မဿဲ 25

25
အပျိုရံ​ဆယ်ဦး ပုံဥပမာ
1ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ အပျိုရံ​ဆယ်ဦးတို့​သည် ဆီမီးခွက်များ​ကို ကိုင်ဆောင်​လျက် သတို့သား​အား ကြိုဆို​ရန် ထွက်သွားကြ၏။ 2ထို​ဆယ်ဦး​မှ ငါးဦး​သည် ပညာသတိမဲ့သော​သူများ​ဖြစ်ကြပြီး ကျန်​ငါးဦး​သည် ပညာသတိရှိသော​သူများ ဖြစ်ကြ၏။ 3ပညာသတိမဲ့သော​အပျိုရံတို့​သည် မိမိတို့​၏ ဆီမီးခွက်များ​ကို ယူဆောင်ခဲ့​သော်လည်း ဆီ​အပို​ကိုမူ မယူခဲ့ကြ။ 4ပညာသတိရှိသော​အပျိုရံတို့​မှာမူ မိမိတို့​၏ ဆီမီးခွက်များ​နှင့်အတူ ဆီ​အပိုများ​ကိုလည်း ဘူး​ထဲ​၌ ယူခဲ့ကြ၏။ 5သတို့သား​သည် ရောက်လာ​ရန် ကြန့်ကြာ​သောအခါ သူတို့​အားလုံး​သည် ငိုက်မျဉ်း​ကာ အိပ်ပျော်သွားကြ၏။
6သန်းခေါင်ယံ​အချိန်​၌ ‘သတို့သား ရောက်လာပြီ။ သူ့​အား ထွက်​၍ ကြိုဆိုကြလော့’ ဟူသော အော်ဟစ်သံ​ကို ကြားကြ​သောအခါ 7အပျိုရံ​အားလုံးတို့​သည် ထ​၍ မိမိတို့​၏ ဆီမီးခွက်များ​ကို အသင့်​ပြင်ကြ၏။ 8ထိုအခါ ပညာသတိမဲ့သော အပျိုရံ​ငါးဦး​က ‘ငါတို့​၏ ဆီမီးခွက်များ ငြိမ်းတော့မည်​ဖြစ်​၍ ဆီ​အနည်းငယ် ပေးကြပါ’ ဟု ပညာသတိ​ရှိသော အပျိုရံတို့​ထံ တောင်းကြ၏။
9သို့သော် ပညာသတိ​ရှိသော အပျိုရံတို့​က ‘ငါတို့​အားလုံး​အတွက်​ဆိုလျှင် ဆီ​မလုံလောက်ပါ။ ဆီရောင်းသော​သူတို့​ထံသာ သွား​၍ သင်တို့​အတွက် ဝယ်ယူကြပါ’ ဟု ပြန်ပြောကြ၏။
10ပညာသတိမဲ့သော အပျိုရံတို့​သည် ဆီ​ဝယ်​ရန် သွားနေကြ​စဉ် သတို့သား​ရောက်လာ၏။ အဆင်သင့်​ရှိနေသော အပျိုရံတို့​သည် သတို့သား​နှင့်အတူ မင်္ဂလာဆောင်ပွဲ​သို့ ဝင်သွား​ပြီးနောက် တံခါး​သည်လည်း ပိတ်လေ၏။ 11ထို့နောက် ပညာသတိမဲ့သော​အပျိုရံတို့​သည် ရောက်လာ​၍ ‘သခင်… သခင်… ကျွန်မတို့​အား တံခါး​ဖွင့်ပေးပါ’ ဟု တောင်းဆိုကြ၏။
12သို့သော် သတို့သား​က ‘သင်တို့​ကို ငါ​မသိ’ ဟု ပြန်ပြော၏။
13သို့ဖြစ်၍ သင်တို့​သည်လည်း သတိ​နှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါ​ပြန်လာမည့် နေ့ရက်​နှင့် အချိန်​နာရီ​ကို သင်တို့​မသိ​သောကြောင့်​ဖြစ်၏။
အစေခံ​သုံးဦး ပုံဥပမာ
14တစ်ဖန် ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ ခရီးထွက်​မည့် လူတစ်ဦး​သည် မိမိ​၏ အစေခံများ​ကို ခေါ်​၍ သူ​၏ ဥစ္စာပစ္စည်းများ​ကို အပ်လေ၏။ 15ထို​သူ​သည် အစေခံတို့​ကို သူတို့​၏ အရည်အချင်း​နှင့်အညီ တစ်ဦး​အား ငွေငါးပိဿာ၊#25:15 မူရင်း​ဂရိကျမ်း​တွင် “ငါး​တာလန်” ဟု ပါရှိသည်။ နောက်​တစ်ဦး​အား ငွေနှစ်ပိဿာ#25:15 မူရင်း​ဂရိကျမ်း​တွင် “နှစ်​တာလန်” ဟု ပါရှိသည်။​နှင့် နောက်ဆုံး​တစ်ဦး​အား ငွေတစ်ပိဿာ#25:15 မူရင်း​ဂရိကျမ်း​တွင် “တစ်​တာလန်” ဟု ပါရှိသည်။ ပေးအပ်​ပြီး ခရီးထွက်လေ၏။
16ငွေငါးပိဿာ​ကို ရသော​သူ​သည် ချက်ချင်း​သွား​၍ အရောင်းအဝယ်​ပြု​သဖြင့် နောက်ထပ် ငါးပိဿာ​ကို အမြတ်ရ၏။ 17ထို​နည်းတူပင် ငွေနှစ်ပိဿာ ရသော​သူ​သည်လည်း အရောင်းအဝယ်​ပြု​သဖြင့် နောက်ထပ် နှစ်ပိဿာ​ကို အမြတ်ရ၏။ 18သို့သော် ငွေတစ်ပိဿာ​ကို ရရှိသော​သူ​သည် မြေ​၌ ကျင်းတူး​၍ မိမိ​သခင်​၏ ငွေ​ကို ဝှက်ထား၏။
19ကာလ​အတန်​ကြာသော် ထို​အစေခံတို့​၏ သခင်​သည် ခရီး​မှ ပြန်ရောက်လာ​၍ သူတို့​နှင့် စာရင်းရှင်းလေ၏။ 20ထိုအခါ ငွေငါးပိဿာ​ကို ရသော​သူ​သည် အပို​ငါးပိဿာ​ကို ယူဆောင်လာ​၍ ‘သခင်… သခင်​သည် အကျွန်ုပ်​အား ငွေငါးပိဿာ​ကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်​သည် ငါးပိဿာ​ကို အမြတ်ရပါပြီ’ ဟု လျှောက်၏။
21သူ​၏ သခင်​ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော​အစေခံ​ကောင်း… သင်​သည် သေးငယ်သော​အမှုကိစ္စ​၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသော​တာဝန်များ​ကို သင့်​အား ငါ​လွှဲအပ်မည်။ ငါ​၏​စားသောက်ပွဲ​၌ ပါဝင်​ဆင်နွှဲလော့’ ဟု ဆို၏။
22ငွေနှစ်ပိဿာ​ကို ရသော​သူ​သည်လည်း ရှေ့​ထွက်လာ​၍ ‘သခင်… သခင်​သည် အကျွန်ုပ်​အား ငွေနှစ်ပိဿာ​ကို ပေးအပ်ခဲ့ပါ၏။ ကြည့်ပါလော့။ အကျွန်ုပ်​သည် အပို​နှစ်ပိဿာ​ကို အမြတ်ရပါပြီ’ ဟု လျှောက်၏။
23သခင်​ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော​အစေခံ​ကောင်း… သင်​သည် သေးငယ်သော​အမှုကိစ္စ​၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် ယခု များစွာသော​တာဝန်များ​ကို သင့်​အား ငါ လွှဲအပ်မည်။ ငါ​၏​စားသောက်ပွဲ​၌ ပါဝင်​ဆင်နွှဲလော့’ ဟု ဆို၏။
24ငွေတစ်ပိဿာ​ကို ရရှိသော​သူ​သည် လာ​၍ ‘သခင်… အကျွန်ုပ်​သည် သခင့်​အကြောင်း​ကို သိပါ၏။ သခင်​သည် ခက်ထန်သော​သူ​ဖြစ်​၍ မိမိ​မစိုက်သော​အရာ​ကို ရိတ်သိမ်းတတ်ပါ၏။ မိမိ​မစိုက်ပျိုးသော​အရပ်​မှ ရိတ်သိမ်းတတ်ပြီး မိမိ​မကြဲဖြန့်သော​အရပ်​မှ စုသိမ်းတတ်ပါ၏။ 25ထို့ကြောင့် အကျွန်ုပ်​သည် သခင်​၏​ငွေ ဆုံးရှုံးမည်​ကို စိုးရိမ်​သောကြောင့် မြေ​၌ ဝှက်ထားခဲ့ပါ၏။ ကြည့်ပါလော့။ သခင်​၏​ငွေ ရှိပါသည်’ ဟု လျှောက်လေ၏။
26ထိုအခါ သခင်​ကလည်း ‘မိုက်မဲ​၍ ပျင်းရိသော​အစေခံ… ငါ​သည် မိမိ​မစိုက်ပျိုးသော​အရပ်​မှ ရိတ်သိမ်းတတ်ပြီး မိမိ​မကြဲဖြန့်သော​အရပ်​မှ စုသိမ်းတတ်ကြောင်း သင်​သိ​လျှင် 27ငါ​၏​ငွေ​ကို ဘဏ်​၌ အပ်ထား​သင့်၏။ ထိုသို့​အပ်​လျှင် ငါ​ပြန်လာ​သောအခါ ထို​ငွေ​ကို အတိုး​နှင့်တကွ ရရှိ​လိမ့်မည်’ ဟု ဆိုလေ၏။
28ထို့ကြောင့် သခင်​က ‘သူ့​ထံမှ ငွေတစ်ပိဿာ​ကို ယူ​၍ ဆယ်ပိဿာ ရှိသော​သူ​အား ပေးကြလော့။ 29ရှိသော​သူတို့​အား များစွာ​ထပ်​၍ ပေး​သဖြင့် သူတို့​သည် ကြွယ်ဝကြ​လိမ့်မည်။ မရှိသော​သူတို့​ထံမှ​မူ သူတို့​၌​ရှိသော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ 30ယခု ဤ​အသုံးမကျသော​အစေခံ​ကို အပြင်ဘက်​အမှောင်ထဲ​သို့ နှင်ထုတ်ကြလော့။ ထို​နေရာ​၌ သူ​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်’ ဟု ဆို၏။
နောက်ဆုံးသော​တရားစီရင်ခြင်း
31လူသား#25:31 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​သည် မိမိ​၏​ဘုန်းအသရေ​ကို ဆောင်​၍ ကောင်းကင်တမန်များ​ခြံရံ​လျက် ကြွလာ​သောအခါ ဘုန်းအသရေ​နှင့် ပြည့်စုံသော သူ​၏ ရာဇပလ္လင်​ပေါ်​တွင် ထိုင်တော်မူ​လိမ့်မည်။ 32ထိုအခါ လူမျိုး​အပေါင်းတို့​သည် သူ​၏​ရှေ့တော်​၌ စုရုံးကြ​လိမ့်မည်။ ထို့နောက် သိုးထိန်း​သည် သိုး​နှင့် ဆိတ်တို့​ကို သီးခြား​ခွဲထား​သကဲ့သို့ လူသား​သည် လူတို့​ကို သီးခြား​ခွဲထား​လိမ့်မည်။ 33သိုးများ​ကို သူ​၏ လက်ယာတော်​ဘက်​၌ ထား​၍ လက်ဝဲတော်​ဘက်​၌ ဆိတ်များ​ကို ထားတော်မူ​လိမ့်မည်။
34ထို့နောက် ရှင်ဘုရင်​က သူ​၏ လက်ယာတော်​ဘက်​၌ ရှိသော​သူတို့​အား ‘ငါ့​ခမည်းတော်​၏ ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​သူတို့… လာကြလော့။ ကမ္ဘာ​တည်​ကတည်းက​ပင် သင်တို့​အဖို့ ပြင်ဆင်​ထားသော နိုင်ငံတော်​ကို အမွေဆက်ခံကြလော့။ 35ငါ​သည် ဆာလောင်မွတ်သိပ်​သောအခါ သင်တို့​သည် ငါ့​ကို စားစရာ​ပေးကြ၏။ ရေငတ်​သောအခါ ငါ့​ကို သောက်စရာ​ရေ ပေးကြ၏။ ငါ​သည် ဧည့်သည်​ဖြစ်​သောအခါ ငါ့​ကို သင်တို့​အိမ်​သို့ ကြိုဆို​လက်ခံကြ၏။ 36ငါ​သည် အဝတ်ဗလာ​ဖြစ်သောအခါ ငါ့​အတွက် ဝတ်စရာ​အဝတ်​ကို ပေးကြ၏။ ငါ​သည် ဖျားနာ​သောအခါ ငါ့​ကို ပြုစုစောင့်ရှောက်ကြ၏။ ငါ​သည် ထောင်ကျ​သောအခါ ငါ့​ထံသို့ လာရောက်​ကြည့်ရှုကြ၏’ ဟု မိန့်တော်မူ၏။
37ထိုအခါ ဖြောင့်မတ်သူတို့​က ‘သခင်… သခင်​သည် ဆာလောင်မွတ်သိပ်တော်မူသည်​ကို အကျွန်ုပ်တို့​သည် မည်သည့်အခါ​တွင် တွေ့မြင်​၍ ကျွေးမွေးပါသနည်း။ ရေငတ်တော်မူသည်​ကို မည်သည့်အခါ​၌ တွေ့မြင်​၍ သောက်စရာ​ရေ​ကို ပေးဖူးပါသနည်း။ 38သခင်​သည် ဧည့်သည်​ဖြစ်တော်မူသည်​ကို မည်သည့်အခါ​တွင် တွေ့မြင်​၍ ဧည့်ဝတ်​ကို ပြုဖူးပါသနည်း။ အဝတ်ဗလာ ဖြစ်တော်မူသည်​ကို တွေ့မြင်​၍ ဝတ်စရာ​အဝတ်​ကို ပေးဖူးပါသနည်း။ 39သခင်​သည် ဖျားနာတော်မူသည်​ကို​လည်းကောင်း၊ ထောင်ကျတော်မူသည်​ကိုလည်းကောင်း အကျွန်ုပ်တို့​သည် မည်သည့်အခါ​တွင် တွေ့မြင်​၍ လာရောက်​ကြည့်ရှုဖူးပါသနည်း’ ဟု ပြန်​၍ လျှောက်ထားကြ​လိမ့်မည်။
40ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကို​မောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသော​သူ​အား သင်တို့​ပြုစုကြသမျှ​သည် ငါ့​အား ပြုစုခြင်းပင်​ဖြစ်သည်’ ဟု ပြန်​၍ မိန့်တော်မူ​လိမ့်မည်။
41ထို့နောက် ရှင်ဘုရင်​က လက်ဝဲတော်ဘက်​၌ ရှိသော​သူတို့​အား ‘ကျိန်ဆဲခြင်း​ခံရသော​သူတို့… ငါ့​ထံမှ ထွက်သွားကြလော့။ မာရ်နတ်​နှင့် သူ​၏ နတ်ဆိုးများ#25:41 မူရင်း​ဂရိကျမ်း​တွင် “ကောင်းကင်တမန်များ” ဟု ပါရှိသည်။​အတွက် ပြင်ဆင်ထားသော​ထာဝရ​မီး​ထဲသို့ သွားကြလော့။ 42ငါ​သည် ဆာလောင်မွတ်သိပ်​သောအခါ သင်တို့​သည် ငါ့​ကို မကျွေးမွေးကြ။ ရေငတ်​သောအခါ ငါ့​ကို သောက်စရာ​ရေ မပေးကြ။ 43ငါ​သည် ဧည့်သည် ဖြစ်​သောအခါ ငါ့​ကို သင်တို့​အိမ်​သို့ ကြိုဆို​လက်မခံကြ။ ငါ​သည် အဝတ်ဗလာ​ဖြစ်သောအခါ ငါ့​အတွက် ဝတ်စရာ​အဝတ်​ကို မပေးကြ။ ငါ​သည် ဖျားနာ​သောအခါ​၌​လည်းကောင်း၊ ထောင်ကျ​သောအခါ​၌​လည်းကောင်း သင်တို့​သည် ငါ့​ကို မကြည့်ရှုကြ’ ဟု မိန့်တော်မူ​လိမ့်မည်။
44ထိုအခါ အဆိုပါ လူများ​ကလည်း ‘သခင်… အကျွန်ုပ်တို့​သည် သခင် ဆာလောင်​မွတ်သိပ်နေတော်မူသည်​ကို​လည်းကောင်း၊ ရေငတ်နေတော်မူသည်​ကို​လည်းကောင်း၊ ဧည့်သည်​ဖြစ်တော်မူသည်​ကို​လည်းကောင်း၊ အဝတ်ဗလာ​ဖြစ်တော်မူသည်​ကို​လည်းကောင်း၊ ဖျားနာတော်မူသည်​ကို​လည်းကောင်း၊ ထောင်ကျတော်မူသည်​ကို​လည်းကောင်း မည်သည့်အခါ​တွင် တွေ့မြင်​၍ အရှင့်​ကို မကြည့်ရှု​မစောင့်ရှောက်ဘဲ နေခဲ့ကြသနည်း’ ဟု ပြန်လျှောက်ကြ​လိမ့်မည်။
45ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကိုမောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသာ​သူ​အား သင်တို့ မပြုစုသမျှ​သည် ငါ့​အား မပြုစုကြခြင်း​ပင် ဖြစ်သည်’ ဟု မိန့်တော်မူ​လိမ့်မည်။
46ထို့ကြောင့် ထို​သူများ​သည် ထာဝရ​အပြစ်ဒဏ်ခံရသော​နေရာ​သို့ သွားကြ​လိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သော​သူတို့​မှာမူ ထာဝရ​အသက်ရှင်ရာ နေရာ​သို့ သွားကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။

Айни замон обунашуда:

မဿဲ 25: BCB

Лаҳзаҳои махсус

Паҳн кунед

Нусха

None

Want to have your highlights saved across all your devices? Sign up or sign in