YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 11

11
ဒသမဘေးဒဏ်-သားဦးများသေခြင်းဘေး
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် နောက်​ဘေးဒဏ်​တစ်​ပါး​ကို ဖာရော​မင်းကြီး​နှင့် အီဂျစ်​ပြည်​ပေါ်သို့ ကျရောက်​စေ​ဦး​မည်​။ ထို့နောက်မှ သင်​တို့​ကို ဤ​ပြည်​မှ လွှတ်ပေး​လိမ့်မည်​။ လွှတ်ပေး​သောအခါ​တွင်​လည်း သင်​တို့​ကို ဤ​ပြည်​မှ တစ်ယောက်မကျန်​နှင်ထုတ်​လိမ့်မည်​။ 2ယောက်ျား​သည် မိမိ​အိမ်နီးချင်း​ယောက်ျား​ထံမှ​လည်းကောင်း​၊ မိန်းမ​သည် မိမိ​အိမ်နီးချင်း​မိန်းမ​ထံမှ​လည်းကောင်း ရွှေ​ထည်​၊ ငွေ​ထည်​တို့​ကို တောင်းယူ​ရန် အစ္စရေး​လူမျိုး​တို့​အား ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။ 3ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​၏​မျက်မှောက်​တွင် မျက်နှာရ​စေ​တော်မူ​၏​။ မောရှေ​သည်​လည်း အီဂျစ်​ပြည်​တွင် ဖာရော​မင်းကြီး​၏​အမှုထမ်း​တို့​နှင့် အီဂျစ်​လူမျိုး​တို့​မျက်မှောက်​၌ ကြီးမြတ်​သော​ပုဂ္ဂိုလ်​ဖြစ်​လေ​၏​။
4မောရှေ​က ဖာရော​မင်းကြီး​အား “​ထာဝရဘုရား​က ‘​ငါ​သည် ညသန်းခေါင်​တွင် အီဂျစ်​ပြည်​အလယ်​သို့ ကြွသွား​မည်​။ 5ရာဇပလ္လင်​ပေါ်၌​စိုးစံ​သော ဖာရော​မင်းကြီး​၏​သားဦး​မှစ၍ ကြိတ်ဆုံ​နောက်​ရှိ ကျွန်မ​၏​သားဦး​၊ တိရစ္ဆာန်​တို့​၏​သားဦး​ရှိသမျှ​တိုင်အောင် အီဂျစ်​ပြည်​ရှိ​သားဦး​အားလုံး​တို့​သည် သေ​ကြ​လိမ့်မည်​။ 6အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ ထိုကဲ့သို့​မ​ဖြစ်​စဖူး​၊ နောက်တစ်ဖန်​လည်း ထိုကဲ့သို့​ဖြစ်​မည်​မ​ဟုတ်​သည့် ပြင်းစွာ​အော်ဟစ်ငိုကြွေး​ခြင်း​ဖြစ်​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။ 7သို့သော် အစ္စရေး​အမျိုးသား​အပေါင်း​တို့​တွင် လူ​ကို​ဖြစ်စေ​၊ တိရစ္ဆာန်​ကို​ဖြစ်စေ ခွေး​တစ်​ကောင်​မျှ​ဟောင်​လိမ့်မည်​မ​ဟုတ်​။ ဤနည်းဖြင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​နှင့်​အီဂျစ်​လူမျိုး​တို့​ကို ခြားနား​စေ​ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်​။ 8အရှင်​၏​အမှုထမ်း​အပေါင်း​တို့​သည် အကျွန်ုပ်​ထံသို့​လာ​၍ အကျွန်ုပ်​ရှေ့​၌ ပျပ်ဝပ်​လျက် ‘​သင်​နှင့် သင်​၏​နောက်လိုက်နောက်ပါ​အပေါင်း​တို့ ထွက်သွား​ကြ​ပါ​လော့​’​ဟု ပြောဆို​မှ အကျွန်ုပ်​ထွက်သွား​မည်​”​ဟု ဆို​ပြီးနောက် အမျက်​ပြင်းစွာ​ထွက်​လျက် ဖာရော​မင်းကြီး​ထံ​မှ ထွက်သွား​လေ​၏​။
9ထာဝရဘုရား​က မောရှေ​အား “​သင်​တို့​စကား​ကို ဖာရော​မင်းကြီး​နား​မ​ထောင်​ခြင်း​သည် အီဂျစ်​ပြည်​၌ အံ့ဩဖွယ်အမှု​တော် အများအပြား​မြင်​ရ​မည့်​အကြောင်း ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ 10မောရှေ​နှင့်​အာရုန်​တို့​သည် ဖာရော​မင်းကြီး​၏​ရှေ့​၌ ဤ​အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို​ပြု​သော်လည်း ထာဝရဘုရား​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​ကို မိမိ​ပြည်​မှ မ​လွှတ်ပေး​ဘဲ​နေ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in