ထွက်မြောက်ရာကျမ်း 9
9
ပဉ္စမဘေးဒဏ်-တိရစ္ဆာန်များသေခြင်းဘေး
1ထိုအခါ ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်၍ ဟေဗြဲလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။ 2သူတို့ကိုမလွှတ်ဘဲ သင်ငြင်းဆန်နေမည်၊ ဆက်၍ချုပ်ကိုင်ထားမည်ဆိုလျှင် 3ထာဝရဘုရားလက်တော်သည် လယ်၌ရှိသည့် မြင်းများ၊ မြည်းများ၊ ကုလားအုတ်များ၊ နွားများ၊ သိုးဆိတ်များ စသည့် သင်တို့၏တိရစ္ဆာန်များအပေါ် အလွန်ဆိုးရွားသောကပ်ရောဂါဘေး ကျရောက်စေမည်။ 4သို့သော် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏တိရစ္ဆာန်များနှင့် အီဂျစ်လူမျိုးတို့၏တိရစ္ဆာန်များကို သီးသန့်ခွဲထားသဖြင့် အစ္စရေးအမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှမသေရ’ဟူ၍ မိန့်တော်မူသည်”ဟု သူ့အား ဆင့်ဆိုရမည်။ 5ထာဝရဘုရားသည် အချိန်ကိုသတ်မှတ်တော်မူ၍ “ငါထာဝရဘုရားသည် ထိုအမှုကို မနက်ဖြန် ဤပြည်ထဲ၌ ပြုတော်မူမည်”ဟု မိန့်တော်မူ၏။ 6နောက်တစ်နေ့၌ ထာဝရဘုရားသည် ထိုအမှုကိုပြုတော်မူသဖြင့် အီဂျစ်လူမျိုးတို့၏တိရစ္ဆာန်ရှိသမျှတို့သည် သေကြကုန်၏။ သို့ရာတွင် အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန် တစ်ကောင်မျှမသေ။ 7ထိုအခါ ဖာရောမင်းကြီးသည် လူကိုစေလွှတ်ရာ အစ္စရေးလူမျိုးတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေကြောင်း သိရှိ၏။ သို့သော်လည်း ဖာရောမင်းကြီးသည် စိတ်နှလုံးခိုင်မာလျက် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလေ၏။
ဆဋ္ဌမဘေးဒဏ်-အနာစိမ်းဘေး
8တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “သင်တို့သည် မီးပြင်းဖိုမှကျပ်ခိုးကို သင်တို့၏လက်ခုပ်နှင့်အပြည့်ယူလော့။ ထို့နောက် မောရှေသည် ဖာရောမင်းကြီး၏မျက်မှောက်၌ ၎င်းကို မိုးကောင်းကင်သို့ကြဲဖြန့်လော့။ 9ထိုကျပ်ခိုးသည် အမှုန့်ဖြစ်သွား၍ အီဂျစ်ပြည်တစ်ပြည်လုံးလွှမ်းသွားပြီး အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူနှင့်တိရစ္ဆာန်တို့၌ ပြည်တည်သောအနာစိမ်းဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။ 10ထို့ကြောင့် သူတို့သည် မီးပြင်းဖိုမှကျပ်ခိုးကိုယူပြီး ဖာရောမင်းကြီး၏ရှေ့၌ရပ်လေ၏။ မောရှေသည်လည်း ၎င်းကို မိုးကောင်းကင်သို့ကြဲဖြန့်လေရာ လူနှင့်တိရစ္ဆာန်တို့၌ ပြည်တည်သောအနာစိမ်းဖြစ်လေ၏။ 11နတ်ဝိဇ္ဇာဆရာများနှင့် အီဂျစ်လူမျိုးအားလုံးတို့၌ အနာစိမ်းပေါက်သဖြင့် နတ်ဝိဇ္ဇာဆရာတို့သည် အနာစိမ်းကြောင့် မောရှေ၏ရှေ့၌ မရပ်နိုင်ကြပေ။ 12ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
သတ္တမဘေးဒဏ်-မိုးသီးဘေး
13တစ်ဖန် ထာဝရဘုရားက မောရှေအား “နံနက်စောစောထ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်လော့။ သင်သည် ဖာရောမင်းကြီးအား ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။ 14သို့မဟုတ်လျှင် ဤတစ်ကြိမ်တွင် ငါသည် ဘေးဒဏ်အမျိုးမျိုးကို သင်မှစ၍ သင်၏အမှုထမ်းများ၊ သင်၏ပြည်သူပြည်သားများအပေါ်သို့ ကျရောက်စေမည်။ ဤသို့ဖြင့် မြေတစ်ပြင်လုံး၌ ငါကဲ့သို့သောဘုရားမရှိကြောင်း သင်သိမြင်လိမ့်မည်။ 15ယခု ငါ၏လက်ကိုဆန့်လျက် သင်နှင့်သင်၏လူတို့အား ကပ်ရောဂါဘေးဖြင့် ငါဒဏ်ခတ်မည်။ သင်သည် မြေကြီးပေါ်မှ ပယ်ဖျက်ခြင်းခံရလိမ့်မည်။ 16အကယ်စင်စစ် သင့်အား ငါ၏တန်ခိုးကိုပြသရန်နှင့် မြေတစ်ပြင်လုံး၌ ငါ၏နာမကို ကြေညာရန် ငါသည် သင့်ကို တည်နေစေခြင်းဖြစ်၏။#ရော 9:17။ 17သင်သည် ငါ၏လူမျိုးတော်ကိုမလွှတ်ဘဲ သူတို့အပေါ် ထောင်လွှားစော်ကားလျက်ရှိသေး၏။ 18အီဂျစ်ပြည်တည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်ခဲ့ဖူးသော မိုးသီးသည်းထန်စွာရွာကျခြင်းကို မနက်ဖြန် ဤအချိန်တွင် ငါဖြစ်စေမည်။ 19ထို့ကြောင့် သင်၏တိရစ္ဆာန်များနှင့် လယ်ထဲရှိသင်ပိုင်သောအရာအားလုံးတို့ကို လုံခြုံရာသို့သိမ်းဆည်းရန် ယခုပင်အမိန့်ပေးလော့။ အိမ်သို့မခေါ်ဆောင်လာသည့် လယ်၌ရှိသမျှသောလူနှင့်တိရစ္ဆာန်တို့အပေါ်သို့ မိုးသီးကျ၍ သေကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။ 20ဖာရောမင်းကြီး၏အမှုထမ်းများထဲမှ ထာဝရဘုရားမိန့်တော်မူသောစကားကိုကြောက်ရွံ့သောသူတို့သည် မိမိတို့၏ကျွန်များနှင့် မိမိတို့၏တိရစ္ဆာန်များကို အိမ်ထဲသို့ အမြန်ဝင်စေကြ၏။ 21ထာဝရဘုရားမိန့်တော်မူသောစကားကို ဂရုမစိုက်သောသူတို့မူကား မိမိတို့၏ကျွန်များနှင့်တိရစ္ဆာန်များကို လယ်ထဲ၌ပင် ထားကြ၏။
22ထာဝရဘုရားက မောရှေအား “အီဂျစ်ပြည်၌ရှိသော လူ၊ တိရစ္ဆာန်နှင့် လယ်ထဲမှအပင်ရှိသမျှတို့မှစ၍ အီဂျစ်ပြည်တစ်ပြည်လုံးအပေါ် မိုးသီးကျစေရန် သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့”ဟု မိန့်တော်မူ၏။ 23ထိုအခါ မောရှေသည် မိမိ၏တောင်ဝှေးကို မိုးကောင်းကင်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် မိုးချုန်းသံများနှင့်မိုးသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်သို့ကျလာ၏။ ထာဝရဘုရားသည် အီဂျစ်ပြည်အပေါ်သို့ မိုးသီးကို ရွာကျစေတော်မူ၏။ 24အီဂျစ်ပြည်တစ်ပြည်လုံး၌ မိုးသီးသည်းထန်စွာရွာကျ၍ မိုးသီးကြားမှမီးလျှံများထွက်နေသည့်အဖြစ်မျိုး အီဂျစ်ပြည်တည်ချိန်မှစ၍ တစ်ခါမျှ မဖြစ်ဖူးချေ။ 25အီဂျစ်ပြည်တစ်ပြည်လုံးတွင် လယ်ပြင်၌ရှိသမျှသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် မိုးသီးထိလေ၏။ လယ်ထဲ၌ရှိသမျှအပင်တို့ကိုလည်း မိုးသီးထိ၍ လယ်ထဲ၌ရှိသောအပင်အားလုံး ပျက်စီးလေ၏။ 26သို့ရာတွင် အစ္စရေးအမျိုးသားတို့နေထိုင်ရာ ဂေါရှင်အရပ်၌ မိုးသီးမကျပေ။
27ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုဆင့်ခေါ်ပြီးလျှင် “ဤတစ်ကြိမ်ကား ငါပြစ်မှားမိပြီ။ ထာဝရဘုရားသာလျှင် ဖြောင့်မတ်တော်မူ၏။ ငါနှင့်ငါ့လူတို့မူကား ဆိုးယုတ်သောသူများဖြစ်ကြပါ၏။ 28ဘုရားသခင်ထံမှ မိုးချုန်းသံများနှင့်မိုးသီးကျခြင်းမှာ တော်လောက်ပါပြီ။ ထာဝရဘုရားထံဆုတောင်းပေးပါလော့။ သင်တို့ကို ဆက်၍မနေစေဘဲ သင်တို့ကို ငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
29မောရှေကလည်း “အကျွန်ုပ်သည် မြို့ထဲမှထွက်သည်နှင့် ထာဝရဘုရားထံသို့ အကျွန်ုပ်၏လက်ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုပိုင်တော်မူကြောင်း အရှင်သိစေရန် မိုးချုန်းသံများရပ်၍ မိုးသီးလည်း ကျတော့မည်မဟုတ်။ 30သို့သော် အရှင်နှင့်အရှင့်အမှုထမ်းတို့သည် ထာဝရအရှင်ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသေးကြောင်း အကျွန်ုပ်သိပါ၏”ဟု ပြန်လျှောက်လေ၏။
31(မုယောပင်သည် အနှံထွက်လျက်၊ ဗီသွာပင်များသည်လည်း ဖူးပွင့်လျက်ရှိ၏။ မုယောပင်နှင့်ဗီသွာပင်များကို မိုးသီးထိ၏။ 32ဂျုံနှင့်ပန်းဂျုံတို့မူကား ကောက်နှောင်းဖြစ်၍ ၎င်းတို့ကို မိုးသီးမထိ။)
33မောရှေသည် ဖာရောမင်းကြီးထံမှ မြို့ပြင်သို့ထွက်သွား၍ သူ၏လက်ကို ထာဝရဘုရားထံသို့ဖြန့်လျှင် မိုးချုန်းသံများနှင့်မိုးသီးကျခြင်းရပ်သွား၍ မြေပေါ်သို့ မိုးမရွာတော့ပေ။ 34ဖာရောမင်းကြီးသည် ထိုသို့မိုးမရွာ၊ မိုးသီးနှင့် မိုးချုန်းသံများလည်းရပ်စဲသွားသည်ကို သိမြင်လျှင် တစ်ဖန်ပြစ်မှား၍ သူနှင့်သူ၏အမှုထမ်းတို့သည် စိတ်နှလုံးခိုင်မာလျက်ရှိ၏။ 35ထိုသို့ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် အစ္စရေးအမျိုးသားတို့ကို မလွှတ်ဘဲနေလေ၏။
Currently Selected:
ထွက်မြောက်ရာကျမ်း 9: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative