Logotipo da YouVersion
Ícone de Pesquisa

ရောမဩဝါဒစာ 3

3
ဘုရားသခင်၏သစ္စာတော်
1သို့ဖြစ်လျှင် ဂျူး​လူမျိုး​၌ မည်သည့်​သာလွန်​ထူးခြား​မှု​ရှိ​သနည်း။ အရေဖျား​လှီး​ခြင်း​၌ မည်သည့်​အကျိုး​ရှိ​သနည်း။ 2အဘက်ဘက်​၌ အကျိုး​များစွာ​ရှိ​၏။ ပထမ​ဦးစွာ သူ​တို့​၌ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​များ​ကို ယုံကြည်​အပ်နှံ​ထား​တော်မူ​၏။ 3ထိုသို့ဆိုလျှင် သူ​တို့​တွင် မ​ယုံကြည်​သော​သူ​အချို့​ရှိ​ပါက မည်သို့​ဖြစ်​မည်နည်း။ ဘုရားသခင်​၏​သစ္စာ​တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​ကြောင့် ပျက်ပြယ်​သွား​မည်​လော။ 4လုံးဝ​မ​ပျက်ပြယ်​နိုင်​ရာ။ “ကိုယ်တော်​သည် မိမိ​မိန့်​တော်မူ​သော​စကား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​၍ တရားဆိုင်​တော်မူ​သောအခါ အောင်မြင်​မည့်​အကြောင်း​တည်း”#ဆာ 51:4။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း လူ​ခပ်သိမ်း​သည် လိမ်လည်​သော​သူ​ဖြစ်​သော်လည်း ဘုရားသခင်​သည် ဖြောင့်မှန်​တော်မူ​သော​အရှင်​ဖြစ်​ပါ​စေ​သော။
5သို့ရာတွင် ငါ​တို့​၏​မတရားမှု​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို ထင်ရှား​စေ​လျှင် မည်သို့​ဆို​ရ​မည်နည်း။ လူသား​တစ်​ဦး​အနေဖြင့်​ငါ​ဆို​သော် အမျက်​တော်​ကို​သက်ရောက်​စေ​တော်မူ​သော​ဘုရားသခင်​သည် မ​ဖြောင့်မတ်​သော​အရှင်​ဖြစ်​သလော။ 6လုံးဝ​မ​ဟုတ်​ပေ။ ဟုတ်​လျှင်​မူကား ဘုရားသခင်​သည် ဤ​လောက​ကို မည်သို့​တရား​စီရင်​တော်မူ​မည်နည်း။ 7သို့သော် ငါ​၏​လိမ်လည်​ခြင်း​အားဖြင့် ဘုရားသခင်​၏​သမ္မာတရား​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​အဖြစ်​သို့ တိုးပွား​လျှင် ငါ​သည် အဘယ်ကြောင့် အပြစ်သား​တစ်ဦး​အဖြစ် စီရင်​ခြင်း​ကို​ခံရ​သေး​သနည်း။ 8“ကောင်းကျိုး​သက်ရောက်​စေရန် မကောင်း​သော​အမှု​ကို ပြု​ကြ​ကုန်စို့”​ဟု ဆို​၍​မ​ရ​နိုင်​သလော။ လူ​အချို့​တို့​က ထိုကဲ့သို့​ငါ​တို့​ပြောဆို​နေ​သည်​ဟု​ဆို​လျက် ငါ​တို့​ကို စော်ကား​ပြောဆို​ကြ​၏။ ထို​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို ခံထိုက်​ကြ​၏။
ဖြောင့်မတ်သောသူတစ်ယောက်မျှမရှိ
9သို့ဖြစ်လျှင် မည်သို့​နည်း။ ငါ​တို့​သည် သာ၍​ကောင်းမြတ်​သလော။ လုံးဝ​မ​ဟုတ်​ပေ။ အကြောင်းမူကား ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ လူ​အပေါင်း​တို့​သည် အပြစ်​တရား​အောက်၌​ရှိ​ကြောင်း အထက်​က ငါ​တို့​ထောက်ပြ​ခဲ့​ပြီ။ 10ဤသည်ကား “ဖြောင့်မတ်​သော​သူ​မ​ရှိ၊ တစ်ယောက်မျှ​မ​ရှိ။ 11တတ်သိ​နားလည်​သော​သူ​မ​ရှိ၊ ဘုရားသခင်​ကို​ရှာ​သော​သူ​မ​ရှိ။ 12လူ​အပေါင်း​တို့​သည် လမ်းလွဲ​ကြ​၍ တညီတညွတ်တည်း​အသုံးမကျ​သော​သူ​များ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​မ​ရှိ၊ တစ်ယောက်မျှ​မ​ရှိ။#ဆာ 14:3၊ 53:3၊ ဒေ 7:20။ 13သူ​တို့​၏​လည်ချောင်း​သည် ဖွင့်​ထား​သော​သင်္ချိုင်း​တွင်း​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​လျှာ​ဖြင့် လိမ်လည်​ပြောဆို​တတ်​ကြ​၏။#ဆာ 5:9၊ 140:3။ သူ​တို့​၏​နှုတ်ခမ်း​အောက်၌ မြွေဆိုး​၏​အဆိပ်​အတောက်​ရှိ​၏။ 14သူ​တို့​၏​နှုတ်​သည် ကျိန်ဆဲ​သော​စကား၊ ခါးသီး​သော​စကား​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​၏။#ဆာ 10:7။ 15သူ​တို့​၏​ခြေ​သည် လူ​ကို​သတ်ဖြတ်​ရန်​လျင်မြန်​ကြ​၏။#သု 1:16၊ ဟေရှာ 59:7။ 16သူ​တို့​သွား​ရာ​လမ်း​၌ ပျက်စီး​ခြင်း​နှင့်​ဒုက္ခ​ဆင်းရဲ​ခြင်း​ရှိ​၍ 17သူ​တို့​သည် ငြိမ်းချမ်း​ရာ​လမ်း​ကို​မ​သိ​ကြ။#ဟေရှာ 59:8။ 18သူ​တို့​၏​မျက်စိ​ရှေ့တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​မ​ရှိ”#ဆာ 36:1။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
19ပညတ်​တရား​ဆို​ထား​သမျှ​တို့​သည် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​များ​အတွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤသည်ကား နှုတ်​ရှိသမျှ​သည် ပိတ်​ထား​ခြင်း​ခံရ​၍ လောကီသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​ခြင်း​လက်အောက်​သို့ ကျရောက်​ကြ​ရန်​ဖြစ်​၏။ 20သို့ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်။ အကြောင်းမူကား ပညတ်​တရား​အားဖြင့် အပြစ်​အကြောင်း​ကို​သိရှိ​ရုံ​မျှသာ​ဖြစ်​၏။
ယုံကြည်ခြင်းအားဖြင့် ရရှိသောဖြောင့်မတ်ခြင်း
21သို့ရာတွင် ယခု​အခါ​၌ ပညတ်​တရား​နှင့်​ပရောဖက်​များ​သက်သေခံ​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​သည် ပညတ်​တရား​မ​ပါ​ဘဲ ထင်ရှား​လေ​ပြီ။ 22၎င်း​မှာ ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် ယုံကြည်​သူ​အပေါင်း​တို့​အပေါ်​သက်ရောက်​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ဖြစ်​၏။ ဤ​တွင် မည်သည့်​ခြားနား​မှု​မျှ​မ​ရှိ။ 23အကြောင်းမူကား လူ​အပေါင်း​တို့​သည် အပြစ်​ပြု​၍ ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့် အလှမ်းဝေး​ကြ​ပြီ။ 24သူ​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ခရစ်တော်​ယေရှု​၏​ရွေးနုတ်​ခြင်း​အားဖြင့် အဖိုးအခ​မ​ပေး​ရ​ဘဲ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။ 25ဘုရားသခင်​သည် မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို​ထင်ရှား​စေရန် ခရစ်တော်​ကို​ခန့်ထား​၍ ယုံကြည်​ခြင်း​အတွက် ခရစ်တော်​၏​သွေး​တော်​ကို အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​စေ​တော်မူ​၏။ တစ်နည်းဆိုသော် ဘုရားသခင်​သည် သည်းခံ​တော်မူ​ခြင်း​အားဖြင့် လွန်ခဲ့​ပြီး​သော​အပြစ်​များ​အတွက် အပြစ်​မ​ယူ​ဘဲ​နေ​တော်မူ​၏။ 26ဤသည်ကား ယခု​အချိန်အခါ​၌ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို ထင်ရှား​စေရန်​နှင့် ဘုရားသခင်​ကိုယ်တော်​တိုင် ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​ပြီး ယေရှု​ကို​ယုံကြည်​သော​သူ​အား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​ရန်​ဖြစ်​၏။
27သို့ဖြစ်လျှင် ဝါကြွား​စရာ​အဘယ်မှာ​ရှိ​သနည်း။ ၎င်း​သည် ဖယ်ရှား​ခြင်း​ခံရ​လေ​ပြီ။ မည်သည့်​တရား​အားဖြင့် ဖယ်ရှား​သနည်း။ အကျင့်​တရား​အားဖြင့်​လော။ မ​ဟုတ်​ပေ။ ယုံကြည်​ခြင်း​တရား​အားဖြင့် ဖယ်ရှား​၏။ 28အကြောင်းမူကား လူ​သည် ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​၏​ဟု ငါ​တို့​မှတ်ယူ​ကြ​၏။ 29သို့မဟုတ် ဘုရားသခင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရား​သာ ဖြစ်​တော်မူ​သလော။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။ လူမျိုးခြား​တို့​၏​ဘုရား​လည်း ဖြစ်​တော်မူ​၏။ 30ယုံကြည်​ခြင်း​အားဖြင့် အရေဖျား​လှီး​ထား​သော​သူ​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ အရေဖျား​မ​လှီး​သော​သူ​ကို​လည်း ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​ဘုရားသခင်​သည် အမှန်ပင် တစ်ဆူတည်း​ဖြစ်​တော်မူ​၏။ 31သို့ဖြစ်လျှင် ငါ​တို့​သည် ယုံကြည်​ခြင်း​ကြောင့် ပညတ်​တရား​ကို ပယ်ဖျက်​ကြ​သလော။ လုံးဝ​မ​ပယ်ဖျက်​ကြ။ ပညတ်​တရား​ကို တည်မြဲ​တည်​စေ​ကြ​၏။

Destaque

Compartilhar

Copiar

None

Quer salvar seus destaques em todos os seus dispositivos? Cadastre-se ou faça o login

A YouVersion utiliza cookies para personalizar sua experiência. Ao utilizar nosso site, você aceita o uso de cookies como descrito em nossa Política de Privacidade