YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 10

10
အဋ္ဌမဘေးဒဏ်-ကျိုင်းကောင်ဘေး
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​ထံသို့​ဝင်​လော့​။ ငါ​သည် ဖာရော​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​တို့​ရှေ့​၌ ဤ​နိမိတ်လက္ခဏာ​များ​ကို​ပြ​ရန်​နှင့် 2အီဂျစ်​လူမျိုး​တို့​ကို ငါ​အပြင်းအထန်​ဒဏ်ခတ်​ခဲ့​သော​အမှု​များ​၊ သူ​တို့​အား ငါ​ပြ​ခဲ့​သော နိမိတ်လက္ခဏာ​များ​ကို သင်​တို့​သည် သင်​တို့​၏​သား​မြေး​များ​အား ပြောကြား​၍ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိရှိ​စေရန် သူ​တို့​၏​စိတ်နှလုံး​ကို ငါ​ခိုင်မာ​စေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။
3မောရှေ​နှင့်​အာရုန်​တို့​သည်​လည်း ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​သည် ငါ့​ရှေ့​၌ ကိုယ့်ကိုယ်ကိုယ် မ​နှိမ့်ချ​ဘဲ မည်မျှ​ကြာ​အောင်​တင်းခံ​နေ​မည်နည်း​။ ငါ​၏​လူမျိုး​တော်​သည် ငါ့​ကို​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။ 4အကယ်၍ သင်​သည် ငါ​၏​လူမျိုး​တော်​ကို မ​လွှတ်​ဘဲ ငြင်းဆန်​နေ​မည်​ဆိုလျှင် မနက်ဖြန် သင့်​နယ်မြေ​ထဲသို့ ကျိုင်းကောင်​များ​ကို ငါ​ရောက်လာ​စေ​မည်​။ 5ကျိုင်းကောင်​များ​သည် မြေ​မျက်နှာပြင်​ကို​ဖုံးလွှမ်း​သဖြင့် မြေကြီး​ကို​မြင်​ရ​တော့​မည်​မ​ဟုတ်​။ ထို​ကျိုင်းကောင်​တို့​သည် မိုးသီးဘေး​ဖြစ်​ပြီးနောက် သင်​တို့​၌​ကြွင်းကျန်​သော​အကြွင်းအကျန်​တို့​ကို စား​ကြ​လိမ့်မည်​။ သင်​တို့​၏​လယ်​၌​ပေါက်​သော​အပင်​ရှိသမျှ​တို့​ကို စား​ကြ​လိမ့်မည်​။ 6သင်​၏​နန်းဆောင်​များ​၊ သင့်​အမှုထမ်း​အပေါင်း​တို့​၏​အိမ်​များ​နှင့် အီဂျစ်​လူမျိုး​အပေါင်း​တို့​၏​အိမ်​များ​၌ ပြည့်နှက်​ကြ​လိမ့်မည်​။ မြေ​ပေါ်မှာ သင်​၏​ဘိုးဘေး​ဘီဘင်​များ​နေထိုင်​ခဲ့​သော​အချိန်​မှစ၍ ယနေ့​အချိန်​အထိ ဤသို့သော​အမှု​ကို သူ​တို့​မြင်တွေ့​ဖူး​ကြ​မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု ဆို​ပြီးလျှင် ဖာရော​မင်းကြီး​ထံမှ လှည့်​ထွက်သွား​လေ​၏​။
7ဖာရော​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “​ဤ​သူ​သည် အကျွန်ုပ်​တို့​ကို မည်မျှ​ကြာ​အောင် စိတ်အနှောင့်အယှက်​ပေး​နေ​ဦး​မည်နည်း​။ သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ဝတ်ပြု​ရန် ယောက်ျားသား​များ​ကို​လွှတ်ပေး​လိုက်​ပါ​။ အီဂျစ်​ပြည်​ပျက်စီး​နေ​သည်​ကို အရှင်​မ​သိ​သလော​”​ဟု ဖာရော​မင်းကြီး​အား လျှောက်​ကြ​၏​။ 8ထို့ကြောင့် မောရှေ​နှင့်​အာရုန်​ကို ဖာရော​မင်းကြီး​ထံသို့ ပြန်​ခေါ်သွင်း​၍ ဖာရော​မင်းကြီး​က “​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​လော့​။ မည်သူ​တို့ သွား​ကြ​မည်နည်း​”​ဟု မေး​လျှင် 9မောရှေ​က “​အကျွန်ုပ်​တို့​သည် လူကြီး​ရော လူငယ်​ပါ သွား​ကြ​ပါ​မည်​။ အကျွန်ုပ်​တို့​၏​သား​သမီး​များ​နှင့်တကွ အကျွန်ုပ်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို​လည်း ခေါ်ဆောင်​သွား​ပါ​မည်​။ အကြောင်းမူကား ထာဝရဘုရား​၏​ပွဲတော်​ကို ကျင်းပ​ရ​မည်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။
10ထိုအခါ ဖာရော​မင်းကြီး​က “​ငါ​သည် သင်​တို့​နှင့်တကွ သင်​တို့​၏​ကလေး​များ​ကို​လွှတ်ပေး​မည်​ဆိုလျှင် သင်​တို့​နှင့်အတူ ထာဝရဘုရား​ရှိ​နေ​၍​သာ​ဖြစ်​မည်​။ ကြည့်​လော့​။ သင်​တို့​၏​မကောင်းမှု​သည် သင်​တို့​မျက်နှာ​တွင် ပေါ်လွင်#10:10 သို့မဟုတ် “သင်တို့၏စိတ်ထဲတွင် မကောင်းမှုကြံစည်”။​လျက်​နေ​၏​။ 11ထိုသို့​မ​ဖြစ်​ရ​။ သင်​တို့​တောင်းဆို​ခဲ့​ကြ​သည့်​အတိုင်း ယောက်ျားသား​များ​သာ ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​စေ​”​ဟု ဆို​ပြီးလျှင် ဖာရော​မင်းကြီး​သည် သူ​တို့​ကို မိမိ​ရှေ့မှောက်​မှ နှင်ထုတ်​လေ​၏​။
12ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ကျိုင်းကောင်​များ အီဂျစ်​ပြည်​ပေါ်သို့ တက်လာ​၍ မိုးသီးဘေး​ဖြစ်​ပြီးနောက်​ကြွင်းကျန်​သမျှ​သော ထို​ပြည်​ရှိ​အပင်​အားလုံး​တို့​ကို စား​မည့်​အကြောင်း သင်​၏​လက်​ကို အီဂျစ်​ပြည်​ပေါ်သို့ ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။ 13သို့ဖြစ်၍ မောရှေ​သည် မိမိ​တောင်ဝှေး​ကို အီဂျစ်​ပြည်​ပေါ်သို့​ဆန့်​လိုက်​သော် ထာဝရဘုရား​သည် ထို​ပြည်​ပေါ်သို့ ထို​နေ့​တစ်နေ့လုံး ထို​ည​တစ်ညလုံး အရှေ့​လေ​ကို တိုက်ခတ်​စေ​တော်မူ​၏​။ နံနက်အချိန်​ရောက်​သောအခါ ထို​အရှေ့​လေ​သည် ကျိုင်းကောင်​များ​ကို သယ်ဆောင်​လာ​၏​။ 14အလွန်​များပြား​သော​ကျိုင်းကောင်​များ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ပေါ်သို့ တက်လာ​၍ အီဂျစ်​ပြည်​တစ်လျှောက်လုံး​တွင် နား​နေ​ကြ​၏​။ ထိုကဲ့သို့သော​ကျိုင်းကောင်​များ​သည် ယခင်​က​လည်း​မ​ရှိ​စဖူး​၊ နောင်တွင်​လည်း ရှိ​လိမ့်မည်​မ​ဟုတ်​။ 15ကျိုင်းကောင်​တို့​သည် မြေ​မျက်နှာ​တစ်ပြင်လုံး​ကို​ဖုံးလွှမ်း​သဖြင့် မြေပြင်​သည်​မည်းနက်​လေ​၏​။ မိုးသီးဘေး​ပြီးနောက် ကျန်ရစ်​သော​ကောက်ပင်​အားလုံး​နှင့် ထို​ပြည်​ရှိ​သစ်သီးဝလံ​အားလုံး​တို့​ကို​စား​ကြ​သဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် အပင်​မှ​အရွက်​စိမ်း​တစ်​ရွက်​မျှ​၊ လယ်​ထဲ​ရှိ​ကောက်ပင်​တစ်​ပင်​မျှ မ​ကြွင်းကျန်​ပေ​။
16ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို အလျင်အမြန်​ဆင့်ခေါ်​၍ “​ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် သင်​တို့​ကို ပြစ်မှား​ပါ​ပြီ​။ 17ယခု​တစ်ကြိမ်​သာလျှင် ငါ့​အပြစ်​ကို ခွင့်လွှတ်​ပါ​လော့​။ ဤ​သေဘေး​ကို​လည်း ငါ့​ထံ​မှ​ဖယ်ရှား​ပေး​မည့်​အကြောင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ပါ​လော့​”​ဟု မိန့်ဆို​လျှင် 18မောရှေ​သည် ဖာရော​မင်းကြီး​ထံ​မှ​ထွက်သွား​၍ ထာဝရဘုရား​ထံ​ဆုတောင်း​လေ​၏​။ 19ထာဝရဘုရား​သည် အနောက်​လေ​ကို အပြင်းအထန်​တိုက်ခတ်​စေ​၍ ထို​လေ​သည် ကျိုင်းကောင်​များ​ကို​ဆောင်ယူ​သွား​ပြီး ပင်လယ်နီ​ထဲသို့​ချလိုက်​သဖြင့် အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် ကျိုင်းကောင်​တစ်​ကောင်​မျှ​မ​ကြွင်းကျန်​တော့​ပေ​။ 20သို့သော် ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို​မ​လွှတ်​ဘဲ​နေ​လေ​၏​။
နဝမဘေးဒဏ်-အမှောင်ထုကျရောက်ခြင်းဘေး
21တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​စမ်းတဝါးဝါးသွားလာ​ရ​သည့် အမှောင်ထု​ကြီး​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ပေါ်သို့ ကျရောက်​စေရန် သင်​၏​လက်​ကို ကောင်းကင်​သို့​ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။ 22သို့ဖြစ်၍ မောရှေ​သည် မိမိ​လက်​ကို ကောင်းကင်​သို့​ဆန့်​လိုက်​ရာ အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ သုံး​ရက်​ပတ်လုံး​အမှောင်ထုကြီး​ကျရောက်​၏​။ 23လူ​တို့​သည် တစ်ယောက်​ကို​တစ်ယောက်​မ​မြင်​နိုင်​ကြ​သဖြင့် သုံး​ရက်​ပတ်လုံး မည်သူမျှ မိမိ​နေရာ​မှ​မ​ထ​ကြ​ချေ​။ သို့သော် အစ္စရေး​အမျိုးသား​အပေါင်း​တို့​နေထိုင်​ရာ​အရပ်​၌ အလင်းရောင်​ရှိ​၏​။
24ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​ကို​ဆင့်ခေါ်​၍ “​ထာဝရဘုရား​အား ဝတ်ပြု​ရန်​သွား​ကြ​လော့​။ သို့သော် သင်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို ထားခဲ့​ရ​မည်​။ သင်​တို့​၏​ကလေး​များ​မူကား သင်​တို့​နှင့်အတူ​သွား​နိုင်​သည်​”​ဟု ဆို​လေ​၏​။
25မောရှေ​က​လည်း “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ပူဇော်​ရန် ယဇ်ကောင်​များ​နှင့် မီးရှို့ရာယဇ်​များ​ကို အရှင်​သည် အကျွန်ုပ်​တို့​အား ယူသွား​ခွင့်​ပြု​ရ​မည်​။ 26အကျွန်ုပ်​တို့​သည် ထာဝရဘုရား​အား မည်သည့်​အကောင်​ဖြင့်​ပူဇော်​ရ​မည်​ကို ထို​အရပ်​သို့​မ​ရောက်​မီ မ​သိ​နိုင်​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ပူဇော်​ရန် ထို​အကောင်​တို့​ထဲမှ ရွေးယူ​ရ​မည်​ဖြစ်​သောကြောင့် အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​များ တစ်​ကောင်​မျှ​မ​ကျန် အကျွန်ုပ်​တို့​နှင့်အတူ​ပါသွား​ရ​မည်​”​ဟု လျှောက်​လေ​၏​။
27ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​လူမျိုး​တို့​ကို လွှတ်ပေး​လို​သော​ဆန္ဒ​မ​ရှိ​။ 28သို့ဖြစ်၍ ဖာရော​မင်းကြီး​က မောရှေ​အား “​ငါ့​ထံမှ​ထွက်သွား​လော့​။ ငါ့​ရှေ့​သို့ နောက်ထပ်​မ​ဝင်​မိ​စေရန် သတိပြု​လော့​။ အကယ်စင်စစ် ငါ့​မျက်နှာ​ကို​သင်​မြင်​သော​နေ့​၌ သင်​သေ​ရ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ 29မောရှေ​က​လည်း “​အရှင်​မိန့်ဆို​သည့်​အတိုင်း​ပေတည်း​။ အကျွန်ုပ်​သည် အရှင့်​ရှေ့​သို့ နောက်ထပ်​မ​ဝင်​တော့​ပါ​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in