ယောဟန် 7
7
ယေရှုနှင့် ညီတော်များ
1ထို့နောက် ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ဂျူးခေါင်းဆောင်တို့သည် ကိုယ်တော်ကို သတ်ရန် ရှာကြံလျက်ရှိသောကြောင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ရန် အလိုရှိတော်မမူပေ။ 2ထိုအချိန်တွင် ဂျူးလူမျိုးတို့၏ ယာယီတဲများပွဲတော်#7:2 ယာယီတဲများပွဲတော်ဟူသည်မှာ အစ္စရေးလူမျိုးများ တောကန္တာရတွင် လှည့်လည်စဉ်က နေထိုင်ခဲ့ကြသည့် ယာယီတဲများကို အစွဲပြု၍ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန်ပြီးနောက် ကျင်းပကြသောပွဲဖြစ်သည်။ ကျင်းပချိန်နီးကပ်လာ၏။ 3ထိုအခါ ယေရှု၏ ညီတော်များက “သင်ပြုသော အံ့ဖွယ်အမှုတို့ကို သင်၏တပည့်များ မြင်နိုင်ရန် ဤအရပ်မှ ထွက်ခွာ၍ ယုဒပြည်သို့ သွားပါလော့။ 4ထင်ပေါ်ကျော်ကြားလိုသောသူသည် မည်သည့်အမှုကိစ္စကိုမျှ လျှို့ဝှက်စွာ ပြုလေ့မရှိပါ။ ဤကဲ့သို့သောအံ့ဖွယ်အမှုများကို သင်ပြုသည်ဆိုလျှင် သင့်အကြောင်းကို ကမ္ဘာသိအောင်ပြုပါလော့” ဟု ဆိုကြ၏။ 5ထိုသို့ဆိုကြခြင်းမှာ ညီတော်များကပင် ယေရှုကို မယုံကြည်ကြသောကြောင့်ဖြစ်၏။
6ယေရှုက “ငါ့အချိန် မကျရောက်သေး။ သို့သော် သင်တို့၏ အချိန်မှာမူ အစဉ်ကျရောက်လျက်ရှိ၏။ 7လောကီသားတို့သည် သင်တို့ကို မုန်းစရာအကြောင်း မရှိကြ။ ငါ့ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏ အကျင့်ဆိုးများကို ဖော်ထုတ်ပြောဆိုသောကြောင့်ဖြစ်၏။ 8ထိုပွဲတော်သို့ သင်တို့သွားကြလော့။ ငါ့အချိန် မကျသေးသောကြောင့် ငါသည် မသွားပါ” ဟု မိန့်တော်မူ၏။ 9ထိုသို့ မိန့်တော်မူပြီးနောက် ယေရှုသည် ဂါလိလဲပြည်၌ နေရစ်တော်မူ၏။
ဗိမာန်တော်၌ လူသိရှင်ကြား သွန်သင်တော်မူခြင်း
10သို့ရာတွင် ထိုပွဲတော်သို့ ညီတော်များ ထွက်ခွာသွားကြပြီးနောက် ယေရှုသည်လည်း မထင်မရှားကြွတော်မူ၏။ 11ထိုပွဲတွင် ဂျူးခေါင်းဆောင်များက ယေရှုကို ရှာဖွေလျက် “ယေရှုသည် အဘယ်မှာ ရှိသနည်း” ဟု မေးမြန်းကြ၏။ 12လူထု အထဲတွင်လည်း ကိုယ်တော်အကြောင်းကို အမျိုးမျိုးတီးတိုးပြောဆိုလျက်ရှိကြ၏။ တချို့က “သူသည် သူတော်ကောင်းတစ်ဦးဖြစ်သည်” ဟု ဆိုကြ၏။ တချို့ကမူ “သူတော်ကောင်း မဟုတ်။ သူသည် လူထုကို လှည့်ဖြားသူဖြစ်သည်” ဟု ဆိုကြ၏။ 13သို့သော်လည်း ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သောကြောင့် ယေရှုအကြောင်းကို မည်သူမျှ ပွင့်လင်းစွာ မပြောဝံ့ကြပေ။
14ပွဲတော်ကာလ တစ်ဝက်ခန့်တွင် ယေရှုသည် ဗိမာန်တော်သို့ ကြွ၍ သွန်သင်တော်မူ၏။ 15ထိုအခါ ဂျူးခေါင်းဆောင်များက အံ့အားသင့်လျက် “ဤသူသည် ကျမ်းများကို မသင်ယူဘဲ မည်သို့တတ်မြောက်နေပါသနည်း” ဟု ပြောဆိုကြ၏။
16ထိုကြောင့် ယေရှုက “ငါဟောသော သွန်သင်ချက်သည် ငါ့ကိုယ်ပိုင်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောအရှင်၏ သွန်သင်ချက်ဖြစ်၏။ 17ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာလိုသောသူဖြစ်လျှင် ဤသွန်သင်ချက်သည် ဘုရားသခင်၏သွန်သင်ချက်ဖြစ်သလော၊ ငါ့ကိုယ်ပိုင်သွန်သင်ချက်ဖြစ်သလောဟူသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။ 18မိမိခံယူချက်အတိုင်း ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ သို့သော် မိမိကို စေလွှတ်တော်မူသောအရှင်၏ ဘုန်းအသရေကို ရှာသောသူသည် ဖြောင့်မှန်သောသူဖြစ်ပြီး မလိမ်ညာတတ်။ 19မောရှေသည် သင်တို့အား ပညတ်တရားကို ပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ထိုပညတ်ကျမ်းကို မလိုက်နာကြ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကို သတ်ရန်သာ ရှာကြံကြသနည်း” ဟု မိန့်တော်မူ၏။
20လူထုက “သင်သည် နတ်ဆိုးပူးနေသောသူဖြစ်၏။ မည်သူသည် သင့်ကို သတ်ရန် ရှာကြံပါသနည်း” ဟု ဆိုကြ၏။
21ယေရှုက “ဥပုသ်နေ့၌ အံ့ဖွယ်အမှုတစ်ခုကို ငါပြုသော် သင်တို့သည် အံ့ဩကြ၏။ 22မောရှေသည် အရေပြားလှီးခြင်းဓလေ့ကို သင်တို့အား ပေးခဲ့သောကြောင့် သင်တို့သည်လည်း ဥပုသ်နေ့၌ အရေပြားလှီးခြင်းမင်္ဂလာကို လူတို့အား ပေးကြ၏။ အမှန်စင်စစ် ဤဓလေ့သည် မောရှေထံမှ မဟုတ်ဘဲ ဘိုးဘေးများထံမှလာ၏။ 23လူတစ်ဦးသည် ဥပုသ်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကိုခံရန် အချိန်ကျသော် သင်တို့သည် မောရှေ၏ ပညတ်ကျမ်းကို မချိုးဖောက်လိုသဖြင့် ထိုသူအား အရေပြားလှီးခြင်းမင်္ဂလာကို ပေးကြ၏။ သို့ဖြစ်လျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ဦးကို ကျန်းမာစေသည့်အတွက် သင်တို့သည် အဘယ်ကြောင့် ငါ့ကို အမျက်ထွက်ကြသနည်း။ 24အပြင်ပန်းလက္ခဏာကို ကြည့်၍ မစီရင်ကြနှင့်။ တရားမျှတစွာ စီရင်ကြလော့” ဟု မိန့်တော်မူ၏။
ယေရှုသည် ခရစ်တော်ဖြစ်သလော
25ဂျေရုဆလင်မြို့သား တချို့က “ငါတို့ခေါင်းဆောင်များ သတ်ရန် ရှာကြံနေကြသောသူမှာ ဤသူ မဟုတ်လော။ 26သူသည် လူသိရှင်ကြား ဟောပြောနေသော်လည်း သူတို့သည် မတားမြစ်ကြပါ။ ဤသူသည် ခရစ်တော်#7:26 ဂရိဘာသာအားဖြင့် “ခရစ်တော်၊” ဟေဗြဲဘာသာအားဖြင့် “မေရှိယ” ဖြစ်ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ဘိသိက်ခံရသူ၊” သို့မဟုတ် “ရွေးကောက်ခံရသူ” ဖြစ်သည်။ဖြစ်ကြောင်းကို ငါတို့၏ခေါင်းဆောင်များက အမှန်ပင် သိကြပြီလော။ 27သို့သော်လည်း ဤသူသည် အဘယ်က လာသည်ကို ငါတို့သိကြ၏။ ခရစ်တော် ကြွလာတော်မူသောအခါတွင်မူ အဘယ်ကလာသည်ကို မည်သူမျှ သိမည်မဟုတ်ပါ” ဟု ပြောဆိုကြ၏။
28ဗိမာန်တော်၌ သွန်သင်တော်မူစဉ် ယေရှုက “ငါသည် မည်သူဖြစ်ကြောင်းနှင့် အဘယ်ကလာကြောင်းကို သင်တို့သိကြ၏။ သို့ရာတွင် ငါသည် မိမိသဘောနှင့် လာသည်မဟုတ်ပါ။ ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် စစ်မှန်သောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်ကို သင်တို့မသိကြ။ 29သို့သော် ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအရှင်ထံတော်မှ လာ၏။ ထိုအရှင်သည်လည်း ငါ့ကို စေလွှတ်တော်မူ၏” ဟု ကြွေးကြော်တော်မူ၏။ 30ထိုအခါ ဂျူးခေါင်းဆောင်များသည် ယေရှုကို ဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော်လည်း ယေရှု၏အချိန် မကျရောက်သေးသောကြောင့် မည်သူမျှ မဖမ်းဆီးကြပေ။
31သို့ရာတွင် လူထုအထဲမှ အများအပြားတို့သည် ယေရှုကို ယုံကြည်ကြသဖြင့် “ခရစ်တော်ကြွလာသောအခါ ဤသူ ပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာများကို ပြုတော်မူမည်လော” ဟု ပြောဆိုကြ၏။
32ထိုသို့ လူတို့တီးတိုးပြောဆိုနေကြသည်ကို ဖာရိရှဲများ ကြားသော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တိုင်ပင်၍ ယေရှုကို ဖမ်းဆီးရန် ဗိမာန်တော်အစောင့်များကို စေလွှတ်လိုက်ကြ၏။ 33သို့သော် ယေရှုက “ငါသည် သင်တို့နှင့်အတူ ခဏသာ နေရလိမ့်မည်။ ထို့နောက် ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ပြန်ရမည်။ 34သင်တို့သည် ငါ့ကို ရှာသော်လည်း တွေ့ကြလိမ့်မည်မဟုတ်။ ငါသွားမည့် အရပ်သို့လည်း လိုက်နိုင်ကြမည်မဟုတ်” ဟု မိန့်တော်မူ၏။
35ဂျူးခေါင်းဆောင်များက “ငါတို့ မတွေ့နိုင်အောင် သူသည် မည်သည့်အရပ်သို့ သွားရန် ကြံစည်နေပါသနည်း။ ဂရိလူမျိုးများကြားတွင် ပျံ့နှံ့နေထိုင်လျက်ရှိသော ငါတို့ဂျူးလူမျိုးများထံသို့ သွား၍ ဂရိလူမျိုးတို့ကိုပင် သွန်သင်ရန် ကြံစည်နေသလော။ 36သူပြောဆိုသည့် ‘သင်တို့သည် ငါ့ကို ရှာသော်လည်း တွေ့ကြလိမ့်မည်မဟုတ်။ ငါသွားမည့် အရပ်သို့လည်း လိုက်နိုင်ကြမည်မဟုတ်’ ဟူသော စကားသည် မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
အသက်စမ်းရေကို ပေးမည်ဟူသော ကတိတော်
37ပွဲတော်၏ နောက်ဆုံးနေ့ဖြစ်သော ရက်မြတ်ကြီးတွင် ယေရှုသည် ရပ်တော်မူလျက် “ရေငတ်သောသူ ရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ 38ကျမ်းစာ၌ ပါရှိသည့်အတိုင်း ငါ့ကို ယုံကြည်သောသူ၏ စိတ်နှလုံးအထဲမှ အသက်စမ်းရေ စီးထွက်လိမ့်မည်” ဟု ကြွေးကြော်တော်မူ၏။ 39ယေရှုမိန့်တော်မူသော အသက်စမ်းရေသည် ယုံကြည်သောသူတို့ လက်ခံရရှိမည့် သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့အပေါ် သက်ရောက်စေတော်မမူသေးပေ။
သဘောကွဲလွဲခြင်းနှင့် မယုံကြည်ခြင်း
40ဤစကားတော်များကို ကြားသော် လူထုထဲမှတချို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက်ဖြစ်သည်” ဟု ပြောဆိုကြ၏။ 41အခြားသောသူများက “ဤသူသည် ခရစ်တော်ဖြစ်သည်” ဟု ဆိုကြ၏။ သို့သော် တချို့က “ခရစ်တော်သည် ဂါလိလဲပြည်မှ ပေါ်ထွန်းပါမည်လော။ 42ကျမ်းစာ၌ ခရစ်တော်သည် ဒါဝိဒ်မင်း၏အမျိုး၊ ဒါဝိဒ်မင်း၏မွေးရပ် ဗက်လင်မြို့မှ ပေါ်ထွန်းလိမ့်မည်ဟု ဖော်ပြထားသည် မဟုတ်လော” ဟု ဆိုကြ၏။ 43ထိုသို့ ယေရှုအကြောင်းနှင့်ပတ်သက်၍ လူထုထဲ၌ သဘောထားကွဲလွဲကြ၏။ 44တချို့က ယေရှုကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း မည်သူမျှ မဖမ်းဆီးကြပေ။
45ဗိမာန်တော်အစောင့်များသည် ယေရှုကိုမဖမ်းဆီးဘဲ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများထံသို့ ပြန်လာသော် သူတို့က “အဘယ်ကြောင့် သူ့ကို မဖမ်းဆီးခဲ့သနည်း” ဟု မေးကြ၏။
46ဗိမာန်တော်အစောင့်များက “ထိုသူ ဟောပြောသကဲ့သို့ မည်သူမျှ မဟောပြောဖူးပါ” ဟု ဖြေကြ၏။
47ထိုအခါ ဖာရိရှဲများက “သင်တို့သည်လည်း သူ၏ လှည့်စားခြင်းကို ခံရကြပြီလော။ 48ငါတို့ခေါင်းဆောင်တို့နှင့် ဖာရိရှဲတို့တွင် သူ့ကို ယုံကြည်ခဲ့သူ တစ်စုံတစ်ဦးပင် ရှိသလော။ 49ပညတ်ကျမ်းကို နားမလည်ကြသော ဤလူထုသည် သူ့နောက်သို့ လိုက်ကြ၏။ ဘုရားသခင်၏ ကျိန်ဆိုခြင်းသည် သူတို့အပေါ်၌ ရှိ၏” ဟု ပြောဆိုကြ၏။
50ထိုသူတို့ထဲတွင် နိကောဒင်လည်း ပါ၏။ သူသည် ယခင်က ယေရှုထံတော်သို့ လာခဲ့ဖူး၏။ 51နိကောဒင်က “ငါတို့၏ ပညတ်ကျမ်းအရ လူတစ်ဦးကို အမှုစစ်ဆေးခြင်းမပြုမီ သူ့ထံမှဦးစွာမကြား၊ သူပြုနေသောအမှုကိုလည်းမသိဘဲ ထိုသူကို စီရင်ချက်ချနိုင်သလော” ဟု ဆိုလေ၏။
52ထိုသူတို့က “သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ ကျမ်းစာ၌ ရှာဖွေလေ့လာလော့။ ဂါလိလဲပြည်မှ မည်သည့်ပရောဖက်မျှ မပေါ်ထွန်းကြောင်းကို သင်သိရလိမ့်မည်” ဟု ဆိုကြ၏။
53ထို့နောက် ဆွေးနွေးခြင်းကို အဆုံးသတ်၍ လူတိုင်း မိမိအိမ်သို့ ပြန်သွားကြ၏။
Айни замон обунашуда:
ယောဟန် 7: BCB
Лаҳзаҳои махсус
Паҳн кунед
Нусха
Want to have your highlights saved across all your devices? Sign up or sign in
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.