YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 26

26
တိုင်ရာမြို့ ပျက်သုဉ်းသွားခြင်း
1တစ်ဆယ့်တစ်​နှစ်​မြောက်​၊ ပထမ​လ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ တိုင်ရာ​မြို့​က ဂျေရုဆလင်​မြို့​ကို​ဆန့်ကျင်​၍ ‘​အဟား​၊ လူမျိုးတကာ​တို့​၏​တံခါး​ကြီး ကျိုးပဲ့​လေ​ပြီ​။ ဟင်းလင်းပွင့်​လေ​ပြီ​။ ထို​မြို့​သည် လူဆိတ်ညံ​ရာ​ဖြစ်​လေ​ပြီ​။ ငါ့​အလို​ပြည့်စုံ​လေ​ပြီ​’​ဟု ဆို​၏​။ 3ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘အို တိုင်ရာ​မြို့​၊ ကြည့်ရှု​လော့​။ သင့်​ကို ငါ​ဆန့်ကျင်​မည်​။ ပင်လယ်​လှိုင်းတံပိုး​ကြီး​ကြွတက်​လာ​သကဲ့သို့ လူ​အလုံးအရင်းကြီး​ကို သင့်​ထံ​ချီတက်​လာ​စေ​မည်​။ 4သူ​တို့​သည် တိုင်ရာ​မြို့ရိုး​ကို ဖျက်ဆီး​၍ ရဲတိုက်​များ​ကို ဖြိုချ​ကြ​လိမ့်မည်​။ အကျိုးအပဲ့​များ​ကို ရှင်းထုတ်​ပြီး သူ့​ကို ကျောက်တလင်းပြင်​ကဲ့သို့ ငါ​ဖြစ်​စေ​မည်​။ 5သူ​သည် ပင်လယ်ပြင်​အလယ်​တွင် ပိုက်ကွန်​လှန်းစရာ​နေရာ ဖြစ်​လိမ့်မည်​။ ငါ​ဘုရားရှင်​ထာဝရဘုရား မိန့်ဆို​ပြီ​။ လူမျိုးတကာ​တို့ လုယူဖျက်ဆီး​ရာ ဖြစ်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 6ဘုရားရှင်​ထာဝရဘုရား​က ‘ကမ်းရိုးတန်း​မြို့ရွာ​တို့​သည် ဓား​ဖြင့် လုပ်ကြံ​ခံရ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
7ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ မြောက်ဘက်​အရပ်​မှ ဘုရင်​တကာ​တို့​၏​ဘုရင်​ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို လူ​အလုံးအရင်း​နှင့်တကွ မြင်း​များ​၊ ရထား​များ​၊ မြင်းစီးသူရဲ​များ​ပါ​လျက် တိုင်ရာ​မြို့​သို့ ငါ​ချီတက်​လာ​စေ​မည်​။ 8သူ​သည် ကမ်းရိုးတန်း​မြို့ရွာ​တို့​ကို ဓား​ဖြင့်​လုပ်ကြံ​လိမ့်မည်​။ ခံတပ်​များ​ဆောက်​၍ မြေကတုတ်​များ​ဖို့​လိမ့်မည်​။ ဒိုင်းလွှား​ကြီး​ကို​အကာအကွယ်​ယူ​လျက် တိုက်ခိုက်​လိမ့်မည်​။ 9တုံးမောင်း​များ​ဖြင့် မြို့ရိုး​ကို ရိုက်ချိုး​လိမ့်မည်​။ ဓားလက်နက်​များ​ဖြင့် ရဲတိုက်​ကို​ဖြိုဖျက်​လိမ့်မည်​။ 10များပြား​လှ​သော​မြင်း​များ​ကြောင့် ဖုန်​များ​တထောင်းထောင်းထ​၍ သင့်​ကို​ဖုံးလွှမ်း​လိမ့်မည်​။ မြို့​တံခါး​မှတစ်ဆင့် ပြိုပျက်​သွား​သော​မြို့​ထဲသို့​ပြေးဝင်​လာ​သော မြင်းစီးသူရဲ​များ​၊ စစ်ရထား​များ​၏​ဘီး​သံ​များ​ကြောင့် မြို့ရိုး​များ​ပင် တုန်ခါ​သွား​ရ​လိမ့်မည်​။ 11လမ်း​ရှိသမျှ​သည် မြင်းခွာရာ​များ ထပ်​နေ​လိမ့်မည်​။ သင်​၏​လူ​များ​ကို ဓား​ဖြင့်​သတ်​လိမ့်မည်​။ ခိုင်ခံ့​သော​ကျောက်တိုင်​များ​လည်း မြေ​ပေါ်​လဲကျ​ရ​လိမ့်မည်​။ 12သင်​၏​ဥစ္စာပစ္စည်း​များ​ကို​လုယူ​မည်​။ ကုန်ပစ္စည်း​များ​ကို သိမ်းယူ​မည်​။ မြို့ရိုး​တို့​ကို​ဖြိုဖျက်​လိမ့်မည်​။ အိမ်ကြီးအိမ်ကောင်း​များ​ကို ဖြိုဖျက်​ပြီး ကျောက်​များ​၊ သစ်သား​များ​ကို အမှုန့်ပါမကျန် ပင်လယ်​ထဲ​သို့​ပစ်ချ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 13‘ငါ​သည် သီချင်း​သံ​ကို ဆိတ်သုဉ်း​စေ​မည်​။ စောင်း​သံ​ကို​လည်း သင်​ကြား​ရ​တော့​မည်​မ​ဟုတ်​။ 14သင့်​ကို ကျောက်တလင်းပြင်​ဖြစ်​စေ​မည်​။ ပိုက်ကွန်​လှန်းစရာ​နေရာ​ဖြစ်​စေ​မည်​။ သင့်​ကို ပြန်လည်​တည်ဆောက်​တော့​မည်​မ​ဟုတ်​။ ငါ​ထာဝရဘုရား​မိန့်ဆို​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
15ဘုရားရှင်​ထာဝရဘုရား​က တိုင်ရာ​မြို့​အား ‘သင်​ပြိုလဲ​လေ​ပြီ​။ မြို့​ထဲ​တွင် အကြီးအကျယ်​သတ်ဖြတ်​ခံရ​၍ ဒဏ်ရာ​ရ​သူ​များ​ညည်းတွား​သော​အသံ​ကြောင့် ကမ်းရိုးတန်း​တစ်ခုလုံး တုန်ခါ​သွား​ပြီ​မ​ဟုတ်​လော​။ 16ထိုအခါ ပင်လယ်​မင်း​အပေါင်း​တို့​သည် ရာဇပလ္လင်​ပေါ်​မှ​ဆင်း​၍ ဝတ်လုံ​များ​၊ ပိုးဖဲကတ္တီပါ​အဝတ်​များ​ကို ချွတ်ပစ်​ကြ​လိမ့်မည်​။ ကြောက်ရွံ့​ခြင်း​တန်ဆာ​ကို ဝတ်ဆင်​ကြ​လိမ့်မည်​။ မြေ​ပေါ်မှာ​ထိုင်​လျက်​၊ တုန်လှုပ်​လျက် သင့်​ကို အံ့ဩ​ကြ​လိမ့်မည်​။ 17သူ​တို့​သည် သင့်​ကြောင့်​ငိုကြွေး​လျက် အို ပင်လယ်သား​နေ​သော​မြို့​၊ ပင်လယ်ပြင်​မှာ​အားကြီး​သော​မြို့​၊ ကျော်စော​သော​မြို့​၊ သင်​သည် ပျက်စီး​လေ​ပြီ​တကား​။ မြို့သား​တို့​သည် ပင်လယ်သား​အားလုံး​ကို ကြောက်ရွံ့တုန်လှုပ်​စေ​ခဲ့​၏​။ 18ယခု သင်​ပြိုလဲ​သော​နေ့​တွင် ကမ်းရိုးတန်းဒေသ​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လေ​ပြီ​။ သင်​ကွယ်ပျောက်​သွား​သော​နေ့​တွင် ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​သည် ထိတ်လန့်​ကြ​လေ​ပြီ​ဟု သင့်​အား ဆို​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
19ဘုရားရှင်​ထာဝရဘုရား​က ‘လူ​မ​နေ​သော​မြို့​ကဲ့သို့ သင့်​ကို တိတ်ဆိတ်​ခြောက်ကပ်​စေ​သောအခါ​၊ ဟုန်းဟုန်းထ​သော​သမုဒ္ဒရာ​ရေ​ဖြင့် သင့်​ကို လွှမ်းမိုး​စေ​သောအခါ 20ရှေး​လူ​တို့​ရောက်သွား​ရာ တွင်း​ထဲသို့ သင့်​ကို​ရောက်သွား​စေ​မည်​။ ရှေးကာလ​ကတည်းက​ပြိုပျက်​ရာ မြေကြီး​အောက်​တွင်းနက်​ထဲတွင် ထို​သူ​တို့​နှင့်အတူ သင့်​ကို​နေထိုင်​စေ​မည်​။ သင်​ပြန်လာ​ရ​မည်​မ​ဟုတ်​။ အသက်ရှင်​သူ​တို့​၏​ပြည်​၌​ကား ဂုဏ်သရေ​ရှိ​စေ​မည်’​ဟု မိန့်​တော်မူ​၏​။ 21‘သင်​သည် ထိတ်လန့်ဖွယ်​အဆုံးသတ်​ရ​မည်​။ သင်​ရှိ​ရ​တော့​မည်​မ​ဟုတ်​။ သင့်​ကို ရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 26