ယေဇကျေလအနာဂတ္တိကျမ်း 22
22
ဂျေရုဆလင်မြို့ ကျူးလွန်သောအပြစ်များ
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“အချင်းလူသား၊ လူသတ်သောမြို့ကို သင်စီရင်လော့၊ စီရင်လော့။ ထိုမြို့၌ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ဖော်ပြလော့။ 3ဘုရားရှင်ထာဝရဘုရားက ‘လူ့အသက်ကို သတ်သောမြို့၊ ရုပ်တုများကိုပြုလုပ်ပြီး မိမိကိုယ်ကို ညစ်ညူးစေသောကြောင့် သူပျက်စီးရမည့်အချိန် ကျရောက်လေပြီ။ 4လူ့အသက်ကိုသတ်သောကြောင့် သင့်အပေါ် အပြစ်သက်ရောက်ပြီ။ သင်ထုလုပ်သောရုပ်တုများအားဖြင့် သင်ညစ်ညူးလေပြီ။ သင်အပြစ်ဒဏ်ခံရမည့်နေ့ရက်ကို သင်နီးစေလေပြီ။ သင်၏နှစ်ကာလ ကုန်ဆုံးတော့မည်။ ထို့ကြောင့် ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တွင် လူမျိုးတကာတို့ ကဲ့ရဲ့ပြောင်လှောင်စရာဖြစ်စေပြီ။ 5နာမည်ဆိုးရှိသော၊ ဝရုန်းသုန်းကားဖြစ်နေသော သင့်ကို ရပ်နီး၊ ရပ်ဝေးရှိမြို့များက ပြောင်လှောင်ကြလိမ့်မည်။
6ကြည့်ရှုလော့။ အာဏာသုံးပြီး လူသတ်သော အစ္စရေးခေါင်းဆောင်များ သင့်တွင်ရှိ၏။ 7မိဘကို မထီလေးစားပြုသောသူများ သင့်တွင်ရှိ၏။ တိုင်းတစ်ပါးသားတို့ကို ဖိနှိပ်ချုပ်ချယ်သောသူများ သင့်တွင်ရှိ၏။ ဖတဆိုးများ၊ မုဆိုးမများကို နိုင်ထက်စီးနင်းပြုသောသူများသင့်တွင်ရှိ၏။ 8သင်သည် ငါ၏သန့်ရှင်းရာဌာနကို မထီမဲ့မြင်ပြုပြီ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေပြီ။ 9သူတစ်ပါးအသက်ကိုသတ်လို၍ ချောက်တွန်းသောသူ၊ တောင်များပေါ်၌ ပူဇော်သောအစာကို စားသောသူ၊ သင့်ထဲတွင် ညစ်ညမ်းသောအမှုကို ပြုသောသူများ သင့်တွင်ရှိ၏။ 10သင့်ထဲတွင် ဖခင်၏မယားနှင့် ဆက်ဆံသောသူရှိ၏။ သင့်ထဲတွင် ဓမ္မတာလာချိန်မစင်ကြယ်သောမိန်းမကို အဓမ္မပြုကျင့်သောသူရှိ၏။ 11တစ်ယောက်က အိမ်နီးချင်းမယားနှင့် ဖောက်ပြန်၍ တစ်ယောက်က ချွေးမကို ညစ်ညမ်းအောင်ပြု၏။ တစ်ယောက်က အဖေတူအမေကွဲအစ်မ၊ သို့မဟုတ် နှမကို အဓမ္မပြုကျင့်၏။ 12သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
13သို့ဖြစ်၍ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင့်အလယ်တွင် မတရားအကျိုးစီးပွားရှာသောအပြစ်၊ လူအသက်သတ်သောအပြစ်ကြောင့် သင့်ကို ငါဒဏ်ခတ်မည်။ 14သင့်ကို ဒဏ်ခတ်သောအခါ သင်ခံရပ်နိုင်မည်လော။ သင့်လက်တို့ အားကြီးနိုင်မည်လော။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်း ပြုမည်။ 15သင့်ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အရပ်ရပ်သို့ ပျံ့နှံ့စေမည်။ သင်၏အညစ်အကြေးကို သင့်ထံမှ အကုန်အစင်ဖယ်ရှားပစ်မည်။ 16လူမျိုးခြားတို့ရှေ့တွင် သင်အရှုတ်ချခံရသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထာဝရဘုရားမီးပြင်းဖို ဂျေရုဆလင်မြို့
17တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 18“အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သည် ချော်နှင့်တူလေပြီ။ သူတို့အားလုံးသည် မီးပြင်းဖိုထဲမှ ကြေးနီ၊ သံဖြူ၊ သံ၊ ခဲများဖြစ်ကြပြီ။ ငွေစစ်ရာမှ ထွက်လာသောချော် ဖြစ်ကြပြီ။ 19ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့အားလုံး ချော်ဖြစ်သွားသောကြောင့် ကြည့်ရှုလော့။ ငါသည် သင်တို့ကို ဂျေရုဆလင်မြို့အလယ်မှာ စုဝေးစေမည်။ 20လူတို့သည် ငွေ၊ ကြေးနီ၊ သံ၊ ခဲ၊ သံဖြူတို့ကို မီးပြင်းဖိုထဲသို့ထည့်ပြီး မီးမှုတ်အရည်ကြိုသကဲ့သို့ သင်တို့ကိုစုပြီး ငါ့အမျက်ဒေါသမီးထဲထည့်၍ သင်တို့ကို အရည်ကြိုမည်။ 21သင်တို့ကိုစုထားပြီး သင်တို့အပေါ် ငါ့အမျက်မီးမှုတ်ခြင်းဖြင့် သင်တို့အရည်ပျော်ရလိမ့်မည်။ 22ငွေသည် မီးပြင်းဖိုထဲ၌ အရည်ပျော်ရသကဲ့သို့ သင်တို့သည်လည်း ထိုမီးထဲတွင် အရည်ပျော်ရလိမ့်မည်။ ထိုအခါ ငါထာဝရဘုရားသည် သင်တို့အပေါ် အမျက်တော်သွန်ချတော်မူကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ပြည်သားတို့ ကျူးလွန်သောအပြစ်များ
23တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 24“အချင်းလူသား၊ ထိုမြို့အား ‘အမျက်ထွက်တော်မူရာနေ့တွင် သင်သည် မစင်ကြယ်သောမြို့၊ မိုးမစိုသောမြို့ ဖြစ်၏’ဟု ဆင့်ဆိုလော့။ 25ထိုမြို့တွင် ပရောဖက်တို့သည် လျှို့ဝှက်ကြံစည်၍ သားကောင်ကိုဟိန်းဟောက်ကိုက်ဖဲ့သည့်ခြင်္သေ့ကဲ့သို့ လူတို့ကိုဝါးမျို၍ သူတို့၏ဥစ္စာရတနာများကို ယူကြ၏။ ထိုမြို့တွင် မိန်းမအမြောက်အမြားကို မုဆိုးမဘဝသို့ရောက်စေ၏။ 26ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏ပညတ်တရားကို ချိုးဖောက်၍ သန်ု့ရှင်းသောအရာတို့ကို ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာနှင့် မသန့်ရှင်းသောအရာတို့ကို မခွဲခြားပြ။ မစင်ကြယ်သောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း မသွန်သင်ပြ။ ဥပုသ်နေ့ကို လျစ်လျူရှုကြ၍ ငါ့ကို ရှုတ်ချစရာဖြစ်အောင် ပြုကြပြီ။
27မြို့၌ရှိသောအကြီးအကဲတို့သည်လည်း သားကောင်ကိုကိုက်ဖဲ့သောဝံပုလွေကဲ့သို့ လူကို သတ်ဖြတ်ဖျက်ဆီးကြ၍ ဥစ္စာပစ္စည်းတို့ကို လုယူကြ၏။ 28ပရောဖက်တို့သည် ထုံးဖြူသုတ်သောသူများ ဖြစ်ကြ၏။ စိတ်အာရုံထဲ၌ အချည်းနှီးသောအရာကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်လည်ဟောပြောကြ၏။ ထာဝရဘုရား မိန့်တော်မမူဘဲ ‘ဘုရားရှင်ထာဝရဘုရား မိန့်တော်မူပြီ’ဟု ဆိုကြ၏။ 29ပြည်သားတို့သည်လည်း အကျင့်ဆိုးကို ကျင့်ကြ၏။ ခိုးဆိုးတိုက်ခိုက်ကြ၏။ ဆင်းရဲနွမ်းပါးသောသူတို့အား နိုင်ထက်စီးနင်းပြုကြ၏။ တိုင်းတစ်ပါးသားတို့အား မတရားနှိပ်စက်ကြ၏။ 30ထိုပြည် ဖျက်ဆီးမခံရအောင် မြို့ရိုးကိုပြုပြင်မည့်သူ၊ ထိုပြည်ကိုယ်စား ကျိုးပေါက်ရာ၌ ငါ့ရှေ့တွင်ရပ်မည့်သူကို ထိုမြို့တွင် ငါရှာသော်လည်း တစ်ယောက်မျှမတွေ့။ 31ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
Currently Selected:
ယေဇကျေလအနာဂတ္တိကျမ်း 22: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative