရှိ​၏​။ 7မိဘ​ကို မထီလေးစားပြု​သော​သူ​များ သင့်​တွင်​ရှိ​၏​။ တိုင်းတစ်ပါးသား​တို့​ကို ဖိနှိပ်ချုပ်ချယ်​သော​သူ​များ သင့်​တွင်​ရှိ​၏​။ ဖတဆိုး​များ​၊ မုဆိုးမ​များ​ကို နိုင်ထက်စီးနင်း​ပြု​သော​သူ​များ​သင့်​တွင်​ရှိ​၏​။ 8သင်​သည် ငါ​၏​သန့်ရှင်းရာဌာန​ကို မထီမဲ့မြင်ပြု​ပြီ​။ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ပြီ​။ 9သူတစ်ပါး​အသက်​ကို​သတ်​လို​၍ ချောက်တွန်း​သော​သူ​၊ တောင်​များ​ပေါ်၌ ပူဇော်သောအစာ​ကို စား​သော​သူ​၊ သင့်​ထဲ​တွင် ညစ်ညမ်း​သော​အမှု​ကို ပြု​သော​သူ​များ သင့်​တွင်​ရှိ​၏​။ 10သင့်​ထဲ​တွင် ဖခင်​၏​မယား​နှင့် ဆက်ဆံ​သော​သူ​ရှိ​၏​။ သင့်​ထဲ​တွင် ဓမ္မတာလာ​ချိန်​မစင်ကြယ်​သော​မိန်းမ​ကို အဓမ္မပြုကျင့်​သော​သူ​ရှိ​၏​။ 11တစ်ယောက်​က အိမ်နီးချင်း​မယား​နှင့် ဖောက်ပြန်​၍ တစ်ယောက်​က ချွေးမ​ကို ညစ်ညမ်း​အောင်​ပြု​၏​။ တစ်ယောက်​က အဖေတူအမေကွဲ​အစ်မ​၊ သို့မဟုတ် နှမ​ကို အဓမ္မပြုကျင့်​၏​။ 12သူ​တို့​သည် တံစိုးလက်ဆောင်​ယူ​၍ လူ​အသက်​ကို သတ်​ကြ​၏​။ သင်​သည် အတိုး​အမြတ်​ယူ​၍ အိမ်နီးချင်း​၏​ပစ္စည်း​ကို အနိုင်အထက်​လုယူ​၏​။ ငါ့​ကို​လည်း မေ့လျော့​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။
13သို့ဖြစ်၍ ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ သင့်​အလယ်​တွင် မတရား​အကျိုးစီးပွား​ရှာ​သော​အပြစ်​၊ လူ​အသက်သတ်​သော​အပြစ်​ကြောင့် သင့်​ကို ငါ​ဒဏ်ခတ်​မည်​။ 14သင့်​ကို ဒဏ်ခတ်​သောအခါ သင်​ခံရပ်​နိုင်​မည်လော​။ သင့်​လက်​တို့ အားကြီး​နိုင်​မည်လော​။ ငါ​ထာဝရဘုရား​သည် မိန့်ဆို​သည့်​အတိုင်း ပြု​မည်​။ 15သင့်​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။ အရပ်ရပ်​သို့ ပျံ့နှံ့​စေ​မည်​။ သင်​၏​အညစ်အကြေး​ကို သင့်​ထံမှ အကုန်အစင်​ဖယ်ရှား​ပစ်​မည်​။ 16လူမျိုးခြား​တို့​ရှေ့​တွင် သင်​အရှုတ်ချ​ခံရ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
ထာဝရဘုရားမီးပြင်းဖို ဂျေရုဆလင်မြို့
17တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 18“​အချင်း​လူသား​၊ အစ္စရေး​အမျိုးအနွယ်​သည် ချော်​နှင့်​တူ​လေ​ပြီ​။ သူ​တို့​အားလုံး​သည် မီးပြင်းဖို​ထဲမှ ကြေးနီ​၊ သံဖြူ​၊ သံ​၊ ခဲ​များ​ဖြစ်​ကြ​ပြီ​။ ငွေ​စစ်ရာ​မှ ထွက်လာ​သော​ချော် ဖြစ်​ကြ​ပြီ​။ 19ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​တို့​အားလုံး ချော်​ဖြစ်သွား​သောကြောင့် ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ကို ဂျေရုဆလင်​မြို့​အလယ်​မှာ စုဝေး​စေ​မည်​။ 20လူ​တို့​သည် ငွေ​၊ ကြေးနီ​၊ သံ​၊ ခဲ​၊ သံဖြူ​တို့​ကို မီးပြင်းဖို​ထဲ​သို့​ထည့်​ပြီး မီး​မှုတ်​အရည်ကြို​သကဲ့သို့ သင်​တို့​ကို​စု​ပြီး ငါ့​အမျက်​ဒေါသ​မီး​ထဲ​ထည့်​၍ သင်​တို့​ကို အရည်ကြို​မည်​။ 21သင်​တို့​ကို​စုထား​ပြီး သင်​တို့​အပေါ် ငါ့​အမျက်​မီး​မှုတ်​ခြင်း​ဖြင့် သင်​တို့​အရည်ပျော်​ရ​လိမ့်မည်​။ 22ငွေ​သည် မီးပြင်းဖို​ထဲ​၌ အရည်ပျော်​ရ​သကဲ့သို့ သင်​တို့​သည်​လည်း ထို​မီး​ထဲ​တွင် အရည်ပျော်​ရ​လိမ့်မည်​။ ထိုအခါ ငါ​ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်​တော်​သွန်ချ​တော်မူ​ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
ပြည်သားတို့ ကျူးလွန်သောအပြစ်များ
23တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 24“​အချင်း​လူသား​၊ ထို​မြို့​အား ‘​အမျက်ထွက်​တော်မူ​ရာ​နေ့​တွင် သင်​သည် မ​စင်ကြယ်​သော​မြို့​၊ မိုး​မ​စို​သော​မြို့ ဖြစ်​၏’​ဟု ဆင့်ဆို​လော့​။ 25ထို​မြို့​တွင် ပရောဖက်​တို့​သည် လျှို့ဝှက်ကြံစည်​၍ သားကောင်​ကို​ဟိန်းဟောက်​ကိုက်ဖဲ့​သည့်​ခြင်္သေ့​ကဲ့သို့ လူ​တို့​ကို​ဝါးမျို​၍ သူ​တို့​၏​ဥစ္စာ​ရတနာ​များ​ကို ယူ​ကြ​၏​။ ထို​မြို့​တွင် မိန်းမ​အမြောက်အမြား​ကို မုဆိုးမ​ဘဝ​သို့​ရောက်​စေ​၏​။ 26ယဇ်ပုရောဟိတ်​တို့​သည်​လည်း ငါ​၏​ပညတ်တရား​ကို ချိုးဖောက်​၍ သန်ု့ရှင်းသောအရာ​တို့​ကို ညစ်ညူး​စေ​ကြ​၏​။ သန့်ရှင်းသောအရာ​နှင့် မသန့်ရှင်း​သော​အရာ​တို့​ကို မ​ခွဲခြား​ပြ​။ မစင်ကြယ်​သော​အရာ​နှင့် စင်ကြယ်​သော​အရာ​တို့​ကို​လည်း မ​သွန်သင်​ပြ​။ ဥပုသ်နေ့​ကို လျစ်လျူရှု​ကြ​၍ ငါ့​ကို ရှုတ်ချစရာ​ဖြစ်​အောင် ပြု​ကြ​ပြီ​။
27မြို့​၌​ရှိ​သော​အကြီးအကဲ​တို့​သည်​လည်း သားကောင်​ကို​ကိုက်ဖဲ့​သော​ဝံပုလွေ​ကဲ့သို့ လူ​ကို သတ်ဖြတ်​ဖျက်ဆီး​ကြ​၍ ဥစ္စာပစ္စည်း​တို့​ကို လုယူ​ကြ​၏​။ 28ပရောဖက်​တို့​သည် ထုံးဖြူ​သုတ်​သော​သူ​များ ဖြစ်​ကြ​၏​။ စိတ်အာရုံ​ထဲ၌ အချည်းနှီး​သော​အရာ​ကို​မြင်​၍ ဂမ္ဘီရအတတ်​ဖြင့် လိမ်လည်​ဟောပြော​ကြ​၏​။ ထာဝရဘုရား မိန့်​တော်​မ​မူ​ဘဲ ‘​ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​’​ဟု ဆို​ကြ​၏​။ 29ပြည်သား​တို့​သည်​လည်း အကျင့်ဆိုး​ကို ကျင့်​ကြ​၏​။ ခိုးဆိုးတိုက်ခိုက်​ကြ​၏​။ ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​အား နိုင်ထက်စီးနင်း​ပြု​ကြ​၏​။ တိုင်းတစ်ပါးသား​တို့​အား မတရား​နှိပ်စက်​ကြ​၏​။ 30ထို​ပြည် ဖျက်ဆီး​မ​ခံရ​အောင် မြို့ရိုး​ကို​ပြုပြင်​မည့်​သူ​၊ ထို​ပြည်​ကိုယ်စား ကျိုးပေါက်​ရာ​၌ ငါ့​ရှေ့​တွင်​ရပ်​မည့်​သူ​ကို ထို​မြို့​တွင် ငါ​ရှာ​သော်လည်း တစ်ယောက်မျှ​မ​တွေ့​။ 31ထို့ကြောင့် ငါ့​အမျက်​ဒေါသ​ကို သူ​တို့​အပေါ် သွန်ချ​မည်​။ ငါ့​အမျက်​မီး​ဖြင့် သူ​တို့​ကို လောင်ကျွမ်း​စေ​မည်​။ သူ​တို့​ပြုကျင့်​ခဲ့​သည့်​အတိုင်း သူ​တို့​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 22