ထွက်မြောက်ရာကျမ်း 8
8
ဒုတိယဘေးဒဏ်-ဖားဘေး
1ထိုအခါ ထာဝရဘုရားက မောရှေအား “သင်သည် ဖာရောမင်းကြီးထံသို့ဝင်၍ ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။ 2သူတို့ကို မလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် ငါသည် သင့်ပြည်တစ်ပြည်လုံးကို ဖားများဖြင့်ဒဏ်ခတ်မည်။ 3နိုင်းမြစ်သည် ဖားများနှင့်ပြည့်နှက်လိမ့်မည်။ ထိုဖားများသည်တက်လာ၍ သင်၏နန်းတော်၊ သင်အိပ်သောအခန်းနှင့်အိပ်ရာထဲသို့လည်းကောင်း၊ သင့်အမှုထမ်းများနှင့်ပြည်သူပြည်သားတို့၏အိမ်ထဲသို့လည်းကောင်း၊ သင်၏မီးဖိုများနှင့်မုန့်နယ်ခွက်များထဲသို့လည်းကောင်း ဝင်ကြလိမ့်မည်။ 4ထို့ပြင် ဖားများသည် သင်မှစ၍ သင့်ပြည်သူပြည်သားများနှင့် သင့်အမှုထမ်းအားလုံးတို့အပေါ်သို့တက်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
5တစ်ဖန် ထာဝရဘုရားက မောရှေအား “ ‘သင်ကိုင်ထားသောတောင်ဝှေးကို မြစ်များ၊ ချောင်းများ၊ ရေအိုင်များပေါ်သို့ ဆန့်လော့။ ဖားများကို အီဂျစ်ပြည်တစ်လျှောက် တက်လာစေလော့’ဟူ၍ အာရုန်အား ပြောလော့”ဟု မိန့်တော်မူ၏။ 6ထို့ကြောင့် အာရုန်သည် မိမိလက်ကို အီဂျစ်ပြည်၏ရေများပေါ်သို့ဆန့်သဖြင့် ဖားများတက်လာ၍ အီဂျစ်ပြည်ကို ဖုံးလွှမ်းလေ၏။ 7နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြု၍ ဖားများကို အီဂျစ်ပြည်တစ်လျှောက်သို့ တက်လာစေကြ၏။
8ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
9မောရှေကလည်း ဖာရောမင်းကြီးအား “ဖားများကို အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း သုတ်သင်ဖယ်ရှား၍ နိုင်းမြစ်၌သာကျန်ရှိစေရန် အရှင်နှင့် အရှင့်အမှုထမ်းများ၊ အရှင့်ပြည်သူပြည်သားများအတွက် အကျွန်ုပ်ဆုတောင်းရမည့်အချိန်ကို သတ်မှတ်ပေးပါ”ဟု လျှောက်လေ၏။ 10ဖာရောမင်းကြီးက “မနက်ဖြန်”ဟု ဆိုလျှင် မောရှေက “အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားနှင့်တူသောဘုရားမရှိကြောင်း အရှင်သိမြင်စေရန် အရှင်၏စကားအတိုင်း ဖြစ်လိမ့်မည်။ 11ဖားများသည် အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း၊ အရှင့်အမှုထမ်းများနှင့် အရှင့်လူများထဲမှလည်းကောင်း ထွက်သွား၍ နိုင်းမြစ်၌သာကျန်ရှိကြလိမ့်မည်”ဟု ပြန်လျှောက်လေ၏။ 12ထို့နောက် မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီးထံမှထွက်သွားကြ၏။ ဖာရောမင်းကြီးအပေါ်၌ ဖားများကျရောက်စေတော်မူသောအမှုကြောင့် မောရှေသည် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်လေ၏။ 13ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ဖားများသည် အိမ်များ၊ ခြံဝင်းများ၊ လယ်များထဲ၌ သေကြကုန်၏။ 14ဖားသေကောင်တို့ကို အပုံလိုက် အပုံလိုက်စုပုံထားကြသဖြင့် တစ်ပြည်လုံး အပုပ်နံ့ထွက်လေ၏။ 15ဖာရောမင်းကြီးသည် သက်သာရာရကြောင်းကို သိမြင်သောအခါ ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း သူ၏စိတ်နှလုံးသည်ခိုင်မာလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
တတိယဘေးဒဏ်-မှက်ကောင်ဘေး
16တစ်ဖန် ထာဝရဘုရားက မောရှေအား “ ‘တောင်ဝှေးကိုဆန့်၍ မြေမှုန့်ကိုရိုက်လော့။ ထိုအခါ အီဂျစ်ပြည်တစ်ပြည်လုံး၌ မြေမှုန့်တို့သည် မှက်ကောင်များဖြစ်သွားလိမ့်မည်’ဟူ၍ အာရုန်အားပြောလော့”ဟု မိန့်တော်မူ၏။ 17သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။ အာရုန်သည် မိမိလက်ကိုဆန့်၍ တောင်ဝှေးဖြင့် မြေမှုန့်ကို ရိုက်လျှင် အီဂျစ်ပြည်တစ်ပြည်လုံး၌ မြေမှုန့်ရှိသမျှသည် မှက်ကောင်များဖြစ်လေ၏။ ထိုမှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ် တွယ်ကပ်လေ၏။ 18နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် မှက်ကောင်များဖြစ်လာအောင် ပြုကြသော်လည်း သူတို့မတတ်နိုင်ကြ။ ထို့ကြောင့် မှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ်၌ တွယ်ကပ်လျက်နေ၏။
19ထိုအခါ နတ်ဝိဇ္ဇာဆရာတို့က ဖာရောမင်းကြီးအား “ဤအမှုသည် ဘုရားသခင်ပြုတော်မူသောအမှု#8:19 တိုက်ရိုက်ပြန်ဆိုလျှင် “ဘုရားသခင်၏လက်ချောင်း”။ဖြစ်၏”ဟု လျှောက်ကြ၏။ သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် သူတို့၏စကားကိုနားမထောင်ဘဲနေ၏။
စတုတ္ထဘေးဒဏ်-ယင်ရဲဘေး
20တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်သည် နံနက်စောစောထ၍ ရေဆိပ်သို့သွားမည့်ဖာရောမင်းကြီး၏ရှေ့တွင်ရပ်လျက် ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။ 21အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်လျှင် ငါသည် သင်မှစ၍ သင်၏အမှုထမ်းများနှင့် သင်၏လူများပေါ်သို့လည်းကောင်း၊ သင်၏နန်းဆောင်များထဲသို့လည်းကောင်း ယင်ရဲတို့ကို စေလွှတ်မည်။ အီဂျစ်လူမျိုးတို့၏အိမ်များနှင့် သူတို့နေထိုင်သောမြေသည်လည်း ယင်ရဲတို့နှင့် ပြည့်နှက်လိမ့်မည်။ 22ငါသည် ထိုနေ့၌ ငါ၏လူမျိုးတော်နေထိုင်ရာဂေါရှင်အရပ်ကို သီးသန့်ခွဲထားမည်။ ဤပြည်တွင် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်စေရန် ထိုအရပ်၌ ယင်ရဲတို့မရှိစေရ။ 23ငါသည် ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုးကြားတွင် ခြားနားမှုရှိစေမည်။ ဤနိမိတ်လက္ခဏာသည် မနက်ဖြန်၌ ဖြစ်လိမ့်မည်’ဟူ၍ မိန့်ဆိုတော်မူကြောင်း ဖာရောမင်းကြီးအားဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
24ထာဝရဘုရားသည် ထိုအတိုင်းပြုတော်မူသဖြင့် မြောက်မြားစွာသောယင်ရဲတို့သည် ဖာရောမင်းကြီး၏နန်းတော်မှစ၍ သူ့အမှုထမ်းတို့၏အိမ်များနှင့် အီဂျစ်ပြည်အနှံ့ ဝင်ရောက်ကြ၏။ ယင်ရဲများကြောင့် တစ်ပြည်လုံးသည် ပျက်စီးလေ၏။ 25ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့ကိုခေါ်၍ “သွားကြလော့။ ဤပြည်၌သာ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်ကြလော့”ဟု ဆိုလေ၏။
26သို့သော် မောရှေက “ဤသို့မပြုသင့်ပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်သည်ကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏။ အကျွန်ုပ်တို့သည် အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာသောအရာကို သူတို့မျက်မှောက်၌ ပူဇော်လျှင် အကျွန်ုပ်တို့ကို ခဲနှင့်ပေါက်ကြလိမ့်မည်မဟုတ်လော။ 27အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သုံးရက်ခရီးအကွာအဝေးရှိသော တောကန္တာရသို့သွား၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ကြပါမည်”ဟု လျှောက်လေ၏။
28ဖာရောမင်းကြီးကလည်း “တောကန္တာရထဲ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် သင်တို့ကို ငါလွှတ်ပေးမည်။ သို့ရာတွင် ဝေးဝေးမသွားရ။ ငါ့အတွက်လည်းဆုတောင်းပေးကြလော့”ဟု ဆိုလေ၏။
29ထိုအခါ မောရှေက “အကျွန်ုပ်သည် အရှင်မင်းကြီးထံမှ ထွက်သွား၍ မနက်ဖြန်နေ့၌ ယင်ရဲတို့သည် အရှင်ဖာရောမင်းကြီးမှစ၍ အမှုထမ်းများ၊ ပြည်သူပြည်သားများထံမှ ထွက်သွားမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပါမည်။ သို့ရာတွင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အရှင်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေခြင်းဖြင့် ထပ်၍မလှည့်စားပါနှင့်”ဟု လျှောက်လေ၏။ 30မောရှေသည် ဖာရောမင်းကြီးထံမှ ထွက်သွား၍ ထာဝရဘုရားထံဆုတောင်းလေ၏။ 31ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ယင်ရဲများသည် ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းများ၊ သူ၏လူများထံမှ တစ်ကောင်မျှမကျန်ထွက်သွားလေ၏။ 32သို့ရာတွင် ဖာရောမင်းကြီးသည် ဤတစ်ကြိမ်၌လည်း စိတ်နှလုံးခိုင်မာပြန်၍ အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေလေ၏။
Currently Selected:
ထွက်မြောက်ရာကျမ်း 8: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative