YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 7

7
1ထာဝရဘုရား​က​လည်း မောရှေ​အား “​ကြည့်ရှု​လော့​။ သင့်​ကို ဖာရော​မင်းကြီး​၏​ဘုရား​ကဲ့သို့ ငါ​ဖြစ်​စေ​ပြီ​။ သင်​၏​အစ်ကို​အာရုန်​သည် သင်​၏​ပရောဖက်​ဖြစ်​မည်​။ 2သင့်​အား ငါ​မိန့်မှာ​သော​အရာ​အားလုံး​ကို သင်​ပြော​ရ​မည်​။ ဖာရော​မင်းကြီး​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​၏​ပြည်​မှ​လွှတ်​မည့်​အကြောင်း သင်​၏​အစ်ကို​အာရုန်​သည် သူ့​အား​လျှောက်​ရ​မည်​။ 3ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​၍ အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်အမှု​များ​ကို အများအပြား​ပြ​မည်​။ 4သို့သော် ဖာရော​မင်းကြီး​သည် သင်​တို့​စကား​ကို နားထောင်​လိမ့်မည်​မ​ဟုတ်​။ အီဂျစ်​ပြည်​အပေါ် ငါ့​လက်​ကို​တင်​၍ ကြီးလေး​သော​အပြစ်ဒဏ်​ပေး​ခြင်း​ဖြင့် ငါ့​လူစု​ဖြစ်​သော ငါ့​လူမျိုး​တော် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​မည်​။ 5အီဂျစ်​ပြည်​အပေါ် ငါ​၏​လက်​ကို​ဆန့်​၍ အစ္စရေး​အမျိုးသား​တို့​ကို ထို​ပြည်​ထဲ​မှ ထုတ်ဆောင်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို အီဂျစ်​လူမျိုး​တို့​သည် သိမြင်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
6မောရှေ​နှင့်​အာရုန်​သည် သူ​တို့​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။ 7ဖာရော​မင်းကြီး​ထံ​သွား​၍ လျှောက်တင်​ကြ​စဉ်က မောရှေ​သည် အသက်​ရှစ်ဆယ်​၊ အာရုန်​သည် အသက်​ရှစ်ဆယ့်​သုံး​နှစ် ရှိ​ပြီ​ဖြစ်​၏​။ 8တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား 9“​သင်​တို့​အား ဖာရော​မင်းကြီး​က ‘​သင်တို့ကိုယ်တိုင် အံ့ဩဖွယ်အမှု​များ​ကို​ပြု​လော့​’​ဟု ဆို​လျှင် မောရှေ​က အာရုန်​အား ‘​သင်​၏​တောင်ဝှေး​ကို​ယူ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ပစ်ချ​လော့​’​ဟု ပြော​ရ​မည်​။ တောင်ဝှေး​သည် မြွေနဂါး​ဖြစ်သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ 10မောရှေ​နှင့်​အာရုန်​သည်​လည်း ဖာရော​မင်းကြီး​ထံ​ဝင်​၍ ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း​ပြု​ကြ​၏​။ အာရုန်​သည် သူ​၏​တောင်ဝှေး​ကို ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့​၌ ပစ်ချ​သော် တောင်ဝှေး​သည် မြွေနဂါး​ဖြစ်သွား​၏​။ 11ထိုအခါ ဖာရော​မင်းကြီး​သည် ပညာရှိ​များ​နှင့်​မှော်ဆရာ​များ​ကို​ခေါ်​၍ ထို​အီဂျစ်​နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​နတ်ဝိဇ္ဇာအတတ်​များ​ဖြင့် ထိုနည်းတူ​ပြု​ကြ​၏​။ 12သူ​တို့​သည် အသီးသီး​မိမိ​တို့​၏​တောင်ဝှေး​ကို ပစ်ချ​ကြ​သောအခါ မြွေနဂါး​များ​ဖြစ်သွား​၏​။ သို့ရာတွင် အာရုန်​၏​တောင်ဝှေး​သည် သူ​တို့​၏​တောင်ဝှေး​များ​ကို​မျို​လေ​၏​။ 13သို့သော် ထာဝရဘုရား​မိန့်ဆို​တော်မူ​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​၍ မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။
ပထမဘေးဒဏ်-မြစ်ရေက သွေးအဖြစ်ပြောင်းသွားခြင်း
14ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် ခိုင်မာ​၍ အစ္စရေး​လူမျိုး​တို့​ကို လွှတ်​ရန်​ငြင်းဆန်​၏​။ 15နံနက်အချိန်​၌ ဖာရော​မင်းကြီး​သည် ရေဆိပ်​သို့​သွား​မည်​ဖြစ်၍ သူ​နှင့်​တွေ့ဆုံ​ရန် နိုင်း​မြစ်​ကမ်းနား​၌ သွား​စောင့်​နေ​လော့​။ မြွေ​အဖြစ်​သို့​ပြောင်းလဲ​ခဲ့​သော​တောင်ဝှေး​ကို​လည်း သင့်​လက်​ထဲ၌ ယူဆောင်​သွား​ရ​မည်​။ 16သင်​သည် ဖာရော​မင်းကြီး​အား ‘​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ငါ​၏​လူမျိုး​တော်​သည် တောကန္တာရ​၌ ငါ့​အား​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့’​ဟု ဆင့်ဆို​ရန် အကျွန်ုပ်​ကို အရှင့်​ထံသို့​စေလွှတ်​တော်မူ​၏​။ သို့သော် အရှင်မင်းကြီး​သည် ယခု​တိုင်အောင် နား​မ​ထောင်​ဘဲ​နေ​ပါ​သည်​တကား​။ 17ထို့ကြောင့် ‘ထာဝရဘုရား​က ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို ဤ​အမှု​အားဖြင့် သင်​သိ​ရ​လိမ့်မည် ဟု​မိန့်​တော်မူ​ပြီ​။ ဤ​အမှု​ဟူမူကား အကျွန်ုပ်​သည် နိုင်း​မြစ်​ရေ​ကို အကျွန်ုပ်​လက်​၌​ရှိ​သော​တောင်ဝှေး​ဖြင့် ရိုက်​သောအခါ သွေး​အဖြစ်​သို့​ပြောင်းသွား​မည်​။ 18နိုင်း​မြစ်​ထဲ၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​လိမ့်မည်​။ နိုင်း​မြစ်​သည် အပုပ်နံ့ထွက်​သဖြင့် အီဂျစ်​လူမျိုး​တို့​သည် နိုင်း​မြစ်​ရေ​ကို သောက်သုံး​နိုင်​မည်​မ​ဟုတ်​’​ဟူ၍ ပြောကြား​လော့​”​ဟု မိန့်​တော်မူ​၏​။
19တစ်ဖန် ထာဝရဘုရား​က “​သင်​သည် အာရုန်​အား ‘​သင်​၏​တောင်ဝှေး​ကို​ယူ​၍ မြစ်​များ​၊ ချောင်း​များ​၊ ရေအိုင်​များ​၊ ရေလှောင်ကန်​များ​စသည့် အီဂျစ်​ပြည်​ရှိ​ရေ​ရှိသမျှ​အပေါ်​သို့ သင်​၏​လက်​ကို​ဆန့်​လော့​။ ထိုအခါ ရေ​သည် သွေး​ဖြစ်​သွား​လိမ့်မည်​။ အီဂျစ်​ပြည်​တစ်ပြည်လုံး​တွင် သစ်သားခွက်​များ​နှင့်​ကျောက်ခွက်​များ​ထဲ၌​ပါမကျန် သွေး​ဖြစ်​လိမ့်မည်​’​ဟူ၍ ပြော​လော့​”​ဟု မောရှေ​အား မိန့်​တော်မူ​၏​။
20မောရှေ​နှင့်​အာရုန်​သည်​လည်း ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း​ပြု​ကြ​၏​။ အာရုန်​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့မှောက်​၌ တောင်ဝှေး​ကို​မြှောက်​၍ နိုင်း​မြစ်​ရေ​ကို ရိုက်​လေ​သော် နိုင်း​မြစ်​ရေ​အားလုံး သွေး​အဖြစ်​သို့​ပြောင်းသွား​လေ​၏​။ 21နိုင်း​မြစ်​ထဲ၌​ရှိ​သော​ငါး​တို့​သည် သေ​ကြ​သဖြင့် နိုင်း​မြစ်​သည် အပုပ်နံ့ထွက်​လေ​၏​။ ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​သည် နိုင်း​မြစ်​ထဲမှ​ရေ​ကို​မ​သောက်သုံး​နိုင်​ကြ​။ အီဂျစ်​ပြည်​တစ်ပြည်လုံး သွေး​နှင့်​ပြည့်​လေ​၏​။
22အီဂျစ်​နတ်ဝိဇ္ဇာဆရာ​တို့​သည်​လည်း မိမိ​တို့​၏​ဝိဇ္ဇာအတတ်​များ​အားဖြင့် ထိုနည်းတူ​ပြု​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။ 23ဖာရော​မင်းကြီး​သည် မိမိ​နန်းတော်​သို့​လှည့်​ပြန်သွား​ကာ ဤ​အမှု​ကို​လည်း နှလုံး​မ​သွင်း​ဘဲ​နေ​၏​။ 24အီဂျစ်​လူမျိုး​အပေါင်း​တို့​သည် နိုင်း​မြစ်​ရေ​ကို​မ​သောက်သုံး​နိုင်​ကြ​သဖြင့် သောက်သုံး​ရေ​ရရှိ​ရန် နိုင်း​မြစ်​တစ်လျှောက် တွင်း​တူး​ကြ​၏​။ 25ထာဝရဘုရား​သည် နိုင်း​မြစ်​ကို​ဒဏ်ခတ်​သည်​မှာ ခုနစ်​ရက်​ကြာ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in