ယောဟန် 6

6
လူ​ငါးထောင်​ကို ကျွေးမွေးတော်မူခြင်း
1ထို့နောက် ယေရှု​သည် တိဗေရိအိုင်​ဟုလည်း ခေါ်သော ဂါလိလဲအိုင် တစ်ဖက်ကမ်း​သို့ ကူးတော်မူ၏။ 2လူအုပ်ကြီး​သည် ဖျားနာသော​သူများ​အပေါ် ယေရှု​ပြုတော်မူသော နိမိတ်​လက္ခဏာများ​ကို တွေ့မြင်ခဲ့ကြ​သဖြင့် နောက်တော်​သို့ လိုက်ကြ၏။ 3ယေရှု​သည်လည်း တောင်ပေါ်​သို့ တက်​၍ တပည့်တော်တို့​နှင့်အတူ ထိုင်တော်မူ၏။ 4ထို​ကာလ​သည် ဂျူးလူမျိုးတို့​၏​ပသခါပွဲတော် ရောက်လုနီးချိန်​ဖြစ်၏။ 5ယေရှု​သည် မျှော်ကြည့်​သောအခါ မိမိ​ထံသို့ လူအုပ်ကြီး​လာနေသည်​ကို မြင်တော်မူ၏။ ထိုအခါ ဖိလိပ္ပု​အား “ဤ​လူတို့ စား​ရန် စားစရာ#6:5 “စားစရာ” မူရင်း​ဂရိကျမ်း​တွင် “ပေါင်မုန့်” ဟု ဖော်ပြထားသည်။​ကို မည်သည့်​နေရာ​မှ ရနိုင်မည်နည်း” ဟု မေးတော်မူ၏။ 6ကိုယ်တော်​သည် မိမိ​မည်သို့ လုပ်ဆောင်မည်​ကို သိနှင့်တော်မူ​သော်လည်း ဖိလိပ္ပု​ကို စမ်းသပ်​ရန် ထိုသို့ မေးတော်မူခြင်း​ဖြစ်၏။
7ဖိလိပ္ပု​က “ငွေဒင်္ဂါး​ပြားနှစ်ရာ​ဖိုး​ရှိသော#6:7 မူရင်း​ဂရိကျမ်း​တွင် “ဒေနာရိ” ဟု ပါရှိသည်။ ဒေနာရိ​တစ်ပြား​၏ တန်ဖိုး​သည် လုပ်သား​တစ်ဦး​၏​တစ်နေ့တာ​လုပ်အားခ​နှင့် ညီမျှသည်။ စားစရာ#6:7 “စားစရာ” မူရင်း​ဂရိကျမ်း​တွင် “ပေါင်မုန့်” ဟု ဖော်ပြထားသည်။​ကို ဝယ်​၍ လူတိုင်း​ကို အနည်းငယ်​စီ ကျွေး​လျှင်ပင် လုံလောက်မည်​မဟုတ်ပါ” ဟု လျှောက်၏။
8ထိုအခါ ရှိမုန်​ပေတရု​၏ ညီ၊ အန္ဒြေ​ဟု ခေါ်သော တပည့်တော်​က 9“မုယော​မုန့် ငါးလုံး​နှင့် ငါးကလေး​နှစ်ကောင်​ယူလာသည့် ကလေးငယ်​တစ်ဦး​ရှိပါ၏။ သို့သော်လည်း ဤ​လူအုပ်ကြီး​အတွက် ထို​မုန့်​နှင့်​ငါး​သည် မည်သို့​လုံလောက်ပါမည်နည်း” ဟု လျှောက်လေ၏။
10ယေရှု​က “လူတို့​ကို ထိုင်စေလော့” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။ ထို​အရပ်​တွင် မြက်ခင်းပြင်ကြီး​ရှိ၏။ အရေအတွက်​အားဖြင့် ငါးထောင်​ခန့်​ရှိသော လူတို့​သည် ထို​မြက်ခင်း​ပေါ် ထိုင်ကြ၏။ 11ထို့နောက် ယေရှု​သည် မုန့်​ကို ယူ​၍ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ချီးမွမ်း​ပြီးလျှင် လူတို့​ကို ဝေတော်မူ၏။ ထို​နည်းတူ ငါးတို့​ကိုလည်း လူတို့ အလိုရှိ​သမျှ ဝေတော်မူ၏။
12လူတို့ ဝလင်​စွာ စားကြပြီး​သောအခါ ယေရှု​က တပည့်တော်တို့​အား “ကြွင်းကျန်သော​အကျိုးအပဲ့များ​ကို အလေအလွင့် မရှိ​စေရန် ကောက်သိမ်းကြလော့” ဟု မိန့်တော်မူ၏။ 13တပည့်တော်တို့​သည် မုယော​မုန့်​ငါးလုံး​မှ ကြွင်းကျန်သော အကျိုးအပဲ့များ​ကို တောင်း​ထဲသို့ ကောက်သိမ်းကြ​ရာ ဆယ့်နှစ်တောင်း​အပြည့် ရကြ၏။
14ဤသို့ ယေရှု​ပြတော်မူသော နိမိတ်​လက္ခဏာ​ကို မြင်သော​လူတို့​က “ဤ​သူ​သည် အမှန်​ပင် ကျွန်ုပ်တို့​စောင့်မျှော်နေသော ပရောဖက် ဖြစ်သည်” ဟု ဆိုကြ၏။
15ယေရှု​သည် ထို​သူတို့ လာ​၍ မိမိ​ကို ရှင်ဘုရင်​အဖြစ် အတင်းအကျပ်​တင်မြှောက်ကြမည်​ကို သိမြင်တော်မူ​သဖြင့် တောင်ပေါ်​သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။
ရေ​ပေါ်တွင် လမ်းလျှောက်တော်မူခြင်း
16ထို​ညနေ​တွင် တပည့်တော်တို့​သည် ကမ်းစပ်​သို့ ဆင်းသွား​၍ ယေရှု​ကို စောင့်နေကြ၏။ 17မိုးချုပ်လာပြီ​ဖြစ်​သော်လည်း ယေရှု​ကြွမလာ​သေး​သဖြင့် သူတို့​သည် လှေ​ပေါ်သို့​တက်​၍ အိုင်​တစ်ဖက်ကမ်း​ရှိ ကပေရနောင်မြို့​သို့ ကူးနှင့်ကြ၏။ 18ထိုစဉ် လေပြင်း​တိုက်​သဖြင့် လှိုင်း​ကြီးလာ၏။ 19သုံးလေးမိုင်#6:19 မူရင်း​ဂရိကျမ်း​တွင် ၂၅ စတာဒီယွန်၊ သို့မဟုတ် ၃၀ စတာဒီယွန်​ဟု ဖော်ပြထားသည်။ ၁ စတာဒီယွန်​တွင် ပေ ၆၀၇ ခန့်၊ သို့မဟုတ် ၁၈၇ မီတာ​ရှိသည်။​ခန့် လှော်ခတ်ပြီး​သောအခါ ယေရှု​သည် ရေပေါ်​တွင် လမ်းလျှောက်​လျက် လှေ​ရှိရာသို့ ကြွလာသည်​ကို သူတို့ မြင်​၍ ကြောက်လန့်​ကြကုန်၏။ 20သို့သော် ယေရှု​က “မကြောက်နှင့်။ ငါ​ပင်​ဖြစ်၏” ဟု မိန့်တော်မူ၏။ 21ထိုအခါ တပည့်တော်တို့​သည် ယေရှု​ကို လှေပေါ်​သို့ ဝမ်းမြောက်​စွာ ကြိုဆို​လက်ခံကြ၏။ ထို့နောက် လှေ​သည် သူတို့​သွား ရန် ရည်ရွယ်သည့်​ကမ်း​သို့ ချက်ချင်း​ရောက်သွားလေ၏။
အသက်မုန့်
22နောက်တစ်နေ့​ရောက်သော် အိုင်​တစ်ဖက်ကမ်း​၌ နေရစ်ခဲ့သော လူထုတို့​သည် ယမန်နေ့​က ထို​အရပ်​၌ လှေတစ်စီး​တည်းသာ ရှိခဲ့ကြောင်း​ကို သတိပြုမိကြ၏။ ထို​လှေ​ပေါ်တွင် ယေရှု​သည် တပည့်တော်တို့​နှင့်အတူ လိုက်ပါသွားတော်​မမူဘဲ တပည့်တော်တို့​ချည်းသာ ထွက်ခွာသွားကြသည်​ကိုလည်း သတိပြုမိခဲ့ကြ၏။
23ထိုစဉ် သခင်ဘုရား​က ကျေးဇူးတော်ချီးမွမ်း​၍ လူတို့​မုန့်​ကို စားခဲ့ကြသည့် နေရာ​အနီး​သို့ တိဗေရိမြို့​မှ​လာသော လှေများ​သည် ဆိုက်ကပ်လာကြ၏။ 24လူထု​သည်လည်း ထို​နေရာ​တွင် ယေရှု​နှင့် တပည့်တော်တို့ မရှိကြောင်း သိ​သောအခါ ရောက်လာသော​လှေများ​ပေါ်သို့ တက်​၍ ယေရှု​ကို ရှာ​ရန် ကပေရနောင်မြို့​သို့ သွားကြ၏။
25အိုင်​တစ်ဖက်ကမ်း​တွင် ယေရှု​ကို တွေ့ကြ​သောအခါ သူတို့​က “ဆရာတော်#6:25 မူရင်း​ဂရိကျမ်း​တွင် “ရဗ္ဗိ” ဟု ဖော်ပြထားသည်။… မည်သည့်​အချိန်​တွင် ဤ​နေရာ​သို့ ရောက်တော်မူသနည်း” ဟု မေးလျှောက်ကြ၏။ 26ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် သင်တို့​သည် ငါ​ပြုသော နိမိတ်​လက္ခဏာများ​ကို နားလည်​သောကြောင့် ငါ့​ကို ရှာကြသည်​မဟုတ်။ မုန့်​ကို ဝလင်​စွာ စားရ​သောကြောင့်​သာ ရှာကြ၏။ 27ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား#6:27 “လူသား” သည် ယေရှု​က မိမိ​ကိုယ်တိုင်​အတွက် သုံးသော ဂုဏ်ပုဒ်​ဖြစ်သည်။​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို#6:27 ဘုရားသခင်​၏ တန်ခိုးအာဏာ​နှင့် မျက်နှာသာ​ရကြောင်း အာမခံချက်​ဖြစ်သည်။ ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။
28ထို​သူတို့​က “ဘုရားသခင်​အလိုရှိတော်မူသော အမှုတော်​ကို ဆောင်ရွက်​နိုင်ရန် မည်သို့ ပြုလုပ်ရမည်နည်း” ဟု မေးလျှောက်ကြ၏။
29ယေရှု​က “သင်တို့​ထံမှ ဘုရားသခင်​အလိုရှိတော်မူသော အမှုတော်​မှာ မိမိ​စေလွှတ်တော်မူသော​သူ​ကို ယုံကြည်ခြင်း​ပင် ဖြစ်သည်” ဟု ဖြေတော်မူ၏။
30ထိုအခါ သူတို့​က “ဆရာတော်​ကို ယုံကြည်​စေလို​ပါက အကျွန်ုပ်တို့​အား နိမိတ်​လက္ခဏာ​ကို ပြတော်မူပါ။ မည်သည့် အမှု​ကို ပြုတော်မူမည်နည်း။
31ကျမ်းစာ​တွင် ‘ထို​သူတို့ စား​ရန် သူ​သည် ကောင်းကင်​မှ မုန့်​ကို ပေး၏’ ဟု ရေးသားထားသည့်​အတိုင်း ကျွန်ုပ်တို့​၏ ဘိုးဘေးများ​သည် တောကန္တာရ​၌ မန္နမုန့်​ကို စားကြရ၏”#6:31 ထွ ၁၆:၄၊ ဆာ ၇၈:၂၄။ ဟု လျှောက်ကြ၏။
32ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် ကောင်းကင်​မှ မုန့်​ကို သင်တို့​အား ပေးခဲ့သူ​မှာ မောရှေ​မဟုတ်။ ငါ့​ခမည်းတော်​ကသာ ကောင်းကင်​မှ စစ်မှန်သော​မုန့်​ကို သင်တို့​အား ပေးတော်မူ၏။ 33ဘုရားသခင်​၏ စစ်မှန်သော​မုန့်​မှာ ကောင်းကင်​မှ ဆင်းသက်လာ​၍ လောကီသားတို့​အား အသက်​ကို ပေးသော​မုန့်​ဖြစ်၏” ဟု မိန့်တော်မူ၏။
34ထိုအခါ သူတို့​က “သခင်… ထို​မုန့်​ကို ကျွန်ုပ်တို့​အား အစဉ်မပြတ်​ပေးတော်မူပါ” ဟု လျှောက်ကြ၏။
35ယေရှု​က “ငါ​သည် အသက်မုန့်​ဖြစ်၏။ ငါ့​ထံသို့ လာသော​သူ​သည် မည်သည့်​အခါမျှ အစာငတ်မည်​မဟုတ်။ ငါ့​ကို ယုံကြည်သော​သူ​သည်လည်း မည်သည့်​အခါမျှ ရေငတ်မည်​မဟုတ်။ 36သို့သော်လည်း သင်တို့​သည် ငါ့​ကို မြင်​လျက်နှင့် မယုံကြည်ကြ​ဟု ငါ​ဆိုခဲ့ပြီ။ 37ငါ့​ကို ခမည်းတော်​ပေးအပ်တော်မူသော သူတို့​သည် ငါ့​ထံသို့ လာကြ​လိမ့်မည်။ ငါ့​ထံသို့ လာသော​သူ​ကို ငါ​သည် ငြင်းပယ်မည်​မဟုတ်ပါ။ 38အဘယ်ကြောင့်ဆိုသော် ငါ​သည် မိမိ​အလို​ကို လုပ်ဆောင်​ရန် မဟုတ်ဘဲ ငါ့​ကို စေလွှတ်တော်မူသော ဘုရားသခင်​၏ အလိုတော်​ကို လုပ်ဆောင်​ရန် ဆင်းသက်လာ​သောကြောင့် ဖြစ်၏။ 39ဘုရားသခင်​၏ အလိုတော်​မှာ ငါ့​ကို ပေးအပ်ထားတော်မူသော​သူများ​ထဲမှ တစ်ဦးတစ်ယောက်​ကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသော​နေ့​တွင် ထို​သူတို့​ကို သေရာ​မှ ထမြောက်​စေရန်​ဖြစ်၏။ 40သို့ဖြစ်၍ သားတော်​ကို မြင်​၍ ယုံကြည်သောသူ​အပေါင်းတို့​သည် ထာဝရ​အသက်​ကို ရ​စေရန် ငါ့​ခမည်းတော်​အလိုရှိ၏။ ငါ​သည်လည်း ထို​သူတို့​ကို နောက်ဆုံးသော​နေ့​၌ သေရာ​မှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။
41ထိုသို့ ယေရှု​က “ငါ​သည် ကောင်းကင်​မှ ဆင်းသက်လာသော​မုန့် ဖြစ်၏” ဟု မိန့်တော်မူ​သောကြောင့် ဂျူးလူမျိုးတို့​က 42“ဤ​သူ​သည် ယောသပ်​၏ သား ယေရှု​မဟုတ်လော။ သူ​၏ မိဘတို့​ကို ငါတို့​သိသည် မဟုတ်လော။ သို့ဖြစ်ပါလျက် သူ​က ‘ငါ​သည် ကောင်းကင်​မှ ဆင်းသက်လာ၏’ ဟု အဘယ်ကြောင့် ဆိုသနည်း” ဟု မကျေမနပ်​ပြောဆိုကြ၏။
43ထိုအခါ ယေရှု​က “ငါ​ပြောသော​စကား​ကြောင့် မကျေမနပ်​မဖြစ်ကြနှင့်။ 44ငါ့​ကို စေလွှတ်တော်မူသော​ခမည်းတော် ဆွဲခေါ်တော်မမူ​လျှင် မည်သူ​မျှ ငါ့​ထံသို့ မလာနိုင်။ ငါ့​ထံသို့ လာသောသူ​ကို နောက်ဆုံးသော​နေ့​တွင် သေရာ​မှ ငါ​ထမြောက်စေမည်။ 45ပရောဖက်ကျမ်းများ​တွင် ‘ထို​သူ​အားလုံးတို့​သည် ဘုရားသခင်​၏ သွန်သင်တော်မူခြင်း​ကို ခံရကြ​လိမ့်မည်’ ဟု ရေးသားထားသည်​နှင့်အညီ ခမည်းတော် မိန့်တော်မူသော​စကား​ကို ကြား​၍ ခံယူသောသူ​ရှိသမျှတို့​သည် ငါ့​ထံသို့ လာကြ၏။ 46ထိုသို့​ဆိုရာ​တွင် တစ်စုံတစ်ဦး​သည် ခမည်းတော်​ကို တွေ့မြင်ခဲ့ပြီ​ဟု ငါ​မဆိုလိုပါ။ ခမည်းတော်​ဘုရားသခင်​စေလွှတ်တော်မူသော ငါ​သာလျှင် ခမည်းတော်​ကို တွေ့မြင်ဖူး၏။
47သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​ကို ယုံကြည်သောသူ​သည် ထာဝရ​အသက်​ကို​ရ၏။ 48ငါ​သည် အသက်မုန့်​ဖြစ်၏။ 49သင်တို့​၏ ဘိုးဘေးများ​သည် တောကန္တာရ​၌ မန္နမုန့်​ကို စားကြ​သော်လည်း သေကြရ၏။ 50ကောင်းကင်​မှ ဆင်းသက်လာသော​မုန့်​ကို စားသုံးသောသူ​သည် မည်သည့်​အခါမျှ သေမည်​မဟုတ်။ 51ငါ​သည် ကောင်းကင်​မှ ဆင်းသက်လာသော အသက်မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စားသုံးသောသူ​သည် အစဉ်​ထာဝရ အသက်ရှင်​လိမ့်မည်။ ငါ​ပေးမည့် ဤ​မုန့်​သည် လောကီသားတို့ အသက်​ရှင်​ရန် ပေးသော ငါ့​အသား​ပင်​ဖြစ်၏” ဟု မိန့်တော်မူ၏။
52ထိုအခါ ဂျူးလူမျိုးတို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါတို့​စား​ရန် မည်သို့​ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။
53ထို့ကြောင့် ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် သင်တို့​သည် လူသား​၏ အသား​ကို မစား၊ အသွေး​ကို မသောက်ဘဲ နေ​လျှင် ထာဝရ​အသက်​ကို​မရနိုင်။ 54ငါ့​အသား​ကို စား​၍ ငါ့​အသွေး​ကို သောက်သောသူ​သည် ထာဝရ​အသက်​ကို ရ၏။ နောက်ဆုံးသော​နေ့​၌ ထို​သူ​ကို သေရာ​မှ​ထမြောက်စေမည်။ 55အဘယ်ကြောင့်ဆိုသော် ငါ့​အသား​သည် စစ်မှန်သော​စားစရာ​ဖြစ်ပြီး ငါ့​အသွေး​သည် စစ်မှန်သော​သောက်စရာ​ဖြစ်၏။ 56ငါ့​အသား​ကို စား​၍ ငါ့​အသွေး​ကို သောက်သောသူ​သည် ငါ့​အထဲ​၌​တည်ရှိ၏။ ငါ​သည်လည်း ထို​သူ့​အထဲ​၌​တည်ရှိ၏။ 57အသက်ရှင်တော်မူသော ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​၍ ငါ​သည် ခမည်းတော်​ကြောင့် အသက်ရှင်၏။ ထို​ကဲ့သို့​ပင် ငါ့​အသား​ကို စားသောသူ​သည် ငါ့​ကြောင့် အသက်ရှင်​လိမ့်မည်။ 58ငါ​သည် ကောင်းကင်​မှ ဆင်းသက်လာသော မုန့်​ဖြစ်၏။ သင်တို့​၏ ဘိုးဘေးများ​စားခဲ့သော မန္နမုန့်​ကဲ့သို့ မဟုတ်။ သူတို့​သည် မန္နမုန့်​ကို စားကြ​သော်လည်း သေကြရ၏။ ဤ​မုန့်​ကို စားသောသူ​မှာမူ အစဉ်​ထာဝရ အသက်ရှင်​လိမ့်မည်” ဟု မိန့်တော်မူ၏။ 59ယေရှု​သည် ကပေရနောင်မြို့ ဂျူး​ဝတ်ပြုဆောင်​၌ သွန်သင်တော်မူ​စဉ် ဤ​အကြောင်းအရာများ​ကို မိန့်တော်မူ၏။
တပည့်တော်​အများအပြား ယေရှု​ကို​စွန့်ခွာသွားကြခြင်း
60တပည့်တော်​အများအပြား​သည် ထို​အကြောင်း​ကို ကြား​လျှင် “ဤ​သွန်သင်ချက်​သည် အလွန်​ခက်ခဲလှ၏။ မည်သူ ခံယူ​နိုင်မည်နည်း” ဟု ပြောဆိုကြ၏။
61တပည့်တော်များ​ညည်းညူ​ပြောဆိုကြသည်​ကို သိတော်မူ​သဖြင့် ယေရှု​က “ဤ​သွန်သင်ချက်​ကြောင့် သင်တို့​စိတ်ပျက်ကြသလော။ 62သို့ဖြစ်လျှင် လူသား​သည် ကောင်းကင်​သို့ တစ်ဖန် တက်ကြွသည်​ကို သင်တို့ မြင်ရ​ပါက မည်သို့​ထင်မှတ်ကြမည်နည်း။ 63ဝိညာဉ်တော်​ကသာ အသက်ရှင်စေ၏။ လူ့​အားထုတ်မှု​မှာမူ မည်သည့်အရာ​ကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့​ကို ငါ​ပြောသော စကားတို့​သည် ဝိညာဉ်​နှင့် အသက်​ဖြစ်၏။ 64သို့သော်လည်း သင်တို့​ထဲမှ တချို့​သည် ငါ့​ကို မယုံကြည်ကြ” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူရခြင်း​မှာ ယေရှု​သည် မည်သူတို့ မယုံကြည်ဘဲနေသည်​ကိုလည်းကောင်း၊ မည်သူ မိမိ​ကို သစ္စာဖောက်မည်​ကိုလည်းကောင်း အစဦး​ကပင် သိတော်မူ​သောကြောင့်​ဖြစ်၏။
65ဆက်လက်​၍ ယေရှု​က “ထို့ကြောင့် ခမည်းတော် အခွင့်​ပေးတော်မမူ​လျှင် မည်သူမျှ ငါ့​ထံသို့ မလာနိုင်ကြ​ဟု သင်တို့​ကို ငါ​ပြောခဲ့ပြီ” ဟု မိန့်တော်မူ၏။
66ထို​အချိန်​မှစ၍ တပည့်တော်​အများအပြားတို့​သည် နောက်တော်သို့ ဆက်​၍ မလိုက်ဘဲ စွန့်ခွာသွားကြ၏။
67ထိုအခါ ယေရှု​က တပည့်တော်​ဆယ့်နှစ်ပါး​အား “သင်တို့​သည်လည်း ထွက်သွား​လိုသလော” ဟု မေးတော်မူ၏။
68ရှိမုန်​ပေတရု​က “သခင်… အကျွန်ုပ်တို့​သည် မည်သူ့​ထံသို့ သွားရပါမည်နည်း။ ထာဝရ​အသက်​ကို ပေးသော​စကား​သည် သခင့်​ထံ၌​သာ​ရှိ၏။ 69ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်းတော်မူသော​သူ​ဖြစ်တော်မူကြောင်း​ကို အကျွန်ုပ်တို့​ယုံကြည်​သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။
70ထိုအခါ ယေရှု​က “သင်တို့ ဆယ့်နှစ်ဦး​ကို ငါ​ရွေးချယ်ခဲ့ပြီ။ သို့ရာတွင် သင်တို့​အနက် တစ်ဦး​သည် မာရ်နတ်​ဖြစ်၏” ဟု မိန့်တော်မူ၏။ 71ထိုသို့ မိန့်တော်မူသည်​မှာ မိမိ​အား သစ္စာ​ဖောက်မည့် ယုဒရှကာရုတ်​ကို ဆိုလိုခြင်း​ဖြစ်၏။ ထို​သူ​သည် ရှိမုန်​၏ သား​ဖြစ်ပြီး တပည့်တော်​ဆယ့်နှစ်ပါး​ထဲမှ တစ်ပါး​ဖြစ်၏။

Айни замон обунашуда:

ယောဟန် 6: BCB

Лаҳзаҳои махсус

Паҳн кунед

Нусха

None

Want to have your highlights saved across all your devices? Sign up or sign in