လက်ဝါးကပ်တိုင်တော်၊ ကျွန်တော်တို့၏ ဘုန်းအသရေနမူနာ
ကယ်တင်ရှင်၏ ဆုတာင်းပတ္ထနာသည်
ချစ်သောဓမ္မမိတ်ဆွေ၊ စုံစမ်းနှောင့်ယှက်ခြင်းခံလျက် အောင်မြင်စွာ ကျော်လွှားစေဖို့ ဆုတောင်းပတ္ထနာသည် အကောင်းဆုံးလက်နက်ပင် ဖြစ်သည်။ ဓားနှင့် လွှားကို မသုံးနိုင်လျှင်၊ ကျော်စောသောလက်နက်တည်းဟူသော ဆုတောင်းပတ္ထနာကို ယူကြလော့။ မိတ်ဆွေ၏ ကယ်တင်ရှင်သည် ထိုအမှုကို ပြုတော်မူခဲ့သည်။ သူ၏ပတ္ထနာစကားကို စေ့စေ့ထောက်ရှုကြပါစို့။
တစ်ပါးတည်းအထီးကျန်ဆန်စွာ ဆုတောင်းပတ္ထနာဖြစ်ခဲ့သည်
ကိုယ်တော်သည် မိမိ၏ချစ်လှသောတပည့်တော်သုံးပါးတို့နှင့် ကျောက်ခဲတစ်ပစ်လောက် ခွာသွားခဲ့သည်။ အို ယုံကြည်သူ၊ ဆိတ်ကွယ်ရာအရပ်၌ တစ်ဦးတည်းဆုတောင်းခြင်းကို များစွာပြုပါ - အထူးသဖြင့် စုံစမ်းနှောင့်ယှက်ခံရသောကာလမှာ၊ ဆိတ်ကွယ်ရာအရပ်၌ တစ်ဦးတည်းဆုတောင်းခြင်းသည် ကောင်းကင်ဘုံကို ဖွင့်စေသောသော့ ဖြစ်သလို၊ ငရဲတံခါးများကို ပိတ်စေသောသော့လည်း ဖြစ်ပြီး၊ ကာသတ်နိုင်သောလွှား ဖြစ်သလို၊ စုံစမ်းနှောင့်ယှက်ခြင်းကို တိုက်ခိုက်သောဓားလည်း ဖြစ်သည်။ မိသားစုနှင့်အတူဆုတောင်းခြင်း၊ လူများနှင့်အတူဆုတောင်းခြင်းနှင့် အသင်းတော်၌ဆုတောင်းခြင်းတို့သည် မလောက်နိုင်ပေ။ ၎င်းတို့သည် အလွန်တန်ဖိုးကြီးလှသော်လည်း၊ ဘုရားသခင်၏ နားတော်မှတစ်ပါး အခြားနားမကြားဘဲ၊ မထင်ရှားသောအရပ်၌ တစ်ဦးတည်းဆုတောင်းပတ္ထနာစကားသည် ဘုရားသခင်အဖို့ အကောင်းဆုံးသော မီးရှို့သောနံ့သာပေါင်း၏ အခိုးအငွေ့ ဖြစ်ပါလိမ့်မည်။ အောင်မြင်ခြင်းရှိစေဖို့၊ ဆိတ်ကွယ်ရာအရပ်၌ သွားပြီး တစ်ဦးတည်းဆုတောင်းခြင်းအမှုကို မကြာခဏပြုပါစို့။
နှိမ့်ချသော ဆုတောင်းပတ္ထနာဖြစ်ခဲ့သည်
ယေရှုက...ဒူးထောက်လျက်ဟု တမန်တော်ကြီးရှင်လုကာက စာရေးခဲ့သော်လည်း တမန်တော်ကြီးရှင်မဿဲကား၊ ယေရှုက...ပျပ်ဝပ်၍ဟု ပြောဆိုခဲ့သည်။ မဟာရှင်ဘုရင်ကြီးတစ်ပါးသည် ပျပ်ဝပ်ပြုတော်မူမည်လော။ သို့ဆိုလျှင်၊ သခင်ကြီး၏ နှိမ့်ချသောကျွန်သည် ပိုမိုပြုသင့်သည် မဟုတ်လော။ သားတော်မြတ်သည် ဦးချ၍ပျပ်ဝပ်ခြင်းကို ပြုခဲ့ပါသည်တကား။ သို့ဆိုလျှင်၊ မိတ်ဆွေသည် ဘယ်မှာဦးချမလဲ။ မိမိ၏ခေါင်းပေါ်မှာ ဘာမြေမှုန့်နှင့် ပြာကို တင်ရမလဲ။ မိတ်ဆွေသည် လျှော်တေအဝတ်ကို ဘယ်လိုပတ်စည်းမလဲ။ နှိမ့်ချခြင်းသည် ဆုတောင်းခြင်းတွင် ကောင်းသောခြေနင်းရာပေးသည်။ ထိုကြောင့်၊ ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် မိတ်ဆွေတို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ ကိုယ်ကိုကိုယ် နှိမ့်စေခြင်းကိုမပြုလျှင် ထောင်လွှားစော်ကားသောသူတို့ကို ဆီးတားသောဘုရားသခင်ရှေ့တော်၌ ကျေးဇူးကိုခံဖို့ မမျှော်လင့်နိုင်ပေ။ (၁ပေ၊ ၅း၆ ကို ဖတ်ရှုပါ)
သားတော်အနေနှင့် ဆုတောင်းပတ္ထနာပြုခဲ့သည်
ကိုယ်တော်သည် အကျွန်ုပ်အဘဟု မိန့်တော်မူခဲ့သည်ဟု ရှင်မဿဲစာရေးခဲ့သည် (မ၊ ၂၆း၃၉)။ ရှင်မာကုသည်၊ အို အဘခမည်းတော်ဟု စာရေးခဲ့သည် (မာ၊ ၁၄း၃၆)။ မိမိ၏သားဖြစ် တောင်းပန်ခြင်းသည် ခက်ခဲသောနေ့မှာ ခိုလှုံရာဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါဟု (မ၊ ၆း၁၃) ရေးထားသည့်ဆုတောင်းချက်သည် ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ (မ၊ ၆း၉) ဖြင့် အစပြုခဲ့သည်။ သားအနေနှင့် တောင်းပန်လိုက်ပါ။ ကျွန်အနေနှင့် မိမိရာဇဝတ်အပြစ်များကြောင့် အခွင့်အရေး မရှိတော့ပေ။ သို့သော်၊ သားတစ်ဦးသည် မိမိဖခင်၏အကွယ်အကာပေးခြင်းကို ဘယ်တော့မှ မဆုံးရှုံးနိုင်ပါ။ ထို့ကြောင့်၊ အို အဘ၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်တော်မူပါဟု ဆုတောင်းဖို့ ရှက်ကြောက်ခြင်းနှင့် ကင်းစေပါ။
ဝန်ခံခဲ့သော ဆုတောင်းပတ္ထနာဖြစ်ခဲ့သည်
သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော်ဟု ဆုတောင်းတော်မူ၏ (မ၊ ၂၆း၃၉)။ ဘုရားသခင်၌ တည်လျှင် ဘုရားသခင်သည် မိတ်ဆွေ၌ တည်တော်မူလိမ့်မည်။ ကိုယ်တော်၏ အလိုတော်ဖြစ်ပါစေတော့၊ သူ၏အလိုတော်မြတ်သည် အကောင်းဆုံးပါပဲ။ ပေးရမည့်အချိန်၊ ပေးရမည်နည်း၊ ပေးရမည့်အရာ၊ တားရမည်အရာများကို သိတော်မူသောသူ၏လက်တော်၌ မိမိဆုတောင်းခြင်း၏ အဖြေကို ဆက်ကပ်အပ်နှံလျက် ရောင့်ရဲခြင်းရှိပါစေ။ ထို့ကြောင့်၊ နှိမ့်ချစွာလက်ခံခြင်းနှင့် ရောနှောသည့် ဇွဲသတ္တိဖြင့် စိတ်အားကြီးစွာ တောင်းပန်လျှင် အောင်မြင်လိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
လက်ဝါးကပ်တိုင်တော်သည် ခရစ်ယာန်ဘာသာအတွင်း ထင်းရှားဆုံးအောက်မေ့ဖွယ်ရာ ဖြစ်သလို အရေးပါမှုလည်း အဆုံးမရှိပေ။ တရားဟောဆရာကြီး ချားလ်စ်စပါးဂျန်း (Charles Spurgeon) ၏ ဓမ္မစာတိုများသည် လက်ဝါးကပ်တိုင်တော်၏ အထီးကျန်သောစောင့်စားခြင်း၊ လက်ဝါးကပ်တိုင်တော်၏ ရက်စက်မှုနှင့် ရှင်ပြန်ထမြောက်ခြင်း၏ရွှင်လန်းခြင်းအကြောင်းကို ရှင်းလင်းစွာ ဖော်ပြစေသည်။ သူ၏ဝေါဟာရများဖြင့် ခရစ်တော်၏ စိတ်အားကြီးခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ အရေးပါခြင်းကို ကောင်းစွာ ဖမ်းစားထားသည်။ ဤအစီစဉ်အားဖြင့် ဘုရားသခင်၏ ဖန်ဆင်းတော်မူသော လူသားသတ္တဝါအားလုံးအတွက် မဟာမေတ္တာတော်ပိုင်တော်မူသော ကယ်တင်ရှင်၏ အသက်တော်စွန့်လွတ်ခြင်းအကြောင်းကို အောက်မေ့သတိရစေပါ။
More