YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 8

8
ဒုတိယဘေးဒဏ်-ဖားဘေး
1ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​ကို​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။ 2သူ​တို့​ကို မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် ငါ​သည် သင့်​ပြည်​တစ်ပြည်လုံး​ကို ဖား​များ​ဖြင့်​ဒဏ်ခတ်​မည်​။ 3နိုင်း​မြစ်​သည် ဖား​များ​နှင့်​ပြည့်နှက်​လိမ့်မည်​။ ထို​ဖား​များ​သည်​တက်လာ​၍ သင်​၏​နန်းတော်​၊ သင်​အိပ်​သော​အခန်း​နှင့်​အိပ်ရာ​ထဲသို့​လည်းကောင်း​၊ သင့်​အမှုထမ်း​များ​နှင့်​ပြည်သူပြည်သား​တို့​၏​အိမ်​ထဲသို့​လည်းကောင်း​၊ သင်​၏​မီးဖို​များ​နှင့်​မုန့်နယ်ခွက်​များ​ထဲသို့​လည်းကောင်း ဝင်​ကြ​လိမ့်မည်​။ 4ထို့ပြင် ဖား​များ​သည် သင်​မှစ၍ သင့်​ပြည်သူပြည်သား​များ​နှင့် သင့်​အမှုထမ်း​အားလုံး​တို့​အပေါ်​သို့​တက်​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
5တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “ ‘​သင်​ကိုင်​ထား​သော​တောင်ဝှေး​ကို မြစ်​များ​၊ ချောင်း​များ​၊ ရေအိုင်​များ​ပေါ်သို့ ဆန့်​လော့​။ ဖား​များ​ကို အီဂျစ်​ပြည်​တစ်လျှောက် တက်လာ​စေ​လော့​’​ဟူ၍ အာရုန်​အား ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။ 6ထို့ကြောင့် အာရုန်​သည် မိမိ​လက်​ကို အီဂျစ်​ပြည်​၏​ရေ​များ​ပေါ်သို့​ဆန့်​သဖြင့် ဖား​များ​တက်လာ​၍ အီဂျစ်​ပြည်​ကို ဖုံးလွှမ်း​လေ​၏​။ 7နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​ဝိဇ္ဇာအတတ်​များ​ဖြင့် ထိုနည်းတူ​ပြု​၍ ဖား​များ​ကို အီဂျစ်​ပြည်​တစ်လျှောက်​သို့ တက်လာ​စေ​ကြ​၏​။
8ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​ကို​ခေါ်​၍ “​ငါ​နှင့်​ငါ​၏​လူ​တို့​ထံမှ ဖား​များ​ကို​ဖယ်ရှား​ပေး​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​လော့​။ သို့ပြုလျှင် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် အစ္စရေး​လူ​တို့​ကို​ငါ​လွှတ်ပေး​မည်​”​ဟု ဆို​လေ​၏​။
9မောရှေ​က​လည်း ဖာရော​မင်းကြီး​အား “​ဖား​များ​ကို အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း သုတ်သင်ဖယ်ရှား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​စေရန် အရှင်​နှင့် အရှင့်​အမှုထမ်း​များ​၊ အရှင့်​ပြည်သူပြည်သား​များ​အတွက် အကျွန်ုပ်​ဆုတောင်း​ရ​မည့်​အချိန်​ကို သတ်မှတ်​ပေး​ပါ​”​ဟု လျှောက်​လေ​၏​။ 10ဖာရော​မင်းကြီး​က “​မနက်ဖြန်​”​ဟု ဆို​လျှင် မောရှေ​က “​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့်​တူ​သော​ဘုရား​မ​ရှိ​ကြောင်း အရှင်​သိမြင်​စေရန် အရှင်​၏​စကား​အတိုင်း ဖြစ်​လိမ့်မည်​။ 11ဖား​များ​သည် အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း​၊ အရှင့်​အမှုထမ်း​များ​နှင့် အရှင့်​လူ​များ​ထဲမှ​လည်းကောင်း ထွက်သွား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​ကြ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။ 12ထို့နောက် မောရှေ​နှင့်​အာရုန်​တို့​သည် ဖာရော​မင်းကြီး​ထံမှ​ထွက်သွား​ကြ​၏​။ ဖာရော​မင်းကြီး​အပေါ်​၌ ဖား​များ​ကျရောက်​စေ​တော်မူ​သော​အမှု​ကြောင့် မောရှေ​သည် ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​လေ​၏​။ 13ထိုအခါ ထာဝရဘုရား​သည် မောရှေ​တောင်းလျှောက်​သည့်​အတိုင်း​ပြု​သဖြင့် ဖား​များ​သည် အိမ်​များ​၊ ခြံဝင်း​များ​၊ လယ်​များ​ထဲ၌ သေ​ကြ​ကုန်​၏​။ 14ဖားသေကောင်​တို့​ကို အပုံလိုက် အပုံလိုက်​စုပုံ​ထား​ကြ​သဖြင့် တစ်ပြည်လုံး အပုပ်နံ့ထွက်​လေ​၏​။ 15ဖာရော​မင်းကြီး​သည် သက်သာ​ရာ​ရ​ကြောင်း​ကို သိမြင်​သောအခါ ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သူ​၏​စိတ်နှလုံး​သည်​ခိုင်မာ​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။
တတိယဘေးဒဏ်-မှက်ကောင်ဘေး
16တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “ ‘​တောင်ဝှေး​ကို​ဆန့်​၍ မြေမှုန့်​ကို​ရိုက်​လော့​။ ထိုအခါ အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ မြေမှုန့်​တို့​သည် မှက်ကောင်​များ​ဖြစ်သွား​လိမ့်မည်​’​ဟူ၍ အာရုန်​အား​ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။ 17သူ​တို့​သည်​လည်း ထိုအတိုင်း​ပြု​ကြ​၏​။ အာရုန်​သည် မိမိ​လက်​ကို​ဆန့်​၍ တောင်ဝှေး​ဖြင့် မြေမှုန့်​ကို ရိုက်​လျှင် အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ မြေမှုန့်​ရှိသမျှ​သည် မှက်ကောင်​များ​ဖြစ်​လေ​၏​။ ထို​မှက်ကောင်​များ​သည် လူ​နှင့်​တိရစ္ဆာန်​တို့​အပေါ် တွယ်ကပ်​လေ​၏​။ 18နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​ဝိဇ္ဇာအတတ်​များ​အားဖြင့် မှက်ကောင်​များ​ဖြစ်လာ​အောင် ပြု​ကြ​သော်လည်း သူ​တို့​မ​တတ်နိုင်​ကြ​။ ထို့ကြောင့် မှက်ကောင်​များ​သည် လူ​နှင့်​တိရစ္ဆာန်​တို့​အပေါ်​၌ တွယ်ကပ်​လျက်​နေ​၏​။
19ထိုအခါ နတ်ဝိဇ္ဇာဆရာ​တို့​က ဖာရော​မင်းကြီး​အား “​ဤ​အမှု​သည် ဘုရားသခင်​ပြု​တော်မူ​သော​အမှု#8:19 တိုက်ရိုက်ပြန်ဆိုလျှင် “ဘုရားသခင်၏လက်ချောင်း”။​ဖြစ်​၏​”​ဟု လျှောက်​ကြ​၏​။ သို့သော် ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် သူ​တို့​၏​စကား​ကို​နား​မ​ထောင်​ဘဲ​နေ​၏​။
စတုတ္ထဘေးဒဏ်-ယင်ရဲဘေး
20တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​သင်​သည် နံနက်​စောစောထ​၍ ရေဆိပ်​သို့​သွား​မည့်​ဖာရော​မင်းကြီး​၏​ရှေ့​တွင်​ရပ်​လျက် ထာဝရဘုရား​က ‘​ငါ​၏​လူမျိုး​တော်​သည် ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။ 21အကယ်၍ သင်​သည် ငါ​၏​လူမျိုး​တော်​ကို မ​လွှတ်​လျှင် ငါ​သည် သင်​မှစ၍ သင်​၏​အမှုထမ်း​များ​နှင့် သင်​၏​လူ​များ​ပေါ်သို့​လည်းကောင်း​၊ သင်​၏​နန်းဆောင်​များ​ထဲသို့​လည်းကောင်း ယင်ရဲ​တို့​ကို စေလွှတ်​မည်​။ အီဂျစ်​လူမျိုး​တို့​၏​အိမ်​များ​နှင့် သူ​တို့​နေထိုင်​သော​မြေ​သည်​လည်း ယင်ရဲ​တို့​နှင့် ပြည့်နှက်​လိမ့်မည်​။ 22ငါ​သည် ထို​နေ့​၌ ငါ​၏​လူမျိုး​တော်​နေထိုင်​ရာ​ဂေါရှင်​အရပ်​ကို သီးသန့်ခွဲ​ထား​မည်​။ ဤ​ပြည်​တွင် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​စေရန် ထို​အရပ်​၌ ယင်ရဲ​တို့​မ​ရှိ​စေ​ရ​။ 23ငါ​သည် ငါ​၏​လူမျိုး​တော်​နှင့်​သင်​၏​လူမျိုး​ကြား​တွင် ခြားနားမှု​ရှိ​စေ​မည်​။ ဤ​နိမိတ်လက္ခဏာ​သည် မနက်ဖြန်​၌ ဖြစ်​လိမ့်မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ကြောင်း ဖာရော​မင်းကြီး​အား​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
24ထာဝရဘုရား​သည် ထိုအတိုင်း​ပြု​တော်မူ​သဖြင့် မြောက်မြား​စွာ​သော​ယင်ရဲ​တို့​သည် ဖာရော​မင်းကြီး​၏​နန်းတော်​မှစ၍ သူ့​အမှုထမ်း​တို့​၏​အိမ်​များ​နှင့် အီဂျစ်​ပြည်​အနှံ့ ဝင်ရောက်​ကြ​၏​။ ယင်ရဲ​များ​ကြောင့် တစ်ပြည်လုံး​သည် ပျက်စီး​လေ​၏​။ 25ထိုအခါ ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​ကို​ခေါ်​၍ “​သွား​ကြ​လော့​။ ဤ​ပြည်​၌​သာ သင်​တို့​၏​ဘုရားသခင်​အား ယဇ်ပူဇော်​ကြ​လော့​”​ဟု ဆို​လေ​၏​။
26သို့သော် မောရှေ​က “​ဤသို့​မ​ပြု​သင့်​ပါ​။ အကြောင်းမူကား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​သည်​ကို အီဂျစ်​လူမျိုး​တို့​စက်ဆုပ်ရွံရှာ​ကြ​၏​။ အကျွန်ုပ်​တို့​သည် အီဂျစ်​လူမျိုး​တို့​စက်ဆုပ်ရွံရှာ​သော​အရာ​ကို သူ​တို့​မျက်မှောက်​၌ ပူဇော်​လျှင် အကျွန်ုပ်​တို့​ကို ခဲ​နှင့်​ပေါက်​ကြ​လိမ့်မည်​မ​ဟုတ်​လော​။ 27အကျွန်ုပ်​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော တောကန္တာရ​သို့​သွား​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ကြ​ပါ​မည်​”​ဟု လျှောက်​လေ​၏​။
28ဖာရော​မင်းကြီး​က​လည်း “​တောကန္တာရ​ထဲ၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် သင်​တို့​ကို ငါ​လွှတ်ပေး​မည်​။ သို့ရာတွင် ဝေးဝေး​မ​သွား​ရ​။ ငါ့​အတွက်​လည်း​ဆုတောင်း​ပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။
29ထိုအခါ မောရှေ​က “​အကျွန်ုပ်​သည် အရှင်မင်းကြီး​ထံ​မှ ထွက်သွား​၍ မနက်ဖြန်နေ့​၌ ယင်ရဲ​တို့​သည် အရှင်​ဖာရော​မင်းကြီး​မှစ၍ အမှုထမ်း​များ​၊ ပြည်သူပြည်သား​များ​ထံမှ ထွက်သွား​မည့်​အကြောင်း ထာဝရဘုရား​ထံ ဆုတောင်း​ပါ​မည်​။ သို့ရာတွင် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရန် အရှင်မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​လွှတ်​ဘဲ​နေ​ခြင်း​ဖြင့် ထပ်၍​မ​လှည့်စား​ပါ​နှင့်​”​ဟု လျှောက်​လေ​၏​။ 30မောရှေ​သည် ဖာရော​မင်းကြီး​ထံ​မှ ထွက်သွား​၍ ထာဝရဘုရား​ထံ​ဆုတောင်း​လေ​၏​။ 31ထိုအခါ ထာဝရဘုရား​သည် မောရှေ​တောင်းလျှောက်​သည့်​အတိုင်း​ပြု​သဖြင့် ယင်ရဲ​များ​သည် ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​များ​၊ သူ​၏​လူ​များ​ထံမှ တစ်​ကောင်​မျှ​မ​ကျန်​ထွက်သွား​လေ​၏​။ 32သို့ရာတွင် ဖာရော​မင်းကြီး​သည် ဤ​တစ်ကြိမ်​၌​လည်း စိတ်နှလုံး​ခိုင်မာ​ပြန်​၍ အစ္စရေး​လူမျိုး​တို့​ကို​မ​လွှတ်​ဘဲ​နေ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in