YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 6

6
1ထာဝရဘုရား​က မောရှေ​အား “​ယခု ငါ​သည် ဖာရော​မင်းကြီး​အား မည်သို့​ပြု​မည်​ကို သင်​တွေ့မြင်​ရ​မည်​။ အားကြီး​သော​လက်​တော်​ကြောင့် သူ​သည် ဤ​လူမျိုး​ကို လွှတ်​လိမ့်မည်​။ အားကြီး​သော​လက်​တော်​ကြောင့် သူ​သည် ဤ​လူမျိုး​ကို သူ​၏​တိုင်းပြည်​မှ နှင်ထုတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
ကျွန်ဘဝမှလွတ်မြောက်စေမည်ဟု ဘုရားသခင်ကတိပေးခြင်း
2တစ်ဖန် ဘုရားသခင်​က မောရှေ​အား “​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ 3ငါ​သည် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား အနန္တတန်ခိုးရှင်​ဘုရားသခင်​အဖြစ် ထင်ရှားပြ​ခဲ့​သော်လည်း ထာဝရဘုရား​ဟူသော​ငါ​၏​နာမ​ကို သူ​တို့​မ​သိ​ခဲ့​ကြ​ပေ​။ 4ဧည့်သည်​အဖြစ် သူ​တို့​တည်းခိုနေထိုင်​ခဲ့​သည့်​ပြည်​တည်းဟူသော ခါနာန်​ပြည်​ကို သူ​တို့​အား​ပေး​ရန် ငါ​၏​ပဋိညာဉ်​ကို သူ​တို့​၌ ငါ​တည်​စေ​ပြီ​။ 5ထို့ပြင် အီဂျစ်​လူမျိုး​တို့​၏​ကျွန်ပြု​ခြင်း​ကို​ခံ​နေ​ရ​သော အစ္စရေး​အမျိုးသား​တို့​၏​ညည်းတွား​မြည်တမ်း​သံ​ကို​လည်း ငါ​ကြား​၍ ငါ​၏​ပဋိညာဉ်​ကို ငါ​အောက်မေ့​၏​။
6သို့ဖြစ်၍ အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ အီဂျစ်​လူမျိုး​တို့​၏​ထမ်းပိုး​အောက်​မှ သင်​တို့​ကို ဆွဲထုတ်​၍ သူ​တို့​၏​ကျွန်ပြု​ခြင်း​မှ​လည်း သင်​တို့​ကို ငါ​ကယ်နုတ်​မည်​။ လက်ရုံး​ကို​ဆန့်​လျက် သူ​တို့​ကို​ကြီးလေး​သော​အပြစ်ဒဏ်​ပေး​ခြင်း​ဖြင့် သင်​တို့​ကို ငါ​ရွေးနုတ်​မည်​။ 7ငါ​သည် သင်​တို့​ကို ငါ​၏​လူမျိုး​တော်​အဖြစ်​သိမ်းယူ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ ငါ​သည် အီဂျစ်​လူမျိုး​တို့​၏​ထမ်းပိုး​အောက်​မှ သင်​တို့​ကို​ဆွဲထုတ်​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​ကြ​လိမ့်မည်​။ 8ငါ​သည် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ပေး​မည်​ဟု ကျိန်ဆို#6:8 တိုက်ရိုက်ပြန်ဆိုလျှင် “လက်ကိုမြှောက်”။​ခဲ့​သည့်​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​မည်​။ ထို​ပြည်​ကို​လည်း သင်​တို့​အား ငါ​အပိုင်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ 9မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ထိုအတိုင်း​ဆင့်ဆို​သော်လည်း သူ​တို့​သည် စိတ်နာကြည်း​သောကြောင့်​လည်းကောင်း​၊ ကြမ်းတမ်း​စွာ​ကျွန်ပြု​ခံရ​သောကြောင့်​လည်းကောင်း မောရှေ​၏​စကား​ကို နား​မ​ထောင်​ကြ​ပေ​။ 10ထို့ကြောင့် ထာဝရဘုရား​က မောရှေ​အား 11“​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် သူ​၏​ပြည်​ထဲမှ အစ္စရေး​အမျိုးသား​တို့​ကို​လွှတ်ပေး​ရန် သွား​၍​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။
12မောရှေ​က “​အစ္စရေး​အမျိုးသား​များ​ပင် အကျွန်ုပ်​စကား​ကို​နား​မ​ထောင်​လျှင် ဖာရော​မင်းကြီး​သည် နှုတ်​လေး​သော​သူ#6:12 တိုက်ရိုက်ပြန်ဆိုလျှင် “နှုတ်ခမ်းအရေဖျားမလှီးထားသောသူ”။ အကျွန်ုပ်​၏​စကား​ကို မည်သို့​နားထောင်​ပါ​မည်နည်း​”​ဟု ထာဝရဘုရား​၏​ရှေ့​တော်​၌ ပြန်လျှောက်​လေ​၏​။ 13ထိုသို့ မောရှေ​နှင့်​အာရုန်​အား အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ရန် ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည်​ကို အစ္စရေး​အမျိုးသား​တို့​နှင့် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​တို့​အား ပြောကြား​စေ​၏​။
မောရှေနှင့်အာရုန်၏ဆွေစဉ်မျိုးဆက်
14အစ္စရေး​လူမျိုး​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​များ​ကား ဤ​သူ​တို့​တည်း​။
အစ္စရေး​၏​သားဦး​ဖြစ်​သူ​ရုဗင်​၏​သား​များ​မှာ ဟာနုတ်​၊ ဖာလု​၊ ဟေဇရုန်​၊ ကာမိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရုဗင်​၏​မျိုးနွယ်စု​ဖြစ်​၏​။
15ရှိမောင်​၏​သား​များ​မှာ ယေမွေလ​၊ ယာမိန်​၊ ဩဟဒ်​၊ ယာခိန်​၊ ဇောဟာ​နှင့် ခါနာန်​အမျိုးသမီး​၏​သား ရှောလ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရှိမောင်​၏​မျိုးနွယ်စု​ဖြစ်​၏​။
16လေဝိ​သားမြေး​တို့​၏​ဆွေစဉ်မျိုးဆက်​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ လေဝိ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။ 17မျိုးနွယ်စု​အလိုက် ဂေရရှုန်​၏​သား​များ​မှာ လိဗနိ​နှင့်​ရှိမိ တို့​ဖြစ်​ကြ​၏​။ 18ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။ ကောဟတ်​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​သုံး​နှစ်​ဖြစ်​၏​။ 19မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့်​မုရှိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား လေဝိ​မျိုးနွယ်စု​၏​ဆွေစဉ်မျိုးဆက်​များ​ဖြစ်​၏​။ 20အာမရံ​သည် မိမိ​၏​အရီး​ယောခေဗက်​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် အာရုန်​နှင့်​မောရှေ တို့​ကို​မွေးဖွား​ပေး​၏​။ အာမရံ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။ 21ဣဇဟာ​၏​သား​များ​မှာ ကောရ​၊ နေဖက်​၊ ဇိခရိ တို့​ဖြစ်​ကြ​၏​။ 22ဩဇေလ​၏​သား​များ​မှာ မိရှေလ​၊ ဧလဇာဖန်​၊ သိသရိ တို့​ဖြစ်​ကြ​၏​။ 23အာရုန်​သည် အမိနဒပ်​၏​သမီး​ဖြစ်​သော နာရှုန်​၏​နှမ ဧလိရှဘ​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ကို​မွေးဖွား​ပေး​၏​။ 24ကောရ​၏​သား​များ​မှာ အဿိရ​၊ ဧလကာန​နှင့် အဗျာသပ် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ကောရ​အမျိုး​၏​မျိုးနွယ်စု​ဖြစ်​၏​။ 25အာရုန်​၏​သား ဧလာဇာ​သည် ပုတျေလ​၏​သမီး​တစ်​ယောက်​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် ဖိနဟတ်​ကို မွေးဖွား​ပေး​၏​။ ဤသည်ကား မျိုးနွယ်စု​အလိုက် လေဝိ​ဘိုးဘေး​တို့​၏​အကြီးအမှူး​များ ဖြစ်​ကြ​၏​။
26“​အစ္စရေး​အမျိုးသား​တို့​ကို အဖွဲ့​အလိုက် အီဂျစ်​ပြည်​ထဲမှ ထုတ်ဆောင်​လော့​”​ဟု ထာဝရဘုရား​အမိန့်ပေး​ခြင်း​ခံရ​သော​သူ​များ​ကား အာရုန်​နှင့်​မောရှေ​ပေတည်း​။ 27အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​ထဲမှ ထွက်သွား​ခွင့်​ပေး​ရန် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အား ပြောဆို​ခဲ့​သော​သူ​များ​ကား အာရုန်​နှင့်​မောရှေ​ပင်တည်း​။
မောရှေနှင့်အာရုန်တို့ ဖာရောမင်းကြီးရှေ့မှောက်ဝင်ရောက်ခြင်း
28အီဂျစ်​ပြည်​၌ မောရှေ​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​သော​နေ့​တွင် 29ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ သင့်​အား​ငါ​မိန့်ဆို​သော​အရာ​အားလုံး​ကို အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အား​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​ခဲ့​၏​။
30မောရှေ​က “​အကျွန်ုပ်​သည် နှုတ်​လေး​သော​သူ#6:30 တိုက်ရိုက်ပြန်ဆိုလျှင် “နှုတ်ခမ်းအရေဖျားမလှီးထားသောသူ”။​ဖြစ်၍ ဖာရော​မင်းကြီး​သည် အကျွန်ုပ်​၏​စကား​ကို မည်သို့​နားထောင်​ပါ​မည်နည်း​”​ဟု ထာဝရဘုရား​၏​ရှေ့​တော်​၌​ပြန်လျှောက်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in