မဿဲ 27

27
ယုဒ မိမိကိုယ်ကိုယ်​အဆုံးစီရင်ခြင်း
1နံနက်​စောစော​အချိန်​တွင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် လူထု​အကြီးအကဲများ​သည် တစ်ဖန်​တွေ့ဆုံ​၍ ယေရှု​ကို သေဒဏ်ချမှတ်​နိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။ 2ထိုသို့ ဆွေးနွေးပြီး​သောအခါ ယေရှု​ကို ချည်နှောင်​ကာ ရောမ​ဘုရင်ခံ ပိလတ်မင်း​ထံသို့ ပို့ဆောင်​၍ အပ်လိုက်ကြ၏။
3ထိုအခါ ကိုယ်တော်​ကို သစ္စာဖောက်​အပ်နှံခဲ့သော ယုဒ​သည် ယေရှု သေဒဏ်ချမှတ်​ခံရသည်​ကို ကြားသိ​သောအခါ နောင်တရလေ၏။ ထို့ကြောင့် ငွေဒင်္ဂါး​ပြားသုံးဆယ်​ကို ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် လူထု​အကြီးအကဲများ​ထံသို့ ပြန်ယူလာခဲ့ပြီး​လျှင် 4“ကျွန်ုပ်​သည် အပြစ်ကင်းသောသူ​ကို သစ္စာဖောက်​၍ အပြစ်​ကျူးလွန်မိပါပြီ” ဟု ဆို၏။
သို့သော် ထို​သူတို့​က “ဤ​ကိစ္စ​သည် ငါတို့​နှင့် မည်သို့​ဆိုင်သနည်း။ သင့်​ကိစ္စ​ကို သင်​ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။
5ထိုအခါ ယုဒ​သည် ထို​ငွေဒင်္ဂါး​ပြားသုံးဆယ်​ကို ဗိမာန်တော်​၌ ပစ်ချ​၍ ထွက်သွား၏။ ထို့နောက် အခြား​တစ်နေရာ​သို့ သွားပြီး​လျှင် မိမိ​ကိုယ်ကိုယ် ဆွဲကြိုးချ​၍ အဆုံးစီရင်လေ၏။
6ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​ကလည်း ထို​ငွေများ​ကို ယူ​၍ “ဤ​ငွေ​သည် လူသတ်​ရန် ပေးထားသော ငွေ​ဖြစ်​သောကြောင့် ဗိမာန်တော် အလှူသေတ္တာ​ထဲ​သို့ မသွင်းသင့်” ဟု ဆိုကြ၏။ 7ထိုသို့ ဆွေးနွေးတိုင်ပင်ကြပြီး​လျှင် သူတို့​သည် နောက်ဆုံး​၌ ထို​ငွေ​ဖြင့် အိုးထိန်းသမား​၏ လယ်ကွက်​ကို လူမျိုးခြား​ဧည့်သည်များ​အတွက် သင်္ချိုင်း​အဖြစ် အသုံးပြု​ရန် ဝယ်ယူကြ၏။ 8ထို့ကြောင့် ထို​လယ်ကွက်​ကို ယနေ့​တိုင်အောင် “သွေးမြေ” ဟု ခေါ်တွင်လေ၏။ 9ဤ​အရာ​သည် ပရောဖက်​ယေရမိ​၏ ဟောပြောချက်​အတိုင်း ဖြစ်လာစေခြင်း​ဖြစ်၏။ ထို​ဟောပြောချက်​မှာ
“သူတို့​သည် ငွေဒင်္ဂါး​ပြားသုံးဆယ်​ကို ယူကြ၏။
ထို​ငွေ​သည် အစ္စရေးလူမျိုးတို့​က သူ့​အား တန်ဖိုးဖြတ်သော​ငွေ ဖြစ်၏။
10ထို့နောက် ထာဝရဘုရား မှာကြားတော်မူသည့်​အတိုင်း ထို​ငွေ​ဖြင့်
အိုးထိန်းသမား​၏ လယ်ကွက်​ကို ဝယ်ယူကြသည်”
ဟူ၍ ဖြစ်၏။
ပိလတ်မင်း​ရှေ့​တွင် စစ်ဆေးခံတော်မူခြင်း
11ယေရှု​သည် ရောမ​ဘုရင်ခံ ပိလတ်မင်း​ရှေ့​၌ ရပ်တော်မူ​ရာ ပိလတ်မင်း​က “သင်​သည် ဂျူးတို့​၏ ရှင်ဘုရင်​ဖြစ်သလော” ဟု မေးလေ၏။
ယေရှု​ကလည်း “မင်းကြီး​ဆို​သည့်​အတိုင်း မှန်ပါသည်” ဟု ဖြေတော်မူ၏။
12သို့သော် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် လူထု​အကြီးအကဲများ​၏ စွပ်စွဲချက်များ​ကို ယေရှု​သည် တစ်ခွန်း​မျှ တုံ့ပြန်တော်မမူပေ။ 13ထိုအခါ ပိလတ်မင်း​က ယေရှု​အား “သူတို့​သည် သင့်​အား စွပ်စွဲသည့်​အချက်များ​ကို သင်​သည် မကြားသလော” ဟု ဆို၏။ 14သို့ရာတွင် ယေရှု​သည် စကား​တစ်ခွန်း​မျှ ပြန်​၍ မိန့်တော်မမူဘဲ​နေသဖြင့် ဘုရင်ခံ​သည် အလွန်​အံ့သြလေ၏။
15ပသခါပွဲတော် ကျင်းပချိန်​တွင် ရောမ​ဘုရင်ခံ​သည် လူထု​အလိုရှိသော အကျဉ်းသား​တစ်ဦး​ကို နှစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့​ရှိ၏။ 16ထို​နှစ်​တွင် နာမည်ဆိုး​ဖြင့် ကျော်ကြားသော ဗာရဗ္ဗ#27:16 အချို့​လက်ရေးမူကျမ်းများ​တွင် “ယေရှု​ဗာရဗ္ဗ” ဟု ဖော်ပြထားသည်။​ဟု ခေါ်သည့် အကျဉ်းသား​တစ်ဦး​ရှိ၏။ 17သို့ဖြစ်၍ လူထုတို့​သည် ပိလတ်မင်း​အိမ်ရှေ့​တွင် စုဝေးရောက်ရှိ​သောအခါ ပိလတ်မင်း​က “သင်တို့​သည် မည်သူ့​ကို လွှတ်ပေး​စေလိုသနည်း။ ဗာရဗ္ဗ​လော၊ သို့မဟုတ် ခရစ်တော်#27:17 ဂရိဘာသာ​အားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာ​အားဖြင့် “မေရှိယ” ဖြစ်ပြီး ထို​နှစ်ခုလုံး​၏ အဓိပ္ပာယ်​မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။​ဟု ခေါ်သော ယေရှု​လော” ဟု သူတို့​အား မေးလေ၏။ 18ထိုသို့​မေးရခြင်း​မှာ ဂျူးဘာသာရေး​ခေါင်းဆောင်များ​က ယေရှု​ကို မနာလို​၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိ​သောကြောင့် ဖြစ်၏။
19ထို​အချိန်​၌ ပိလတ်မင်း​သည် တရားခွင်​တွင် ထိုင်​နေစဉ် သူ​၏ ဇနီး​က “ထို​အပြစ်ကင်းသော​သူ​အား မည်သည့်အရာ​ကို​မျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် မနေ့​ည​က အိပ်မက်တွင် ထို​သူ​နှင့်​ပတ်သက်၍ အလွန်​စိတ်ဒုက္ခ​ရောက်ရပါ၏” ဟု ပိလတ်မင်း​ထံသို့ သတင်းပို့လေ၏။
20ထို​အချိန်​တွင် ဗာရဗ္ဗ​ကို လွှတ်ပေး​၍ ယေရှု​ကို သေဒဏ်ချမှတ်​စေမည့်​အကြောင်း တောင်းဆို​ရန် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲများ​သည် လူထု​အား တိုက်တွန်းသွေးဆောင်ကြ၏။ 21ထို့ကြောင့် ပိလတ်မင်း​က ထပ်မံ​၍ “ဤ​သူ​နှစ်ဦး​အနက် မည်သူ့​ကို လွှတ်စေလိုသနည်း” ဟု ပြန်လည် မေး​သောအခါ လူထု​က “ဗာရဗ္ဗ” ဟု အော်ပြောကြ၏။
22ထိုအခါ ပိလတ်မင်း​က ထပ်မံ​၍ “ခရစ်တော်​ဟု ခေါ်သော ယေရှု​ကို မည်သို့​ပြုရမည်နည်း” ဟု မေးလေ၏။
လူထု​ကလည်း “လက်ဝါးကပ်တိုင်​တွင် သတ်ပါ” ဟု အော်ဟစ်ပြောဆိုကြ၏။
23ပိလတ်မင်း​က တစ်ဖန် “အဘယ်ကြောင့်နည်း။ သူ​သည် မည်သည့်​ပြစ်မူ​ကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်​၍ မေးပြန်သော် လူထု​က “လက်ဝါးကပ်တိုင်​တွင် သတ်ပါ” ဟု ပို​၍ အော်ဟစ်ကြ၏။
24ပိလတ်မင်း​သည် မိမိ​ဆက်လက်​ပြောဆို​ရန် မည်သို့မျှ​မဖြစ်နိုင်ကြောင်း​နှင့် လူထု ရုန်းရင်းဆန်ခတ်​ဖြစ်လာမည့်​အခြေအနေ​ကို မြင်လေ၏။ ထို့ကြောင့် လူထု​ရှေ့တွင် ရေဇလုံ​၌ သူ​၏ လက်​ကို ဆေး​ကာ “ဤ​သူ​သေရခြင်း​မှာ ငါ​၏ တာဝန်​မဟုတ်။ သင်တို့​၏ တာဝန်သာ​ဖြစ်သည်” ဟု ဆိုလေ၏။
25လူထု​ကလည်း “ဤ​သူ​သေရခြင်း​အတွက် အကျွန်ုပ်တို့​နှင့် အကျွန်ုပ်တို့​သားသမီးများ​၏ တာဝန်သာ​ဖြစ်ပါစေ” ဟု ပြန်လည် အော်ဟစ်ပြောဆိုကြ၏။
26ထိုအခါ ပိလတ်မင်း​သည် ဗာရဗ္ဗ​ကို လွှတ်ပေးလေ၏။ ယေရှု​ကို​မူ ကျာပွတ်​ဖြင့် ရိုက်နှက်စေ​ပြီး လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရောမစစ်သားများ​ထံသို့ အပ်လိုက်၏။
ယေရှု​ကို စစ်သားများ​က ပြက်ရယ်ပြုကြခြင်း
27စစ်သား​တချို့​သည် ယေရှု​ကို ရောမ​ဘုရင်ခံ​ပိလတ်မင်း​၏ ရုံးတော်​သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်​တစ်တပ်လုံး​သည် ယေရှု​၏ အနား​သို့ စုရုံးလာကြ၏။ 28သူတို့​သည် ကိုယ်တော်​၏ အဝတ်တော်​ကို ချွတ်​၍ ဝတ်ရုံနီ​ကို ခြုံပေးကြ၏။ 29ထို့နောက် သူတို့​သည် ဆူးခက်​ဖြင့် ရက်ထားသော​သရဖူ​တစ်ခု​ကို ကိုယ်တော်​၏ ဦးခေါင်းတော်​၌ ဆောင်းပေးကြ၏။ ကျူရိုး​တစ်ချောင်း​ကို ရာဇလှံတံ​အဖြစ် လက်ယာ​လက်တော်​တွင် ကိုင်စေကြ၏။ ထို့နောက် ကိုယ်တော်​၏ ရှေ့တော်​တွင် ဒူးထောက်​လျက် “ဂျူးတို့​၏​ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုကြ၏။ 30သူတို့​သည် ကိုယ်တော်​ကို တံတွေး​ဖြင့် ထွေး​ပြီး​လျှင် လက်တော်​တွင် ကိုင်ထားသော ကျူရိုး​ကို ယူ​၍ ခေါင်းတော်​ကို ရိုက်နှက်ကြ၏။ 31ထိုသို့ ပြက်ရယ်ပြုကြ​ပြီးနောက် ဝတ်ရုံ​ကို ချွတ်​၍ အဝတ်တော်​ကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ခေါ်ဆောင်သွားကြ၏။
လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း
32သူတို့​ထွက်သွားကြ​စဉ် လမ်း​တွင် ရှိမုန်​ဟု ခေါ်သော ကုရေနေမြို့သား#27:32 “ကုရေနေ” သည် မြောက်အာဖရိက​တွင်းမှ မြို့​တစ်မြို့​ဖြစ်သည်။​တစ်ဦး​ကို တွေ့​သဖြင့် သူ့​အား ယေရှု​၏ လက်ဝါးကပ်တိုင်​ကို အတင်းအကျပ်​ထမ်းစေကြ၏။ 33ထို​မှ​တစ်ဆင့် ဦးခေါင်းခွံ​အရပ်​ဟု အဓိပ္ပာယ်​ရသော ဂေါလဂေါသ​အမည်တွင်​သည့်​အရပ်​သို့ သွားကြ၏။ 34ထို​နေရာ​၌ စစ်သားများ​က ဆေးခါး​နှင့် ရောစပ်ထားသော​စပျစ်ဝိုင်​ကို ကိုယ်တော်​အား တိုက်ကြ၏။ ကိုယ်တော်​သည် မြည်းစမ်းကြည့်တော်မူ​ပြီးလျှင် မသောက်ဘဲ​နေတော်မူ၏။
35ထို့နောက် သူတို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် ရိုက်ထား​ပြီးလျှင် အဝတ်တော်တို့​ကို မဲနှိုက်​၍ ခွဲဝေကြ၏။ 36ထို့နောက် ထို​နေရာ​၌ ထိုင်​၍ ကိုယ်တော်​ကို စောင့်ကြည့်ကြ၏။ 37ကိုယ်တော်​အား စွဲချက်တင်​သည့် အပြစ်​ကို ဖော်ပြသော​စာ​မှာ “ဂျူးတို့​၏ ရှင်ဘုရင် ယေရှု​ဖြစ်၏” ဟူ၍ ကမ္ပည်း​ရေးထိုးပြီး ဦးခေါင်းတော်​အထက်​တွင် ထားကြ၏။ 38ထို့နောက် ဓားပြ​နှစ်ဦး​ကိုလည်း ကိုယ်တော်​နှင့်အတူ လက်ယာတော်ဘက်​တွင် တစ်ဦး၊ လက်ဝဲတော်ဘက်​တွင် တစ်ဦး လက်ဝါးကပ်တိုင်​တွင် ရိုက်ထားကြ၏။
39ဖြတ်သန်း​သွားလာ​သူတို့​သည် ခေါင်းခါ​လျက် 40“ဗိမာန်တော်​ကို ဖြိုဖျက်​၍ သုံးရက်​အတွင်း ပြန်တည်ဆောက်မည့်​သူ… သင့်ကိုယ်သင်​ကယ်လော့။ သင်​သည် ဘုရားသခင်​၏​သားတော် မှန်​လျှင် လက်ဝါးကပ်တိုင်​မှ ဆင်းလော့” ဟု ကိုယ်တော်​အား ပြက်ရယ်ပြုကြ၏။
41ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​နှင့် အကြီးအကဲများ​ကလည်း 42“သူ​သည် တစ်ပါးသူတို့​ကို ကယ်တင်၏။ မိမိ​ကိုယ်ကိုယ်​မူ မကယ်တင်နိုင်ပေ။ သူ​သည် အစ္စရေးတို့​၏​ရှင်ဘုရင် မဟုတ်သလော။ လက်ဝါးကပ်တိုင်​မှ ဆင်းလာပါစေ။ ဆင်းလာ​လျှင် ငါတို့ သူ့​ကို ယုံမည်။ 43သူ​သည် ဘုရား​ကို ယုံကြည်ကိုးစား၏။ ဘုရားသခင်​သည် အလိုတော်​ရှိတော်မူ​လျှင် ယခု​ပင် သူ့​ကို ကယ်တင်တော်မူပါစေ။ သူ​က ‘ငါ​သည် ဘုရားသခင်​၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆို​ကာ ပြက်ရယ်ပြုကြ၏။ 44ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်တွင် ရိုက်ထားခြင်း​ခံရသော​ဓားပြများ​ကလည်း ထို​နည်းတူ ကိုယ်တော်​ကို ပြက်ရယ်ပြုကြ၏။
အသက်​ချုပ်တော်မူခြင်း
45မွန်းတည့်ချိန်#27:45 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “ဆဋ္ဌမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “ဆဋ္ဌမ​နာရီ” ဟု ဆိုရာ​တွင် မွန်းတည့် ဆယ့်နှစ်​နာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။​မှစ၍ မွန်းလွဲ​သုံးနာရီ#27:45 မူရင်း​ဂရိကျမ်း​မှ တိုက်ရိုက်​ပြန်ဆို​လျှင် “နဝမ​နာရီ” ဖြစ်သည်။ ဂျူးလူမျိုးများ​သည် အချိန်နာရီ​ကို နံနက်​ခြောက်​နာရီ​မှ စတင်​၍ ရေတွက်​သောကြောင့် “နဝမ​နာရီ” ဟု ဆိုရာ​တွင် မွန်းလွဲ​သုံးနာရီ​ကို ဆိုလိုခြင်း​ဖြစ်သည်။​တိုင်အောင် မြေပြင်​တစ်ခွင်လုံး​တွင် အမှောင်ဖုံးလေ၏။ 46မွန်းလွဲ​သုံးနာရီ​အချိန်ခန့်​တွင် ယေရှု​က “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်​စွာ အော်ဟစ်တော်မူ၏။ ထို​စကား​၏​အဓိပ္ပာယ်​မှာ “အကျွန်ုပ်​ဘုရား… အကျွန်ုပ်​ဘုရား… အကျွန်ုပ်​ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း”#27:46 ဆာ ၂၂:၁။ ဟူ၍ ဖြစ်၏။
47အနီး​တွင် ရပ်နေသော​လူ​တချို့​က ထို​စကား​ကို ကြား​လျှင် ယေရှု​သည် ပရောဖက်​ဧလိယ​ကို ခေါ်သည်​ဟု ထင်မှတ်ကြ၏။ 48ထို​သူတို့​ထဲမှ လူ​တစ်ဦး​သည် ချက်ချင်း​ပြေး​၍ အချဉ်​ဖောက်ထားသော​စပျစ်ဝိုင်​၌ ရေမြှုပ်​ကို နှစ်​ပြီးလျှင် ကျူရိုးဖျား​၌ ချည်​လျက် ကိုယ်တော့်​ကို သောက်​ရန် ပေးလေ၏။ 49သို့သော် အခြားသူတို့​က “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို ကယ်​ရန် လာမည်၊ မလာမည်​ကို ကြည့်ကြစို့”#27:49 အချို့​လက်ရေးမူကျမ်းများ​တွင် “အခြားသော​သူတစ်ယောက်​က လှံ​ကို​ယူ​၍ နံဘေးတော်​သို့ ထိုးသွင်း​ရာ ရေ​နှင့် သွေးများ စီးကျလာသည်” ဟု ဖော်ပြထားသည်။ ဟု ပြောဆိုကြ၏။
50ထို့နောက် ယေရှု​သည် ထပ်မံ​၍ ကျယ်လောင်​စွာ အော်ဟစ်တော်မူ​ပြီးလျှင် အသက်တော်​ချုပ်တော်မူ၏။ 51ထိုအခါ ဗိမာန်တော်​ကန့်လန့်ကာ​သည် အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်ခြမ်း​ကွဲလေ၏။ မြေငလျင် လှုပ်​၍ ကျောက်တုံးများ​လည်း အက်ကွဲကြ၏။ 52သင်္ချိုင်းဂူများ ပွင့်​၍ သေလွန်ပြီးသော​ယုံကြည်သောသူ#27:52 “ယုံကြည်သောသူ” မူရင်း​ဂရိကျမ်း​တွင် “သန့်ရှင်းသူများ” ဟု ပါရှိသည်။​များစွာ​တို့​၏ ကိုယ်ခန္ဓာ​သည် ရှင်ပြန်​ထမြောက်ကြ၏။ 53ယေရှု​ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် ထို​သူတို့​သည် သင်္ချိုင်းဂူတို့​ကို စွန့်ခွာ​၍ သန့်ရှင်းသော​ဂျေရုဆလင်မြို့​ထဲသို့ ဝင်ပြီး​လျှင် လူများစွာ​အား ကိုယ်ထင်ပြကြ၏။
54ရောမ​တပ်မှူး#27:54 “စစ်သား​တစ်ရာ​ကို အုပ်ချုပ်ရသော တပ်မှူး” ကို ဆိုလိုသည်။​နှင့်အတူ ယေရှု​ကို စောင့်ကြည့်နေကြသော အခြား​စစ်သားတို့​သည် မြေငလျင်​လှုပ်​၍ ဖြစ်ပျက်​သမျှ​ကို တွေ့မြင်ကြ​သောအခါ အလွန်​ကြောက်လန့်ကြ၏။ သူတို့​က “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
55ယေရှု​ကို အလုပ်အကျွေးပြု​ရန် ဂါလိလဲပြည်​မှ အတူပါလာကြသည့် အမျိုးသမီး​များစွာတို့​သည်လည်း အဝေး​က ရပ်​လျက် စောင့်ကြည့်နေကြ၏။ 56ထို​သူတို့​အထဲ​တွင် မာဂဒလမာရိ၊ ယာကုပ်​နှင့် ယောသပ်​၏ မိခင်​မာရိ၊ ဇေဗေဒဲ​၏ သားများ​၏ မိခင်​တို့ ပါကြ၏။
ယေရှု​ကို သင်္ဂြိုဟ်ခြင်း
57ညနေစောင်း​သောအခါ အရိမဿဲမြို့​မှ သူဌေး​တစ်ဦး​ဖြစ်ပြီး ယေရှု​၏ တပည့်တော်​လည်း​ဖြစ်သော ယောသပ်​သည် 58ပိလတ်မင်း​ထံသို့ သွား​၍ ယေရှု​၏ အလောင်းတော်​ကို တောင်းလေ၏။ ပိလတ်မင်း​ကလည်း အလောင်းတော်​ကို ယောသပ်​အား ပေး​ရန် အမိန့်ပေး၏။ 59ယောသပ်​သည် အလောင်းတော်​ကို ယူ​၍ စင်ကြယ်သော ပိတ်ချော​ဖြင့် ရစ်ပတ်လေ၏။ 60အလောင်းတော်​အား မိမိ​ကိုယ်ပိုင်ဖြစ်သော ကျောက်ဆောင်​ကို ထွင်းထားသည့် သင်္ချိုင်းဂူ​သစ်​တွင် သင်္ဂြိုဟ်လေ၏။ ထို့နောက် သူ​သည် ကျောက်တုံးကြီး​ကို ဂူဝ​သို့ လှိမ့်​၍ ပိတ်ထားပြီး​မှ ပြန်လေ၏။ 61မာဂဒလမာရိ​နှင့် အခြား​မာရိ​တို့​သည် သင်္ချိုင်းဂူ​နှင့် မျက်နှာချင်းဆိုင်​တွင် ထိုင်​၍ စောင့်ကြည့်နေကြ၏။
သင်္ချိုင်းဂူ​၌ အစောင့်ထားခြင်း
62ပြင်ဆင်ရာနေ့​ဟူသော​အဖိတ်နေ့​ကုန်လွန်​၍ ဥပုသ်နေ့​ရောက်သော် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဖာရိရှဲများ​သည် ပိလတ်မင်း​ထံသို့ သွား​၍ 63“အရှင်မင်းကြီး… ထို​လှည့်ဖြားသူ​အသက်ရှင်​စဉ်အခါ​က ‘ငါ​သည် သုံးရက်​ကြာ​ပြီးနောက် သေခြင်း​မှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်​ကို အကျွန်ုပ်တို့ မှတ်မိပါ၏။ 64ထို့ကြောင့် သင်္ချိုင်းဂူဝ​ကို သုံးရက်မြောက်နေ့​တိုင်အောင် တံဆိပ်ခတ်​၍ စောင့်ကြပ်​စေရန် အမိန့်ပေးပါ။ သို့မှသာလျှင် သူ​၏ တပည့်တော်တို့​သည် အလောင်းတော်​ကို ခိုးယူ​၍ လူတိုင်း​အား ‘ကိုယ်တော်​သည် သေခြင်း​မှ ထမြောက်တော်မူပြီ’ ဟု ကြေညာမည်​ကို တားဆီးနိုင်ပါမည်။ ထိုသို့​ကြေညာ​လာပါ​က နောက်​လှည့်ဖြားမှု​သည် ယခင်​လှည့်ဖြားမှု​ထက် ပို​၍ ဆိုးပါ​လိမ့်မည်” ဟု ဆိုကြ၏။
65ပိလတ်မင်း​ကလည်း “အစောင့်တပ်သားများ​ကို ခေါ်​၍ သင်္ချိုင်းဂူ​ကို သင်တို့​တတ်နိုင်သမျှ လုံခြုံ​အောင် စောင့်ကြပ်ထားကြလော့” ဟု ဆိုလေ၏။ 66ထို့ကြောင့် သူတို့​သည် သင်္ချိုင်းဂူ​ကို တံဆိပ်​ခတ်နှိပ်ကြ​ပြီးလျှင် စောင့်ကြပ်​ရန် အစောင့်တပ်သားများ​ကို ချထားကြ၏။

Айни замон обунашуда:

မဿဲ 27: BCB

Лаҳзаҳои махсус

Паҳн кунед

Нусха

None

Want to have your highlights saved across all your devices? Sign up or sign in