မဿဲ 26
26
ယေရှုကို သတ်ရန်ကြံစည်ခြင်း
1ယေရှုသည် ဤတရားတော်များကို ဟောပြောတော်မူပြီးသောအခါ မိမိတပည့်တော်တို့အား 2“သင်တို့ သိနှင့်ပြီးဖြစ်သည့်အတိုင်း နှစ်ရက်ကြာလျှင် ပသခါပွဲတော်ကျရောက်မည်။ ထိုအခါ လူသား#26:2 “လူသား” သည် ယေရှုက မိမိကိုယ်တိုင်အတွက် သုံးသော ဂုဏ်ပုဒ်ဖြစ်သည်။ကို လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရန်သူ့လက်သို့ အပ်နှံကြလိမ့်မည်” ဟု မိန့်တော်မူ၏။
3ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက် 4ယေရှုကို တိတ်တဆိတ် ဖမ်းဆီး၍ သတ်ရန် တိုင်ပင်ကြ၏။ 5သူတို့က “သို့သော် လူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်မည်ကို စိုးရိမ်ရသောကြောင့် ပွဲတော်ရက်အတွင်း မဖမ်းဆီးကြနှင့်” ဟု ပြောဆိုကြ၏။
ဗေသနိရွာတွင် ယေရှု၏ ခေါင်းတော်ပေါ်သို့ ဆီမွှေးသွန်းလောင်းခြင်း
6ယေရှုသည် ဗေသနိရွာ၌ရှိသော အနာကြီးရောဂါစွဲကပ်ဖူးသူ ရှိမုန်၏အိမ်၌ ရှိတော်မူစဉ် 7အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသည့် ဆီမွှေးကို ထည့်ထားသောကျောက်ဖြူဘူးတစ်လုံးကို ကိုင်၍ ရောက်လာ၏။ ထို့နောက် သူသည် ထိုဆီမွှေးကို စားပွဲ၌ ထိုင်နေတော်မူသော ယေရှု၏ ခေါင်းတော်ပေါ်၌ လောင်းလေ၏။
8တပည့်တော်တို့သည် ထိုအရာကို တွေ့မြင်သောအခါ ဒေါသထွက်၍ “အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။ 9ဤဆီမွှေးကို ငွေအမြောက်အမြားဖြင့်ရောင်း၍ ဆင်းရဲသားများအား လှူဒါန်းသင့်သည်” ဟု ဆိုကြ၏။
10သို့သော် ယေရှုသည် ထိုအရာကို သိမြင်တော်မူသဖြင့် “ငါ့အတွက် ကောင်းမှုပြုသော ဤအမျိုးသမီးကို အဘယ်ကြောင့် ဝေဖန်ကြသနည်း။ 11ဆင်းရဲသားများသည် သင်တို့နှင့်အတူ အစဉ်အမြဲရှိကြ၏။ သို့ရာတွင် ငါသည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိနေမည်မဟုတ်။ 12ဤအမျိုးသမီးသည် ငါ့ကိုယ်ခန္ဓာပေါ်၌ ဆီမွှေးသွန်းလောင်းသည်မှာ ငါ့ကို သင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။ 13သင်တို့အား ငါအမှန်ဆို၏။ ကမ္ဘာတစ်ဝန်းလုံးတွင် သတင်းကောင်းကို ကြေညာသောအခါ ဤအမျိုးသမီး၏ လုပ်ဆောင်ချက်ကိုလည်း အစဉ်အောက်မေ့သတိရ၍ ပြောဆိုကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုကိုသစ္စာဖောက်ရန် ယုဒသဘောတူခြင်း
14ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံသို့ သွားရောက်ပြီးလျှင် 15“ယေရှုကို သင်တို့ထံ အပ်လျှင် ကျွန်ုပ်အား ငွေမည်မျှ ပေးမည်နည်း” ဟု မေးလေ၏။ သူတို့ကလည်း ငွေဒင်္ဂါးပြားသုံးဆယ်ပေးကြ၏။ 16ထိုအချိန်မှစ၍ ယုဒသည် ယေရှုကို ထိုသူတို့လက်သို့ အပ်ရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
နောက်ဆုံးသောညစာ
17တဆေးမဲ့မုန့်ပွဲတော်ပထမနေ့တွင် တပည့်တော်တို့သည် ယေရှုထံသို့ လာ၍ “သခင့်အတွက် ပသခါပွဲတော်#26:17 ဂျူးလူမျိုးများ အီဂျစ်ပြည်၏ ကျွန်အဖြစ်မှ လွတ်မြောက်မှု အထိမ်းအမှတ်အဖြစ် ကျင်းပသောပွဲတော်ဖြစ်သည်။ညစာကို အကျွန်ုပ်တို့ မည်သည့်နေရာ၌ ပြင်ဆင်ရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
18ယေရှုက “သင်တို့သည် မြို့ထဲသို့ ဝင်သောအခါ လူတစ်ဦးကို တွေ့လိမ့်မည်။ ထိုလူကို တွေ့လျှင် ဆရာတော်က ‘ငါ၏အချိန် ရောက်လာပြီ။ ငါသည် ပသခါပွဲတော်ညစာကို တပည့်တို့နှင့်အတူ သင့်အိမ်၌ သုံးဆောင်မည်’ ဟု မှာကြားလိုက်သည်ဟူ၍ ထိုသူအား ပြောကြလော့” ဟု မိန့်တော်မူ၏။ 19ထို့ကြောင့် တပည့်တော်တို့သည် ယေရှုမိန့်တော်မူသည့်အတိုင်း ဆောင်ရွက်၍ ပသခါပွဲတော်ကို ပြင်ဆင်ကြ၏။
20ညနေခင်းရောက်သောအခါ ယေရှုသည် တပည့်တော် ဆယ့်နှစ်ပါးနှင့်အတူ စားပွဲ၌ ထိုင်တော်မူ၏။#26:20 မူရင်းဂရိကျမ်းတွင် “လျောင်းတော်မူ” ဟု တွေ့ရှိရ၏။ ပထမရာစုအရှေ့အလယ်ပိုင်း၌ အစာစားသုံးရာတွင် စားပွဲရှေ့၌ထိုင်၍ စားသုံးလေ့မရှိပါ။ ကြမ်းပြင်ပေါ်၌ အခြားတစ်ဦးအပေါ် မှီလျောင်း၍ စားပွဲကိုဦးတည်ကာ စားသောက်လေ့ရှိသည်။ 21သူတို့သည် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
22ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်ထိခိုက်လျက် “သခင်ဘုရား… ထိုသူသည် အကျွန်ုပ်လော” ဟု တစ်ဦးပြီးတစ်ဦး မေးလျှောက်ကြ၏။
23ယေရှုက “ငါ့နှင့်အတူ ပန်းကန်တွင် မုန့်ကို တို့စားသောသူသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်။ 24ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။#26:24 မူရင်းဂရိကျမ်းတွင် “သွားရမည်” ဟု ဖော်ပြထားသည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
25ထိုအခါ ယေရှုကို သစ္စာဖောက်မည့် ယုဒက “ဆရာတော်#26:25 မူရင်းဂရိကျမ်းတွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။ ၂၆:၄၉ တွင်လည်း ထို့အတူဖြစ်သည်။… အကျွန်ုပ်လော” ဟု မေးလျှောက်သော် ယေရှုကလည်း “သင်ပြောသည့်အတိုင်း မှန်၏” ဟု မိန့်တော်မူ၏။
26ထို့နောက် သူတို့စားနေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျက် “ယူ၍ စားကြလော့။ ဤမုန့်သည် ငါ၏ကိုယ်ခန္ဓာဖြစ်၏” ဟု မိန့်တော်မူ၏။
27စပျစ်ရည်ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီး တပည့်တော်တို့အား ပေးတော်မူ၏။ ယေရှုက “သင်တို့အားလုံး သောက်ကြလော့။ 28ဤစပျစ်ရည်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန်အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြားဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။ 29သင်တို့အား ငါပြောဆိုသည်မှာ ငါ့ခမည်းတော်၏ နိုင်ငံတော်၌ သင်တို့နှင့်အတူ စပျစ်ရည်အသစ်ကို ထပ်မံသောက်ရမည့်နေ့ မတိုင်မီအထိ စပျစ်ရည်ကို နောက်တစ်ဖန် ငါမသောက်” ဟု မိန့်တော်မူ၏။
30ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ပေတရုငြင်းဆိုမည့်အကြောင်း ကြိုတင်ဟောတော်မူခြင်း
31ထို့နောက် လမ်း၌ ယေရှုက “ကျမ်းစာတွင်
‘ငါသည် သိုးထိန်းကို ရိုက်တော်မူသဖြင့်
သိုးအုပ်သည် ကွဲလွင့်သွားကြရမည်’
ဟု ရေးထားသည့်အတိုင်း ယနေ့ညတွင် သင်တို့သည် ငါ့ကို စွန့်ခွာသွားကြလိမ့်မည်။
32သို့ရာတွင် ငါသည် သေခြင်းမှ ထမြောက်ပြီးနောက် ဂါလိလဲပြည်သို့ သင်တို့ထက် ဦးစွာသွားမည်” ဟု မိန့်တော်မူ၏။
33ထိုအခါ ပေတရုက “အခြားသူအပေါင်းတို့သည် သခင့်ကို စွန့်ခွာကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
34ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
35ပေတရုက “အကျွန်ုပ်သည် သခင်နှင့်အတူ သေရမည်ဆိုလျှင်ပင် သခင့်ကို အကျွန်ုပ် မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်” ဟု လျှောက်လေ၏။ အခြားတပည့်တော်တို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
ဂေသရှေမန်ဥယျာဉ်တွင် ဆုတောင်းတော်မူခြင်း
36ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ဂေသရှေမန်အမည်ရှိသော အရပ်သို့ ရောက်တော်မူ၏။ ယေရှုက “ငါဆုတောင်းနေစဉ် သင်တို့ဤနေရာတွင် ထိုင်စောင့်နေကြလော့” ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင် 37ပေတရုနှင့် ဇေဗေဒဲ၏ သားနှစ်ယောက်ဖြစ်သော ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်သွားတော်မူ၏။ ယေရှုသည် ဝမ်းနည်း၍ စိတ်ပူပန်သဖြင့် 38တပည့်တော်တို့အား “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ်ဝမ်းနည်းလျက်ရှိ၏။ ဤနေရာတွင် နေ၍ ငါနှင့်အတူ သတိနှင့် စောင့်နေကြလော့” ဟု မိန့်တော်မူ၏။
39ထို့နောက် ယေရှုသည် ရှေ့သို့ အနည်းငယ် သွား၍ မြေပေါ်တွင် ပျပ်ဝပ်တော်မူပြီးလျှင် “အကျွန်ုပ်၏အဖ… ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုဆန္ဒအရမဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
40ထို့နောက် ယေရှုသည် တပည့်တော်တို့ထံသို့ ပြန်ကြွသောအခါ သူတို့သည် အိပ်ပျော်နေကြသည်ကို တွေ့တော်မူသဖြင့် ပေတရုအား “သင်တို့သည် တစ်နာရီမျှပင် သတိနှင့် မစောင့်နိုင်ကြသလော။ 41ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
42တစ်ဖန် ယေရှုသည် ဒုတိယအကြိမ်ကြွတော်မူ၍ “အကျွန်ုပ်၏အဖ… ဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်မသောက်ဘဲ ဖယ်ရှားရန် မဖြစ်နိုင်ပါက အဖ၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။ 43ထို့နောက် တပည့်တော်တို့ထံ ပြန်ကြွလာတော်မူသောအခါ သူတို့သည် ငိုက်မျဉ်း၍ အိပ်ပျော်နေကြသည်ကို တွေ့မြင်တော်မူ၏။
44ယေရှုသည် သူတို့ကို ထားခဲ့၍ တတိယအကြိမ် သွားလျက် ယခင်အတိုင်း ထပ်မံဆုတောင်းတော်မူ၏။ 45ထို့နောက် ယေရှုသည် တပည့်တော်တို့ထံ ပြန်ကြွလာ၍ “သင်တို့သည် ယခုတိုင်အောင် အိပ်ပျော်လျက် နားနေကြသေးသလော။ လူသားကို အပြစ်သားတို့၏ လက်ထဲသို့ အပ်နှံရသောအချိန် ရောက်လာပြီ။ 46ထကြ၊ သွားကြစို့။ ငါ့ကို သစ္စာဖောက်၍အပ်မည့်သူ ရောက်နေပြီ” ဟု မိန့်တော်မူ၏။
သစ္စာဖောက်ခံရတော်မူခြင်းနှင့် ဖမ်းဆီးခံရတော်မူခြင်း
47ထိုသို့ မိန့်တော်မူစဉ် တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယုဒသည် တုတ်နှင့်ဓားများကို ကိုင်ဆောင်သောလူအုပ်ကြီးနှင့်အတူ ရောက်လာ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့က လွှတ်လိုက်သောလူအုပ် ဖြစ်၏။ 48ယေရှုကို သစ္စာဖောက်၍ အပ်နှံသောယုဒက “ငါနမ်း၍ နှုတ်ဆက်သောသူသည် ယေရှုဖြစ်၏။ သူ့ကို ဖမ်းဆီးကြလော့” ဟု သူတို့အား အချက်ပြအမှတ်အသားကို ကြိုတင်ပေးထား၏။ 49ယုဒသည် ယေရှုထံသို့ ချက်ချင်း လာ၍ “မင်္ဂလာပါ ဆရာတော်” ဟု နှုတ်ဆက်၍ နမ်းလေ၏။
50ယေရှုကလည်း “မိတ်ဆွေ… သင်ဆောင်ရွက်ရန် လာသည့်အကြောင်းကိစ္စကို ဆောင်ရွက်လော့” ဟု မိန့်တော်မူ၏။
ထိုအခါ လူတို့သည် လာ၍ ယေရှုကို ဖမ်းဆီးချုပ်နှောင်ကြ၏။ 51သို့သော် ယေရှုနှင့်အတူ ရှိနေသောသူတစ်ဦးသည် ဓားကို ဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ အစေခံတစ်ဦးကို ခုတ်သဖြင့် ထိုသူ၏နားရွက် ပြတ်လေ၏။
52ထိုအခါ ယေရှုက ထိုသူအား “သင့်ဓားကို ဓားအိမ်၌ ပြန်သိမ်းလော့။ ဓားကိုင်သောသူတို့သည် ဓားဖြင့် အသက်ဆုံးရှုံးရလိမ့်မည်။ 53ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်#26:53 မူရင်းဂရိကျမ်းတွင် “ဆယ့်နှစ်လေဂေါင်” ဟု ပါရှိသည်။ လေဂေါင်တစ်တပ်တွင် စစ်သည်ခြောက်ထောင်ခန့် ပါဝင်သည်။ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။ 54သို့ရာတွင် ငါသည် ဤသို့ပြုလျှင် ကျမ်းစာ၌ ဖော်ပြထားသည်မှာ မည်သို့ဖြစ်လာနိုင်မည်နည်း” ဟု မိန့်တော်မူ၏။
55ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။ 56သို့သော် ဤအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့် ပရောဖက်တို့၏ဟောပြောချက်အတိုင်း ဖြစ်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်ရှိသမျှတို့သည် ယေရှုကို စွန့်ခွာ၍ ထွက်ပြေးကြ၏။
တရားလွှတ်တော်၌ စစ်ဆေးခံရတော်မူခြင်း
57ထို့နောက် ယေရှုကို ဖမ်းဆီးကြသောသူများသည် သူ့ကို ယဇ်ပုရောဟိတ်မင်း ကယာဖအိမ်သို့ ခေါ်ဆောင်သွားကြ၏။ ထိုအိမ်၌ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည်လည်း စုဝေးလျက် ရှိကြ၏။ 58ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် နောက်တော်သို့ မလှမ်းမကမ်းမှလိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ ယေရှု၏အမှုသည် အဆုံး၌ မည်သို့ဖြစ်မည်ကို သိရှိနိုင်ရန် အစောင့်တပ်သားများနှင့်အတူ ထိုင်လျက် စောင့်ကြည့်နေ၏။
59ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်တစ်ရပ်လုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ယေရှုနှင့် ပတ်သက်သောအကြောင်းအရာကို လိမ်လည်ထွက်ဆိုမည့် သက်သေကို ရှာဖွေကြ၏။ 60မမှန်မကန် ထွက်ဆိုသောသက်သေများစွာကို တွေ့ရှိကြသော်လည်း မည်သည့်ခိုင်လုံသောသက်သေကိုမျှ မတွေ့ကြ။ နောက်ဆုံး၌ လူနှစ်ဦးသည် လာ၍ 61“ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်ဆောက်နိုင်သည်’ ဟု ပြောခဲ့သည်” ဟူ၍ သက်သေခံကြ၏။
62ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် ထ၍ “သင့်အား ဤသို့ စွပ်စွဲသောထွက်ဆိုချက်များကို တစ်ခွန်းမျှ မတုံ့ပြန်ဘဲနေမည်လော။ သင်၏ အမူကိစ္စနှင့်ပတ်သက်၍ မည်သို့ပြောလိုသနည်း” ဟု ယေရှုကို မေးလေ၏။ 63သို့ရာတွင် ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်#26:63 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ဖြစ်သလော။ ငါတို့အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်၏အမည်နာမတော်ကို တိုင်တည်၍ ငါမေး၏” ဟု ဆိုလေ၏။
64ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်”#26:64 ဒံ ၇:၁၃။ ဟု ပြန်၍ မိန့်တော်မူ၏။
65ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိဝတ်ရုံကို ဆုတ်ဖြဲလျက် “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ အခြား မည်သည့်သက်သေ လိုတော့မည်နည်း။ ဘုရားသခင်ကို စော်ကားသော သူ၏စကားကို သင်တို့အားလုံး ယခုကြားကြရလေပြီ။ 66သင်တို့ မည်သို့ထင်မြင်ကြသနည်း” ဟု မေးလျှင် သူတို့က “သူသည် သေဒဏ်ခံထိုက်ပါသည်” ဟု ဖြေဆိုကြ၏။
67ထို့နောက် သူတို့သည် ယေရှု၏ မျက်နှာတော်ကို တံတွေးနှင့် ထွေး၍ လက်သီးဖြင့် ထိုးနှက်ကြ၏။ တချို့ကလည်း ယေရှုကို ရိုက်ပုတ်လျက် 68“အို ခရစ်တော်… သင့်ကို ရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောတော်မူပါ” ဟု လှောင်ပြောင်ကဲ့ရဲ့ကြ၏။
ယေရှုကို မသိကြောင်း ပေတရုငြင်းဆိုခြင်း
69ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် အနားသို့ လာ၍ “သင်သည်လည်း ယေရှုနှင့် အတူရှိခဲ့သောဂါလိလဲပြည်သားဖြစ်သည်” ဟု ဆို၏။
70သို့သော် ပေတရုက “သင်ပြောဆိုနေသည့်အရာကို ငါမသိပါ” ဟု ထိုသူတို့အားလုံးရှေ့၌ ငြင်းဆိုလေ၏။
71ထို့နောက် ပေတရုသည် ဝင်းတံခါးဘက်သို့ ထွက်သွားသောအခါ အခြားအစေခံအမျိုးသမီးတစ်ဦးသည် သူ့ကို သတိပြုမိသဖြင့် အနား၌ရှိသောလူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့် အတူရှိခဲ့သည်” ဟု ဆို၏။
72ပေတရုက နောက်တစ်ဖန် “ထိုသူကို ငါမသိ” ဟု ကျိန်ဆို၍ ငြင်းဆိုပြန်၏။
73ထို့နောက် အချိန်အနည်းငယ်ကြာသော် ထိုနေရာ၌ ရပ်နေသော သူတို့က ပေတရုအနားသို့ လာပြီးလျှင် “သင်သည်လည်း အမှန်ပင်ယေရှုနှင့်အတူရှိခဲ့သောသူဖြစ်၏။ သင်၏ လေယူလေသိမ်းကို နားထောင်ခြင်းအားဖြင့် သိနိုင်၏” ဟု ဆိုကြ၏။
74ပေတရုကလည်း “ထိုသူကို ငါမသိပါ” ဟု တိုင်တည်၍ ကျိန်ဆိုလေ၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။
75ထိုအခါ ပေတရုသည် “ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို သတိရသဖြင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။
Айни замон обунашуда:
မဿဲ 26: BCB
Лаҳзаҳои махсус
Паҳн кунед
Нусха
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Ftg.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.