လက်ဝါးကပ်တိုင်တော်၊ ကျွန်တော်တို့၏ ဘုန်းအသရေနမူနာ
ဘုရားသခင်၏ ဆီးတားဖို့ရာကျောက်ကြီး
ကြည့်ရှုကြလော။ ထိုအရပ်၌ ကြီးစွာသောကျောက်သည် လှိမ့်လှန်ပြီး ကောင်းကင်တမန်တစ်ပါးသည် ထိုကျောက်ပေါ်မှာ ထိုင်နေသည်။ ထိုဘက်မှာ ဘာမြင်သလဲ။ လူစောင့်တို့သည် အလွန်ကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြသည်။ ဟိုဘက်မှာ ဘာမြင်သလဲ။ ကြောက်ရွံ့သောမိန်းမတို့ကို ကောင်းကင်တမန်က ကြောက်ရွံ့ခြင်းမရှိကြနှင့်၊ ယေရှုကို သင်တို့ရှာကြသည်ကို ငါသိ၏ဟု ဖြည်းညင်းစွာ ပြောဆိုသည် (မ၊ ၂၈း၅)။ ထိုကျောက်ကြီးသည် အသက်ရှင်သောသူနှင့် သေလွန်သူများကြား၊ ရှာဖွေသူများနှင့် မုန်းတီးသူများကြား၊ ခရစ်တော်၏ မိတ်ဆွေများနှင့် ရန်သူများကြား ဆီးတားဖို့ရာ ဖြစ်ခဲ့သည်။ အရှင်ယေရှုဘုရား၏ ထမြောက်တော်မူခြင်းသည် သူ၏ရန်သူများအဖို့ ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက် ဖြစ်သည် (၁ပေ၊ ၂း၈)။ အာရေတောင်ပေါ်ရှိ ရှေးခေတ်ပညာရှင်အချို့သည် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကြားရလျှင်၊ ကဲ့ရဲ့ကြသည်။ သို့သော်၊ ကိုယ်တော်၏ လူမျိုးတော်အဖို့၊ ရှင်ပြန်ထမြောက်ခြင်းသည် တိုက်ထောင့်အမြစ်ကျောက်မြတ် ဖြစ်သည်။
အရှင်ယေရှုဘုရား၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်တော်တို့၏ အောင်မြင်ခြင်းနှင့် ပီတိဝမ်းမြောက်ခြင်း ဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းသည် အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ ထာဝရဘုရားသက်ရောက်စေသော မိုးတိမ်တိုင်နှင့်တူညီသည် —အဲဂုတ္တုလူတို့၌ မိုက်သောမိုးတိမ်ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကို ပေးခဲ့သည် (ထွ၊ ၁၄း၁၉-၂၀ ကို ဖတ်ရှုပါ)။ အဲဂုတ္တုတပ်အဖို့ မှောင်မိုက်အတိဖြစ်သလို၊ ဣသရေလအမျိုးသားတို့အဖို့ တောက်ပလှပပြီး နှစ်သိမ့်စေသောအလင်း ဖြစ်ခဲ့သည်။ ထိုနည်းတူ၊ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်တော်ကို မသိသောသူများနှင့် မယုံကြည်သူတို့အတွက် ထိတ်လန့်ဖွယ်ရာသမ္မာတရား ဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းသည် သူတို့အဖို့ အဘယ်အကျိုးကျေးဇူးပေးနိုင်မလဲ။ သူတို့သည် ထာဝရပျက်စီးခြင်းတွင် အိပ်ပျော်နိုင်လျှင်သာ ပျော်ရွှင်နိုင်ကြလိမ့်မည်။
ရှင်ပြန်ထမြောက်ခြင်းသည် သူတို့အဖို့ အဘယ်အကျိုးကျေးဇူးပေးနိုင်မလဲ။ သူတို့မုန်းသောသခင်သည် အသက်ရှင်နေသည် မဟုတ်ပါလော။ သူတို့မထီမဲ့မြင်ပြုသောသူသည် ပြန်ကြွလာလိမ့်မည် မဟုတ်ပါလော။ ကိုယ်တော်သည် ထိုသူတို့ကို လှိုက်လှဲစွာ နှုတ်ဆက်မည်လော။ ထိုသူရှိသမျှသည် တရားစီရင်ခြင်းခံစေရန် ခရစ်တော်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည် မဟုတ်ပါလော။ ဤအတွေးသည် လောကီရှင်ဘုရင်များကို ခြောက်လှန့်စေလိမ့်မည်တကား။ နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ အာဒံ၏သားအားလုံးကို မိမိတို့၏မြေမှုန့်အိပ်ရာထဲမှ တိတ်လန့်စွာ ထမြောက်စေလိမ့်မည်။ အပြစ်သားအားလုံး ထမြောက်သောအခါ၊ ရှင်ပြန်ထမြောက်သောကယ်တင်ရှင်သည် သန့်ရှင်းသောကောင်းကင်တမန်အခြံအရံတို့နှင့်အတူ မိုးတိမ်ကို စီး၍ကြွလာသောနေ့သည် အလွန် ကြောက်မက်ဖွယ်ရာနေ့ ဖြစ်လိမ့်မည်တကား (၁သက်၊ ၄း၁၆ ကို ဖတ်ရှုပါ)။ အကယ်၍၊ ထိုရှင်ပြန်ထမြောက်ခြင်းကျောက်၏ မှားသောဘက်တွင် ရှိနေသူများအဖို့ ကြောက်ခြင်းသံဝေဂမှတစ်ပါး အခြားအရာမရှိပါ။
သို့သော်၊ ထိုရှင်ပြန်ထမြောက်ခြင်းကျောက်၏ မှန်သောဘက်တွင် ရှိနေသူများအဖို့ အလွန်ဝမ်းမြောက်ခြင်း ရရှိခံစားပါလိမ့်မည်။ သူတို့သည် ပေါ်ထွန်းတော်မူခြင်းကို တစ်နေ့ပြီးတစ်နေ့ သာ၍တောင့်တလာပါလိမ့်မည်။ သူတို့ကိုယ်တိုင် ရှင်ပြန်ထမြောက်ပြီး မိမိ၏ကယ်တင်ရှင်ကို မိမိမျက်စိဖြင့် မြင်ရမည်တည်းဟူသော ဘုရားသခင်၏ ချိုမြိန်သော သမ္မာတရားကို မှီဝဲပါမည်။ အို ချစ်ဓမ္မမိတ်ဆွေ၊ ရှင်ပြန်ထမြောက်ခြင်းကျောက်၏ ဘယ်ဘက်တွင် နေသလဲဟု မေးမြန်းစရာလိုသည်။ ခရစ်တော်၌ မှီဝဲသောအသက်တာ ရှိပါသလော။ ခရစ်တော်နှင့်အတူ ထမြောက်ခဲ့ပြီလော။ သေခြင်းမှ ရှင်ပြန်ထမြောက်သောသူကို ယုံကြည်လက်ခံပြီလော။ ထို့သို့ဖြစ်ပါက၊ မကြောက်ပါနှင့်။ ကောင်းကင်တမန်သည် မိတ်ဆွေကို နှစ်သိမ့်စေသလို၊ အရှင်ယေရှုဘုရားသည် မိတ်ဆွေကို အားပေးတော်မူနေသည်။ သို့ရာတွင်၊ ခရစ်တော်၌ အသက်မရှိဘဲ၊ အသက်ရှိလျက်ပင် သေသူများသည် အရှင်ယေရှုဘုရားအား ရှင်ပြန်ထမြောက်တော်မူပြီဟု တွေးတောခြင်းသည် ကြောက်လန့်၍ တုန်လှုပ်ပါစေ—မိမိအဖို့ လာမည့် အမင်္ဂလာများသည် ကြောက်လန့်၍ တုန်လှုပ်စေလိမ့်မည်။
ဤအစီစဉ်သည် ချစ်ဓမ္မမိတ်ဆွေကို အားပေးခဲ့ပြီးဟု ယုံကြည်မျှော်လင့်ပါသည်။ အခြားမီဒီယာများကို လေ့လာချင်ပါက၊https://www.whitakerhouse.com/book-authors/charles-h-spurgeon/.
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
လက်ဝါးကပ်တိုင်တော်သည် ခရစ်ယာန်ဘာသာအတွင်း ထင်းရှားဆုံးအောက်မေ့ဖွယ်ရာ ဖြစ်သလို အရေးပါမှုလည်း အဆုံးမရှိပေ။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏ ဓမ္မစာတိုများသည် လက်ဝါးကပ်တိုင်တော်၏ အထီးကျန်သောစောင့်စားခြင်း၊ လက်ဝါးကပ်တိုင်တော်၏ ရက်စက်မှုနှင့် ရှင်ပြန်ထမြောက်ခြင်း၏ရွှင်လန်းခြင်းအကြောင်းကို ရှင်းလင်းစွာ ဖော်ပြစေသည်။ သူ၏ဝေါဟာရများဖြင့် ခရစ်တော်၏ စိတ်အားကြီးခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ အရေးပါခြင်းကို ကောင်းစွာ ဖမ်းစားထားသည်။ ဤအစီစဉ်အားဖြင့် ဘုရားသခင်၏ ဖန်ဆင်းတော်မူသော လူသားသတ္တဝါအားလုံးအတွက် မဟာမေတ္တာတော်ပိုင်တော်မူသော ကယ်တင်ရှင်၏ အသက်တော်စွန့်လွတ်ခြင်းအကြောင်းကို အောက်မေ့သတိရစေပါ။
More