YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 25

25
လူမျိုးခြားတို့ကိုဆန့်ကျင်၍ ‌ပရောဖက်ပြုဟောပြောခြင်း
အမ္မုန်အမျိုးသားတို့ကို ပြစ်ဒဏ်စီရင်ခြင်း
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ အမ္မုန်​အမျိုးသား​တို့​ဘက်​သို့ မျက်နှာမူ​ပြီး သူ​တို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ 3အမ္မုန်​အမျိုးသား​တို့​အား ဘုရားရှင်​ထာဝရဘုရား​၏ စကား​တော်​ကို နားထောင်​ကြ​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သန့်ရှင်းရာဌာန ညစ်ညူး​သွား​ခဲ့​စဉ်က​၊ အစ္စရေး​ပြည်​ကြီး ဆိတ်သုဉ်း​သွား​ခဲ့​စဉ်က​၊ ယုဒ​အမျိုး ဖမ်းခေါ်​သွား​ခြင်း​ခံရ​စဉ်က သင်​တို့​ဟားတိုက်​ခဲ့​ကြ​သောကြောင့် 4သင်​တို့​ကို အရှေ့​ပြည်သား​တို့​လက်​သို့ အပိုင်​ပေးအပ်​မည်​။ သူ​တို့​သည် သင်​တို့​၌ စခန်းချ​၊ တဲထိုး​နေ​ကြ​လိမ့်မည်​။ သင်​တို့​၏​အသီးအနှံ​များ​ကို စား​ကြ​လိမ့်မည်​။ သင်​တို့​၏​နွားနို့​များ​ကို​လည်း သောက်​ကြ​လိမ့်မည်​။ 5ရဗ္ဗာ​မြို့​ကို ကုလားအုတ်​တို့​ကျက်စား​ရာ​၊ အမ္မုန်​ပြည်#25:5 တိုက်ရိုက်ပြန်ဆိုလျှင် “အမ္မုန်အမျိုးသားတို့”။​ကို သိုး​များ​နားနေရာ ဖြစ်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
6ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် ဝမ်းမြောက်ဝမ်းသာ​လက်ခုပ်တီး​ကခုန်​လျက် အစ္စရေး​ပြည်​ကို ပြောင်လှောင်​သောကြောင့် 7ငါ​သည် လက်​ကို​ဆန့်​၍ သင်​တို့​ကို ဆန့်ကျင်​မည်​။ သင်​တို့​ကို လုယက်ပစ္စည်း​အဖြစ် လူမျိုးခြား​တို့​လက်​သို့​အပ်​မည်​။ လူမျိုးတကာ​တို့​ထဲမှ ဖယ်ရှား​ပစ်​မည်​။ အတိုင်းတိုင်း​အပြည်ပြည်​ထဲမှ ဖျောက်ဖျက်​ပစ်​မည်​။ သုတ်သင်ပယ်ရှင်း​ပစ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
မောဘပြည်ကို ပြစ်ဒဏ်စီရင်ခြင်း
8တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မောဘ​ပြည်​နှင့် စိရ​ပြည်​တို့​က ယုဒ​အမျိုး​သည် လူမျိုးခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​ဟု ဆို​ကြ​သောကြောင့် 9မောဘ​ပြည်​တောင်စောင်း​တစ်လျှောက် အရေးပါ​သော​နယ်စပ်​မြို့​များ​ဖြစ်​သည့် ဗက်ယေရှိမုတ်​မြို့​၊ ဗာလမုန်​မြို့​၊ ကိရယသိမ်​မြို့​တို့​ကို ငါ​ကျိုးပေါက်​စေ​မည်​။ 10ထို​မြို့​တို့​ကို အမ္မုန်​အမျိုးသား​တို့​နှင့်အတူ အရှေ့​ပြည်သား​တို့​လက်​သို့ အပိုင်​ပေး​လိုက်​မည်​။ ထို့ကြောင့် လူမျိုးတကာ​တို့​သည် အမ္မုန်​အမျိုးသား​ကို သတိရ​ကြ​တော့​မည်​မ​ဟုတ်​။ 11မောဘ​ပြည်​ကို​လည်း ဒဏ်ခတ်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
ဧဒုံပြည်ကို ပြစ်ဒဏ်စီရင်ခြင်း
12တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ဧဒုံ​လူမျိုး​သည် ယုဒ​အမျိုး​ကို ရက်ရက်စက်စက်​လက်တုံ့ပြန်​ခဲ့​၏​။ ထိုသို့​လက်တုံ့ပြန်​ခြင်း​ဖြင့် ကြီးလေး​သော​အပြစ်​ကို ပြု​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။ 13ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် လက်​တော်​ကို​ဆန့်​၍ ဧဒုံ​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်​ပစ်​မည်​။ ဆိတ်ညံ​ရာ​ဖြစ်​စေ​မည်​။ တေမန်​မြို့​မှစ၍ ဒေဒန်​မြို့​တိုင်အောင် ဓားဘေး​ကျရောက်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။ 14‘ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​လက်ချက်​ဖြင့် ဧဒုံ​ပြည်​ကို လက်တုံ့ပြန်​မည်​။ သူ​တို့​သည် ငါ့​အမျက်​ဒေါသ​အလျောက် ဧဒုံ​ပြည်​ကို ပြု​ကြ​လိမ့်မည်​။ ထိုအခါမှ ငါ​လက်တုံ့ပြန်​ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
ဖိလိတ္တိလူမျိုးတို့ကို ပြစ်ဒဏ်စီရင်ခြင်း
15တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ဖိလိတ္တိ​လူမျိုး​တို့​သည် ရှေးယခင်​ကပင်​အငြိုး​ထား​လျက် မလိုတမာစိတ်​ဖြင့် ရက်ရက်စက်စက်​လက်တုံ့ပြန်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။ 16ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် လက်​တော်​ကို​ဆန့်​ပြီး ဖိလိတ္တိ​လူမျိုး​တို့​ကို​ဆန့်ကျင်​မည်​။ ခေရသိ​လူမျိုး​တို့​ကို သုတ်သင်​ပစ်​မည်​။ ပင်လယ်​ကမ်းနား​တွင်​ကြွင်းကျန်​သော​သူ​တို့​ကို​ပါ ငါ​ဖျက်ဆီး​ပစ်​မည်​။ 17ငါ​သည် အမျက်​ပြင်းစွာ​ထွက်​၍ သူ​တို့​ကို အကြီးအကျယ်​လက်တုံ့ပြန်​မည်​။ ထိုသို့ သူ​တို့​ကို လက်တုံ့ပြန်​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 25