ယောဟန် 8

8
1သို့သော် ယေရှု​သည် သံလွင်တောင်​သို့ ကြွတော်မူ၏။
အိမ်ထောင်ရေး​ဖောက်ပြန်သော အမျိုးသမီး​ကို စီရင်ခြင်း
2နောက်တစ်နေ့ နံနက်​စောစော​တွင် ယေရှု​သည် ဗိမာန်တော်​သို့ တစ်ဖန်​ကြွတော်မူ၏။ လူတို့​သည် ကိုယ်တော်​ထံသို့ စုဝေးလာကြ​သဖြင့် ကိုယ်တော်​သည် ထိုင်တော်မူ​ပြီးလျှင် သူတို့​ကို သွန်သင်တော်မူ၏။ 3ထိုစဉ် ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲများ​သည် အမျိုးသမီး​တစ်ဦး​ကို ခေါ်ဆောင်လာ​ကာ လူတို့​ရှေ့​တွင် ထားကြ၏။ ထို​အမျိုးသမီး​သည် အိမ်ထောင်ရေး​ဖောက်ပြန်​နေစဉ် အဖမ်းခံရခြင်း​ဖြစ်၏။
4ထို​သူတို့​က “ဆရာတော်… ဤ​အမျိုးသမီး အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်​နေစဉ်​တွင်ပင် အကျွန်ုပ်တို့​သည် သူ့​ကို ဖမ်းမိပါ၏။ 5ထိုကဲ့သို့သော အမျိုးသမီး​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ရန် မောရှေ​သည် ပညတ်ကျမ်း​တွင် ကျွန်ုပ်တို့​ကို ပညတ်ထားခဲ့ပါ၏။ သို့သော် ဆရာတော်​သည် မည်သို့ ဆိုမည်နည်း” ဟု လျှောက်ကြ၏။
6သူတို့​သည် ယေရှု​ကို ပြစ်တင်စွပ်စွဲ​နိုင်ရန် ထိုသို့ လျှောက်ထား​၍ ထောင်ချောက်ဆင်ကြခြင်း​ဖြစ်၏။ သို့ရာတွင် ယေရှု​သည် အောက်သို့​ငုံ့​၍ မြေပြင်​ပေါ်​တွင် လက်ညှိုးတော်​ဖြင့် ရေးခြစ်​လျက်​နေတော်မူ၏။ 7ထို​သူတို့​က ထပ်တလဲလဲ မေးလျှောက်ကြ​သဖြင့် ယေရှု​သည် ကိုယ်​ကို မတ်​လျက် “သင်တို့​ထဲမှ အပြစ်ကင်းသော​သူ​သည် သူ့​ကို ကျောက်ခဲ​နှင့် ပထမဦးဆုံး ပစ်ပေါက်ပါစေ” ဟု မိန့်တော်မူ၏။ 8ထို့နောက် ယေရှု​သည် တစ်ဖန် အောက်သို့ ငုံ့​၍ မြေပေါ်​တွင် ရေးခြစ်​လျက်​နေတော်မူပြန်၏။
9ထို​သူတို့​သည် ယေရှု​၏ စကားတော်​ကို ကြား​သောအခါ အသက်ကြီးသူများ​က အစပြု​၍ တစ်ယောက်ပြီး​တစ်ယောက် ထွက်သွားကြ၏။ ထိုအခါ ယေရှု​သာလျှင် ထို​နေရာ​၌​ရပ်နေသော ထို​အမျိုးသမီး​နှင့် ကျန်ရစ်တော်မူ၏။ 10ယေရှု​သည် ကိုယ်​ကို မတ်​လျက် “နှမငယ်… ထို​သူတို့​သည် အဘယ်မှာနည်း။ တစ်ယောက်​မျှ သင့်​ကို အပြစ်​မစီရင်သလော” ဟု မေးတော်မူ၏။
11ထိုအခါ အမျိုးသမီး​က “တစ်ဦးတစ်ယောက်​မျှ မစီရင်ပါ သခင်” ဟု ဖြေဆိုလေ၏။ ယေရှု​က “ငါ​သည်လည်း သင့်​ကို မစီရင်ပါ။ သွားလော့။ ယခု​မှစ၍ နောက်တစ်ဖန် အပြစ်​မပြုနှင့်” ဟု မိန့်တော်မူ၏။#8:11 အစောဆုံး​ကျသော ဂရိ​လက်ရေးမူကျမ်းများ​တွင် (ယော ၇:၅၃–၈:၁၁) မပါဝင်ပါ။
လောက​၏​အလင်းရှင် ယေရှု
12တစ်ဖန် ယေရှု​က လူတို့​အား “ငါ​သည် လောက​၏ အလင်း​ဖြစ်၏။ ငါ့​နောက်သို့ လိုက်သော​သူ​သည် အသက်​၏​အလင်း​ကို ရရှိ​၍ အမှောင်ထု​ထဲ​တွင် သွားလာရမည်​မဟုတ်” ဟု မိန့်တော်မူ၏။
13ထိုအခါ ဖာရိရှဲများ​က “သင်​သည် မိမိ​အကြောင်း​မိမိ သက်သေခံ​နေ၏။ ထို့ကြောင့် သင်​၏ သက်သေ​သည် မခိုင်လုံပါ” ဟု ဆိုကြ၏။
14ယေရှု​က “ငါ​သည် မိမိ​အကြောင်း​မိမိ သက်သေခံ​သော်လည်း ငါ့​သက်သေ​သည် ခိုင်လုံ၏။ အဘယ်ကြောင့်ဆိုသော် ငါ​သည် မည်သည့်​အရပ်​မှ လာ​၍ မည်သည့်​အရပ်​သို့ သွားမည်​ကို ငါ​သိ၏။ သင်တို့​ကမူ ငါ​သည် မည်သည့်​အရပ်​မှ လာ​၍ မည်သည့်​အရပ်​သို့ သွားမည်​ကို မသိကြ။ 15သင်တို့​သည် လူ့​စံနှုန်း​အတိုင်း စီရင်တတ်ကြ၏။ သို့သော် ငါ​သည် မည်သူ့​ကိုမျှ မစီရင်။ 16ငါ​စီရင်​လျှင်​လည်း ငါ​တစ်ဦးတည်း စီရင်ခြင်း​မဟုတ်။ ငါ့​ကို စေလွှတ်တော်မူသော ခမည်းတော်​နှင့်အတူ စီရင်ခြင်း​ဖြစ်၏။ ထို့ကြောင့် ငါ​၏ စီရင်ချက်​သည် မှန်ကန်၏။ 17သင်တို့​၏ ပညတ်ကျမ်း​တွင်လည်း လူနှစ်ဦး​ထွက်ဆိုသော သက်သေ​သည် ညီ​လျှင် ထို​သက်သေ ခိုင်လုံကြောင်း ရေးသားထား၏။ 18ငါ​သည် ကိုယ့်​အကြောင်း​ကို သက်သေခံ၏။ ငါ့​ကို စေလွှတ်တော်မူသော ခမည်းတော်​သည်လည်း ငါ့​အကြောင်း​ကို သက်သေခံတော်မူ၏” ဟု မိန့်တော်မူ၏။
19ထိုအခါ သူတို့​က “သင်​၏ ခမည်းတော်​သည် အဘယ်မှာ​ရှိသနည်း” ဟု မေးကြ၏။ ယေရှု​က “သင်တို့​သည် ငါ့​ကို​လည်းကောင်း၊ ငါ့​ခမည်းတော်​ကို​လည်းကောင်း မသိကြ။ ငါ့​ကို သိ​လျှင် ငါ့​ခမည်းတော်​ကိုလည်း သင်တို့​သိကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။ 20ကိုယ်တော်​သည် ဗိမာန်တော်​၏ အလှူခွက်​ထားရာ​နေရာ​အနီး​တွင် သွန်သင်တော်မူ​စဉ် ဤ​စကားတော်တို့​ကို မိန့်တော်မူ၏။ သို့သော်လည်း ကိုယ်တော်​၏​အချိန် မကျရောက်သေး​သောကြောင့် မည်သူ​မျှ မဖမ်းဆီးကြ။
မယုံကြည်သောသူများ​ကို သတိပေးတော်မူခြင်း
21တစ်ဖန် ယေရှု​က “ငါ​သွားရမည်။ သင်တို့​သည် ငါ့​ကို ရှာကြ​လိမ့်မည်။ သို့သော်လည်း သင်တို့​သည် သင်တို့​၏​အပြစ်​ကြောင့် သေဆုံးကြရမည်။ ငါ​သွားမည့် အရပ်​သို့ သင်တို့ လိုက်နိုင်မည်​မဟုတ်” ဟု မိန့်တော်မူ၏။
22ထိုအခါ ဂျူးလူမျိုးတို့​က “သူ​သည် ‘ငါ​သွားမည့်​အရပ်​သို့ သင်တို့ လိုက်နိုင်မည်​မဟုတ်’ ဟု ပြောဆိုသည်​မှာ မိမိ​ကိုယ်ကိုယ် သတ်သေ​ရန် ကြံစည်နေသလော” ဟု ပြောဆိုကြ၏။
23ယေရှု​က “သင်တို့​သည် အောက်အရပ်​က ဖြစ်ကြ၏။ ငါ​သည် အထက်အရပ်​က ဖြစ်၏။ သင်တို့​သည် လောကီသားများ​ဖြစ်ကြ၏။ ငါ​သည် လောကီသား​မဟုတ်။ 24ထို့ကြောင့် ‘သင်တို့​သည် သင်တို့​၏​အပြစ်​ကြောင့် သေဆုံးကြရမည်’ ဟု ငါ​ပြောဆိုခြင်း​ဖြစ်၏။ ငါ​သည် ထို​အရှင်​ဖြစ်ကြောင်း သင်တို့ မယုံကြည်​သရွေ့ သင်တို့​သည် သင်တို့​၏ အပြစ်​ကြောင့် သေဆုံးကြရမည်” ဟု မိန့်တော်မူ၏။
25ထိုအခါ သူတို့​က “သင်​သည် မည်သူနည်း” ဟု မေးကြ၏။ ယေရှု​က “ငါ​မည်သူ​ဖြစ်ကြောင်း​ကို သင်တို့​ကို အစဦး​ကပင် ပြောခဲ့ပြီ။ 26သင်တို့​နှင့်​ပတ်သက်​၍ ငါ​ပြောစရာ​များစွာ၊ စီရင်စရာ​များစွာ ရှိ၏။ သို့သော်လည်း ငါ​မပြော၊ မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါ့​ကို​စေလွှတ်တော်မူသော အရှင်​ထံမှ ကြားသိသော​အရာများ​ကိုသာ လောကီသားတို့​ကို ငါ​ဟောပြော၏။ ထို​အရှင်​သည် ဖြောင့်မှန်သော​အရှင် ဖြစ်တော်မူသည်” ဟု မိန့်တော်မူ၏။ 27ယေရှု​သည် ခမည်းတော်​ကို ရည်ညွှန်း​၍ မိန့်တော်မူသည်​ကို ထို​သူတို့​သည် နားမလည်ကြ။
28ထို့ကြောင့် ယေရှု​က “သင်တို့​သည် လူသား#8:28 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် တင်ထား​သောအချိန်​၌ ငါ​သည် ထို​အရှင်​ဖြစ်ကြောင်း​ကို​လည်းကောင်း၊ ငါ​သည် မည်သည့်​အမှု​ကိုမျှ မိမိ​သဘော​ဖြင့် မလုပ်ဆောင်ဘဲ ခမည်းတော်​ညွှန်ကြားတော်မူသည့်​အတိုင်း ဟောပြောသည်​ကို​လည်းကောင်း သိကြ​လိမ့်မည်။ 29ငါ့​ကို စေလွှတ်တော်မူသော​အရှင်​သည် ငါ​နှင့်အတူ ရှိတော်မူ၏။ ငါ​သည် ထို​အရှင်​၏ စိတ်တော်​နှင့် တွေ့သော​အရာ​ကိုသာ အစဉ်​လုပ်ဆောင်​သဖြင့် ထို​အရှင်​သည် ငါ့​ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။ 30ထိုသို့ မိန့်တော်မူသည်​ကို ကြားသော​လူများစွာ​သည် ယေရှု​ကို ယုံကြည်လာကြ၏။
ယေရှု​နှင့် အာဗြဟံ
31ယေရှု​က မိမိ​ကို ယုံကြည်သော​ဂျူးလူမျိုးတို့​အား “ငါ့​သွန်သင်ချက်​ကို လိုက်နာ​လျှင် သင်တို့​သည် အမှန်​ပင် ငါ့​တပည့်​ဖြစ်ကြ၏။ 32သမ္မာတရား​ကိုလည်း သိ​သဖြင့် ထို​သမ္မာတရား​သည် သင်တို့​ကို လွတ်မြောက်စေ​လိမ့်မည်” ဟု မိန့်တော်မူ၏။
33ထို​သူတို့​က “အကျွန်ုပ်တို့​သည် အာဗြဟံ​၏ မျိုးဆက်များ​ဖြစ်ကြ၏။ မည်သည့်အခါ​ကမျှ သူတစ်ပါး​ကျွန် မဖြစ်ခဲ့ကြပါ။ ထို့ကြောင့် ‘သင်တို့​ကို လွတ်မြောက်စေ​လိမ့်မည်’ ဟူ၍ အဘယ်ကြောင့်​ဆိုသနည်း” ဟု လျှောက်ကြ၏။
34ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ အပြစ်ကျူးလွန်သော​သူ​သည် အပြစ်​၏​ကျွန် ဖြစ်၏။ 35ကျွန်​သည် သခင့်​အိမ်​တွင် အိမ်သား​အဖြစ် အမြဲ​နေရသည်​မဟုတ်။ သား​ဖြစ်သူ​သာ​လျှင် အမြဲ​နေရ၏။ 36ထို့ကြောင့် သားတော်​သည် သင်တို့​ကို လွတ်မြောက်စေ​ပါက သင်တို့​သည် အမှန်တကယ်​လွတ်မြောက်ကြ​လိမ့်မည်။ 37သင်တို့​သည် အာဗြဟံ​၏ မျိုးဆက်များ​ဖြစ်ကြောင်း​ကို ငါ​သိ၏။ သို့သော်လည်း သင်တို့​သည် ငါ​၏ သွန်သင်ချက်​ကို လက်မခံ​လို​သောကြောင့် ငါ့​ကို သတ်​ရန် ရှာကြံကြ၏။ 38ငါ​သည် ငါ့​ခမည်းတော်​ထံ မြင်တွေ့ခဲ့ရသည့် အကြောင်းအရာ​များ​ကို ပြောဆို၏။ သင်တို့​သည်လည်း သင်တို့ ဖခင်​ထံမှ ကြားသိသော အရာများ​ကို လုပ်ဆောင်ကြ၏” ဟု မိန့်တော်မူ၏။
39သူတို့​ကလည်း “အကျွန်ုပ်တို့​၏ ဖခင်​သည် အာဗြဟံ​ဖြစ်သည်” ဟု ပြန်​၍​လျှောက်ကြ၏။
ယေရှု​က “သင်တို့​သည် အာဗြဟံ​၏​သားသမီးများ ဖြစ်ကြ​လျှင် အာဗြဟံ​၏ ပြု​သကဲ့သို့ ပြုကြ​လိမ့်မည်။ 40ယခု​မှာမူ သင်တို့​သည် ဘုရားသခင်​ထံတော်​မှ ကြားနာခဲ့ရသည့် သမ္မာတရား​ကို ဟောပြောသော​ငါ့​ကို သတ်​ရန် ရှာကြံကြ၏။ အာဗြဟံ​ကမူ ထိုသို့​မပြုခဲ့ပေ။ 41သင်တို့​သည် သင်တို့​ဖခင်​၏ အကျင့်​အတိုင်း ကျင့်ကြ၏” ဟု မိန့်တော်မူ၏။
ထို​သူတို့​ကလည်း “အကျွန်ုပ်တို့​သည် တရားမဝင်သော​သားသမီးများ မဟုတ်။ ဘုရားသခင်​သည်​သာလျှင် အကျွန်ုပ်တို့​၏ ဖခင်​စစ်​ဖြစ်တော်မူ၏” ဟု ဆိုကြ၏။
42ယေရှု​က “ဘုရားသခင်​သည် သင်တို့​၏ အဖ​ဖြစ်​ပါက သင်တို့​သည် ငါ့​ကို ချစ်ကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါ​သည် ဘုရားသခင်​ထံမှ လာ၏။ မိမိ​သဘော​အတိုင်း လာသည်​မဟုတ်။ ဘုရားသခင်​သည် ငါ့​ကို စေလွှတ်တော်မူ၏။ 43ငါ့​စကား​ကို အဘယ်ကြောင့် သင်တို့​နားမလည်ကြသနည်း။ ထိုသို့​နားမလည်ခြင်း​မှာ ငါ့​သွန်သင်ချက်​ကို သင်တို့​နာယူနိုင်စွမ်း​မရှိ​သောကြောင့်​ပင် ဖြစ်၏။ 44သင်တို့​၏​ဖခင်​သည် မာရ်နတ်​ဖြစ်၏။ ထို့ကြောင့် သင်တို့​သည် သင်တို့​ဖခင်​၏​အလို​သို့ လိုက်တတ်ကြ၏။ မာရ်နတ်​သည် အစဦး​ကပင် လူသတ်သမား​ဖြစ်၏။ သူ့​အထဲ​တွင် သမ္မာတရား​မရှိ​သောကြောင့် သမ္မာတရား​ကိုလည်း သူ​မုန်း၏။ သူ​သည် လိမ်လည်သော​သူ​ဖြစ်ပြီး လိမ်လည်ခြင်း​၏​ဖခင်​လည်း ဖြစ်၏။ ထို့ကြောင့် သူ​လိမ်လည်​ပြောဆိုခြင်း​မှာ မိမိ​ပင်ကိုစရိုက်​အတိုင်း ပြောဆိုခြင်း​ဖြစ်၏။ 45သမ္မာတရား​ကို ငါ​ပြော​သော် သင်တို့​သည် ငါ့​ကို မယုံကြည်ဘဲ​နေကြ၏။ 46သင်တို့​အထဲမှ မည်သူ​သည် ငါ့​ထံတွင် အပြစ်ရှိသည်​ဟု စွပ်စွဲမည်နည်း။ ငါ​သည် သမ္မာတရား​ကို ပြောဆိုနေသည်​မှန်​လျှင် အဘယ်ကြောင့် သင်တို့​မယုံကြည်ကြသနည်း။ 47ဘုရားသခင်​၏​လူ ဖြစ်​လျှင် ဘုရားသခင်​၏​စကား​ကို နားထောင်​လိမ့်မည်။ သင်တို့​သည် ဘုရားသခင်​၏ လူ​မဟုတ်​သောကြောင့် နားမထောင်ကြ” ဟု မိန့်တော်မူ၏။
48ဂျူးလူမျိုးတို့​က “သင်​သည် ရှမာရိလူမျိုး​ဖြစ်ပြီး နတ်ဆိုးပူးသော​သူ​လည်း​ဖြစ်သည်​ဟူ၍ ငါတို့​ပြောဆိုကြသည်​မှာ မှန်သည်​မဟုတ်လော” ဟု ဆိုကြ၏။
49ယေရှု​က “ငါ​သည် နတ်ဆိုးပူးသော​သူ​မဟုတ်။ ငါ​သည် ငါ့​ခမည်းတော်​ကို ရိုသေ၏။ သင်တို့​ကမူ ငါ့​ကို မရိုသေကြ။ 50ငါ​သည် ကိုယ့်​ဘုန်းအသရေ​ကို မရှာ။ သို့သော်လည်း ဘုရားသခင်​သည် ငါ့​အတွက် ဘုန်းအသရေ​ကို​ရှာတော်မူ၏။ ဘုရားသခင်​သည် စစ်မှန်သော​တရားစီရင်သူ​ဖြစ်တော်မူ၏။ 51သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​သွန်သင်ချက်​ကို လိုက်နာသော​သူ​သည် မည်သည့်​အခါမျှ မသေရ” ဟု မိန့်တော်မူ၏။
52ဂျူး​လူမျိုးတို့​က “သင်​သည် နတ်ဆိုးပူးသော​သူ​ဖြစ်ကြောင်း ယခု​ငါတို့ သိပြီ။ အာဗြဟံ​နှင့် ပရောဖက်တို့​သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်​က ‘ငါ့​သွန်သင်ချက်​ကို လိုက်နာသော​သူ​သည် မည်သည့်​အခါမျှ မသေရ’ ဟု ဆို၏။ 53သင်​သည် ငါတို့​၏​ဖခင်ကြီး အာဗြဟံ​ထက် ပို​၍ ကြီးမြတ်​သလော။ သူ​သည် ကွယ်လွန်ခဲ့ပြီ။ ပရောဖက်တို့​သည်လည်း ကွယ်လွန်ကြပြီ။ သင်​သည် ကိုယ့်ကိုယ်ကိုယ် မည်သူ​ဟု ထင်မှတ်​သနည်း” ဟု ပြောဆိုကြ၏။
54ယေရှု​က “ငါ​သည် ကိုယ့်ကိုယ်ကိုယ် ဘုန်းကြီး​စေလျှင် ငါ့​ဘုန်း​သည် အချည်းနှီး​ဖြစ်၏။ ငါ့​ကို ဘုန်းကြီးစေသော​အရှင်​သည် ငါ့​ခမည်းတော်​ဖြစ်၏။ သင်တို့​က ထို​အရှင်​ကို ‘ငါတို့​၏ ဘုရားသခင်’ ဟု ဆိုကြ၏။ 55သို့သော်လည်း ထို​အရှင်​ကို သင်တို့​မသိကြ။ ငါ​မူကား သိ၏။ ငါ​မသိ​ဟု ဆို​လျှင် ငါ​သည် သင်တို့​ကဲ့သို့ လိမ်လည်သော​သူ​ဖြစ်​လိမ့်မည်။ ငါ​သည် ထို​အရှင်​ကို သိ​၍ ထို​အရှင်​၏ စကားတော်​ကိုလည်း နားထောင်၏။ 56သင်တို့​၏ ဖခင်ကြီး​အာဗြဟံ​သည် ငါ​ကြွလာမည့် နေ့ရက်​ကို တွေ့မြင်​ရမည်​ဖြစ်​၍ ရွှင်မြူးခဲ့၏။ တွေ့မြင်​ရ​သောအခါ​၌လည်း ဝမ်းမြောက်ခဲ့၏” ဟု မိန့်တော်မူ၏။
57ထိုအခါ ဂျူးလူမျိုးများ​က “သင်​သည် အသက်​ငါးဆယ်​ပင် မရှိသေး။ မည်ကဲ့သို့ အာဗြဟံ​ကို မြင်ဖူးပါ​မည်နည်း” ဟု ဆိုကြ၏။
58ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် အာဗြဟံ မဖြစ်​မီ​ကပင် ငါ​ဖြစ်၏” ဟု မိန့်တော်မူ၏။ 59ထိုအခါ သူတို့​သည် ယေရှု​ကို ပေါက်​ရန် ကျောက်ခဲများ​ကို ကောက်ကြ၏။ သို့သော် ယေရှု​သည် တိမ်းရှောင်​၍ ဗိမာန်တော်​မှ ထွက်ကြွတော်မူ၏။

Айни замон обунашуда:

ယောဟန် 8: BCB

Лаҳзаҳои махсус

Паҳн кунед

Нусха

None

Want to have your highlights saved across all your devices? Sign up or sign in