YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 21

21
ထာဝရဘုရား၏ဓားတော်
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​သို့ မျက်နှာမူ​ပြီး သန့်ရှင်းရာဌာန​များ​ကို ဆန့်ကျင်​၍ ဟောပြော​လော့​။ အစ္စရေး​ပြည်​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။ 3အစ္စရေး​ပြည်​အား ‘​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို ဆန့်ကျင်​မည်​။ ဓားအိမ်​ထဲမှ​ဓား​ကို ဆွဲထုတ်​၍ သင့်​အထဲ​မှ လူဆိုး​လူကောင်း​မ​ကျန် သုတ်သင်​ပစ်​မည်​။ 4ငါ့​ဓား​ကို ဓားအိမ်​ထဲမှ ဆွဲထုတ်​၍ သင့်​အထဲ​မှ လူဆိုး​လူကောင်း​မကျန် ငါ​သုတ်သင်​မည်​ဖြစ်​သောကြောင့် တောင်​အရပ်​မှ​မြောက်အရပ်​တိုင်အောင် လူ​အားလုံး သုတ်သင်​ခံရ​လိမ့်မည်​။ 5ထိုအခါမှ ငါ​ထာဝရဘုရား​သည် ဓားအိမ်​ထဲမှ ဓား​ကို​ဆွဲထုတ်​၍ နောက်တစ်ဖန် ပြန်​မ​သွင်း​ကြောင်း​ကို လူ​အပေါင်း​တို့​သိ​ရ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏’​ဟု ဆင့်ဆို​လော့​။
6သို့ဖြစ်၍ အချင်း​လူသား​၊ ညည်းတွား​လော့​။ သူ​တို့​ရှေ့​တွင် နှလုံးကြေကွဲ​စွာ​၊ ခါးသီး​စွာ ညည်းတွား​လော့​။ 7သူ​တို့​က ‘​သင်​အဘယ်ကြောင့် ညည်းတွား​သနည်း​’​ဟု မေး​လျှင် သင်​က ‘​ကြား​ရ​သော​သတင်းစကား​ကြောင့်​ဖြစ်​၏​။ ကြား​ရ​သော​သတင်း​အတိုင်း ဖြစ်ပျက်​လာ​လျှင် လူ​တိုင်း စိတ်အားလျော့​မည်​၊ လက်ပန်းကျ​မည်​၊ စိတ်ဓာတ်ကျ​၍ ဒူး​များ​ပျော့ခွေ​သွား​လိမ့်မည်​’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
8တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 9“​အချင်း​လူသား​၊ ပရောဖက်ပြု​၍ ဤသို့​ဆင့်ဆို​လော့​။ ဘုရားရှင်​က ‘​ဓား​တစ်​လက်​ရှိ​၏​။ ထို​ဓား​ကို​ထက်​အောင်​၊ ပြောင်လက်​အောင် သွေး​ထား​လေ​ပြီ​။ 10ဓား​ကို​ပြောင်လက်​အောင်​၊ ထက်​အောင် သွေး​ပြီး သတ်ပွဲကြီး​ဖြစ်​တော့​မည်​ကို ငါ​တို့​ဝမ်းသာ​ရ​မည်လော​။ ငါ့​သား​၏​ရာဇလှံတံ​သည်​လည်း အခြား​သစ်ပင်​များ​နည်းတူ သုတ်သင်ပယ်ရှင်း​ခံရ​တော့​မည်​။ 11ဓား​ကို သွေး​သူ​လက်​သို့ အပ်​လိုက်​လေ​ပြီ​။ သူ​သည် ပြောင်လက်​အောင်​၊ ထက်​အောင် သွေး​ပြီး လူသတ်​လက်​သို့ အပ်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။ 12‘အချင်း​လူသား​၊ ငိုကြွေး​မြည်တမ်း​လော့​။ အကြောင်းမှာ ဓား​သည် ငါ့​လူမျိုး​တော်​ကို တိုက်ခိုက်​လေ​ပြီ​။ အစ္စရေး​ခေါင်းဆောင်​တို့​ကို တိုက်ခိုက်​လေ​ပြီ​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​နှင့်အတူ ဓား​လက်​သို့​ကျရောက်​သည်​ဖြစ်၍ ရင်ဘတ်စည်တီး​လော့​။ 13လှံတံ​ကို စစ်ကြော​၍ သုတ်သင်ပယ်ရှင်း​ပစ်​တော့​မည်​။ လှံတံ​မ​ရှိ​လျှင် မည်သို့​ဖြစ်​မည်နည်း’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 14‘အချင်း​လူသား​၊ ပရောဖက်ပြု​ဟောပြော​လော့​။ လက်ခုပ်တီး​လော့​။ ဓား​ကို နှစ်ကြိမ်​မက သုံးကြိမ်​မြှောက်​လော့​။ ဤ​ဓား​သည် သတ်ဖြတ်​မည့်​ဓား​၊ သူ​တို့​ကို​ဝိုင်းရံ​ပြီး သတ်ပွဲနွှဲ​မည့်​ဓား​ဖြစ်​၏​။ 15ထို့ကြောင့် သူ​တို့ စိတ်ပျက်အားလျော့​ကြ​လိမ့်မည်​။ လူသတ်​သော​ဓား​ကို​မြို့​တံခါး​ရှိသမျှ​၌ ငါ​ချထား​ပြီ​။ အတုံးအရုံး​လဲကျသေဆုံး​ကြ​ရ​လိမ့်မည်​။ လျှပ်စီး​ကဲ့သို့ ဝင်းလက်​အောင် သွေး​ထား​သော လူသတ်​မည့်​ဓား ပါတကား​။ 16ယာဘက်​မှာ​သတ်​၊ ဝဲဘက်​မှာ​လည်း​သတ်​၊ မြင်​လေသမျှ​ကို သတ်ပစ်​လိုက်​။ 17ငါ​လက်ခုပ်တီး​မည်​။ ငါ့​အမျက်​ဒေါသ​လည်း ပြေ​သွား​မည်’​ဟူ၍ ငါ​ထာဝရဘုရား​မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။
18တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 19“​အချင်း​လူသား​၊ ဘေဘီလုံ​ဘုရင်​၏​ဓား​သွား​မည့်​လမ်း​နှစ်​လမ်း​ကို မှတ်သား​လော့​။ ထို​လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲမှ အစပြု​၍​ထွက်လာ​သော​လမ်း​ဖြစ်​၏​။ မြို့​ထဲသို့​သွား​သော​လမ်းခွ​၌ အမှတ်အသား​လုပ်​ထား​လော့​။ 20အမ္မုန်​ပြည်​၊ ရဗ္ဗာ​မြို့​သို့ ဓား​သွား​မည့်​လမ်း​တစ်​လမ်း​နှင့် ယုဒ​ပြည်​၊ ဂျေရုဆလင်​ခံတပ်​မြို့​သို့ ဓား​သွား​မည့်​လမ်း​တစ်​လမ်း​ကို မှတ်သား​ရ​မည်​။ 21ဘေဘီလုံ​ဘုရင်​သည် လမ်း​နှစ်​လမ်း​ဆုံရာ လမ်းခွ​၌​ရပ်​၍ ဗေဒင်တွက်​၏​။ သူ​သည် မြား​တို့​ကို ခလောက်​၍​မဲချ​၏​။ ရုပ်တု​များ#21:21 သို့မဟုတ် “တေရပ်ရုပ်တုများ”။​ကို မေးမြန်း​၏​။ အသည်း​ဗေဒင်​ကို ဖတ်​၏​။ 22ဂျေရုဆလင်​မြို့​သို့​သွား​၍ တုံးမောင်း​ကို​ချထား​ရန်​၊ သတ်မိန့်​ပေး​ရန်​၊ စစ်ငြာသံ​ပေး​ရန်​၊ တုံးမောင်း​ကို​ချထား​ပြီး မြို့​တံခါး​ကို ဖြိုဖျက်​ရန်​၊ မြေကတုတ်​များ​နှင့် ခံတပ်​များ​ကို တည်ဆောက်​ရန် သူ​၏​လက်ယာ​လက်​ထဲသို့ မဲကျ​၏​။ 23ဘေဘီလုံ​ဘုရင်​ထံ သစ္စာခံ​ထား​သော​သူ​တို့​က ထို​ဗေဒင်​သည် မဟုတ်မမှန်​ဟု ထင်မှတ်​ကြ​လိမ့်မည်​။ သို့သော် ဘေဘီလုံ​ဘုရင်​သည် သူ​တို့​အား ဖမ်းခေါ်​သွား​ပြီး သူ​တို့​အပြစ်​ကို ပြန်​သတိရ​စေ​မည်​။
24ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​ထိုသို့ သင်​တို့​၏​အပြစ်​များ​ကို​ပြန်​သတိရ​စေ​သောကြောင့် သင်​တို့​ပုန်ကန်​သော​အပြစ်​များ​လည်း ပေါ်လာ​၍ သင်​တို့​ကျူးလွန်​သော​အပြစ်​အားလုံး ထင်ရှား​လာ​မည်​။ သင်​တို့​၏​အပြစ်​များ​ကို​ပြန်​သတိရ​စေ​သောကြောင့် သင်​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​။ 25အို သေဒဏ်​ခံရ​မည့်​ဆိုးယုတ်​သော​အစ္စရေး​၏​ခေါင်းဆောင်​၊ သင်​အပြီးသတ်​ဒဏ်ခတ်​ခံရ​မည့် နေ့ရက်​အချိန်​ရောက်လာ​ပြီ’​ဟု မိန့်​တော်မူ​၏​။ 26ဘုရားရှင်​ထာဝရဘုရား​က ‘ခေါင်းပေါင်း​ကို​ချွတ်​လော့​။ သရဖူ​ကို​ဖယ်ရှား​လော့​။ ဤအတိုင်း​မ​ရှိ​စေ​ရ​။ နိမ့်ကျ​သော​သူ​ကို​ချီးမြှောက်​၍ ကြီးမြတ်​သော​သူ​ကို နိမ့်ကျ​စေ​မည်​။ 27ဖျက်ဆီး​မည်​၊ ဖျက်ဆီး​မည်​၊ ငါ​ဖျက်ဆီး​ပစ်​မည်​။ စီရင်ပိုင်သူ​ရောက်လာ​၍ သူ့​လက်​သို့​မ​အပ်​မ​ချင်း ဤအတိုင်း​မ​ရှိ​စေ​ရ​’​ဟု မိန့်​တော်မူ​၏​။
28အချင်း​လူသား​၊ ပရောဖက်ပြု​၍ ဤသို့​ဆင့်ဆို​လော့​။ အမ္မုန်​အမျိုးသား​များ​နှင့်​ပတ်သက်၍​၊ သူ​တို့​ကဲ့ရဲ့ပြစ်တင်​သော​အမှု​နှင့်​ပတ်သက်၍ ဘုရားရှင်​ထာဝရဘုရား​က ‘​ဓား​၊ ဓား​ကို​ထုတ်​ထား​ပြီ​။ သတ်ဖြတ်​ရန် ပြောင်လက်​အောင် သွေး​ထား​ပြီ​ဖြစ်၍ ဓားသွား​မှာ​ဝင်းလက်​နေ​ပြီ​။ 29သင်​တို့​သည် မဟုတ်မမှန်​သည်​ကို​မြင်​ပြီး အလိမ်အညာ​ဗေဒင်​များ​ကို ဟောပြော​နေ​စဉ်တွင် အပြီးသတ်​ဒဏ်ခတ်​မည့်​နေ့ရက်​သည် ရောက်လာ​ပြီး ဓား​တော်​သည် သေဒဏ်​ခံရ​မည့် ဆိုးယုတ်​သူ​တို့​၏​လည်ပင်း​ပေါ်တွင် တင်​ထား​လျက်​ရှိ​လေ​ပြီ​။ 30ဓား​ကို ဓားအိမ်​သို့ ပြန်သွင်း​လော့​။ စင်စစ် သင်​မွေးဖွား​ရာ​သင့်​ဇာတိ​မြေ​တွင်ပင် သင့်​ကို ငါ​စီရင်​မည်​။ 31ငါ့​အမျက်​ကို သင့်​အပေါ်​သွန်ချ​မည်​။ ဒေါသ​မီး​ဖြင့် မှုတ်ထုတ်​ပစ်​မည်​။ သင့်​ကို ရက်စက်ကြမ်းကြုတ်​သော အဖျက်သမား​တို့​လက်​သို့​အပ်​မည်​။ 32သင်​သည် လောင်စာ​ဖြစ်​မည်​။ ဤ​ပြည်​တွင် သင်​အသတ်​ခံရ​မည်​။ သင့်​ကို အောက်မေ့​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos For ယေဇကျေလအနာဂတ္တိကျမ်း 21