လက်ဝါးကပ်တိုင်တော်၊ ကျွန်တော်တို့၏ ဘုန်းအသရေနမူနာ
အရှင်ယေရှုဘုရား၏ သေခြင်းသည် သူ့၏သူငယ်ချင်းများအတွက်သာ မဟုတ်ပေ
ကျွန်တော်တို့ကယ်တင်ရှင်၏ အသေခံခြင်းသည် တစ်နည်းအားဖြင့် သူ့၏သူငယ်ချင်းများအတွက်သက်သက်သာ မဖြစ်ခဲ့ပါ။ ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။ (ယော၊ ၁၅း၁၃ ကို ဖတ်ပါ) ဤကျမ်းပိုဒ်သည် အလွန်မြင့်မြတ်သော သမ္မာတရားကို ဖော်ပြသောကြောင့် စေ့စေ့ထောက်ရှုပါ။ သို့ရာတွင်၊ ကိုယ်အဆွေတို့ထက် ကိုယ်ရန်သူကြီးတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာပင် ဖြစ်သည်။ သင်တို့ကို အဆွေဟူ၍ ငါခေါ်၏ဟူသောစကားတော်သည် အရှင်ယေရှုဘုရား၏ မြင့်မြတ်သောမေတ္တာတော်ကို ဖော်ပြစေခဲ့သည် (ယော၊ ၁၅း၁၅ ကို ဖတ်ပါ)။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့ကို ရှေ့ဦးစွာ ချစ်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်တော်တို့ကို အဆွေဟု ခေါ်သော်လည်း၊ ကျွန်တော်တို့သည် ဆန့်ကျင်ဘက်ပြုသောကြောင့်၊ စိတ်နှလုံးထဲတွင် ကိုယ်တော်ကို ရန်သူဟု ခေါ်ခဲ့ကြသည်။ ကျွန်တော်တို့သည် သူ၏မေတ္တာတော်ကို ခံစေခြင်းငှာ ကိုယ်တော်ကို ချစ်ခဲ့ကြသည် မဟုတ်။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ (ဟေရှာ၊ ၅၃း၃)။
အို၊ လူ့စိတ်နှလုံးအထဲရှိ အရှင်ယေရှုဘုရားကို ရန်ငြိုးဖွဲ့ခြင်းသည် အလွန်ကြီးမားပါသည်တကား။ ထိုရန်ငြိုးဖွဲ့ခြင်းသည် အဘယ်အရာမျှနှင့် မတူပါ။ အောက်ခြေမရှိသောတွင်းမှ ဆင်းသက်လာသမျှ ရန်ငြိုးခြင်းများအားလုံးတွင်၊ ခရစ်တော်ဘုရားကို စိတ်နှလုံး၏ ရန်ငြိုးဖွဲ့မှုသည် အထူးဆန်းဆုံးဖြစ်သလို အခါးသီးဆုံးလည်း ဖြစ်သည်။ ကြိတ်ဆုံကျောက်ကဲ့သို့ ခိုင်မာသောနှလုံး ရှိပြီး၊ ခံစားရသည့် ချစ်ခြင်းမေတ္တာကို ပြန်၍မရနိုင်လျက် ညစ်ညူးယုတ်ညံ့သော လူမိုက်တို့အတွက် ယေရှုခရစ်သည် ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံမည့်သူ ရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ (ရော၊ ၅း၇-၈)
အတုမရှိမေတ္တာတော်။
တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားလျက်၊
အနံအလျားအနက်အမြင့်တို့ကို
ကိုယ်ဉာဏ်နှင့်မသိနိုင်သည်တကား။
အရှင်ယေရှုဘုရားသည် ကျွန်တော်တို့ကို ချစ်တော်မူသောကြောင့်မှတစ်ပါး အခြားအကြောင်းအရာ မရှိဘဲ၊ မိမိ၏အလွန်မြင့်မြတ်သောမေတ္တာတော်ဖြင့် ကျွန်တော်တို့ကို စိတ်နှလုံးအကြွင်မဲ့ ချစ်ခဲ့သည်။ ထိုကြောင့်၊ မဟာမေတ္တာတော်၊ ဖြူစင်သောမေတ္တာတော်၊ မေတ္တာတော်သက်သက်အားဖြင့် ကိုယ်အသွေးထွက်လျက် အသေခံခြင်းတိုင်အောင် ကိုယ်ကိုကိုယ် စွန့်တော်မူခဲ့သည်...
ကျွန်တော်ဆိုသည်ကား၊ သရဖူကို ယူဆောင်ကြ။ သရဖူကို ကျွန်တော်တို့၏ မေတ္တာတော်အရှင်၏ ခေါင်းပေါ်မှာ တင်ကြပါစို့။ ကိုယ်တော်သည် အခြားနေရာတိုင်း၌ ဘုရင်တို့၏ဘုရင် ဖြစ်သလို၊ ချစ်ခြင်းမေတ္တာနယ်ပယ်၌လည်း ဘုရင်တို့၏ဘုရင်လည်း ဖြစ်တော်မူသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
လက်ဝါးကပ်တိုင်တော်သည် ခရစ်ယာန်ဘာသာအတွင်း ထင်းရှားဆုံးအောက်မေ့ဖွယ်ရာ ဖြစ်သလို အရေးပါမှုလည်း အဆုံးမရှိပေ။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏ ဓမ္မစာတိုများသည် လက်ဝါးကပ်တိုင်တော်၏ အထီးကျန်သောစောင့်စားခြင်း၊ လက်ဝါးကပ်တိုင်တော်၏ ရက်စက်မှုနှင့် ရှင်ပြန်ထမြောက်ခြင်း၏ရွှင်လန်းခြင်းအကြောင်းကို ရှင်းလင်းစွာ ဖော်ပြစေသည်။ သူ၏ဝေါဟာရများဖြင့် ခရစ်တော်၏ စိတ်အားကြီးခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ အရေးပါခြင်းကို ကောင်းစွာ ဖမ်းစားထားသည်။ ဤအစီစဉ်အားဖြင့် ဘုရားသခင်၏ ဖန်ဆင်းတော်မူသော လူသားသတ္တဝါအားလုံးအတွက် မဟာမေတ္တာတော်ပိုင်တော်မူသော ကယ်တင်ရှင်၏ အသက်တော်စွန့်လွတ်ခြင်းအကြောင်းကို အောက်မေ့သတိရစေပါ။
More