ဆာလံ 98:4-9
ဆာလံ 98:4-9 Judson Bible (JBMLE)
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့။ စောင်းတီး၍ တူရိယာသံကို ပြုကြလော့။ တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။ ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊ မြစ်တို့သည် လက်ခုပ်တီး၍၊ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ။ အကြောင်းမူကား၊ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ဆုံးဖြတ်တော်မူလတ္တံ့။
ဆာလံ 98:4-9 Common Language Bible (BCL)
ကမ္ဘာမြေကြီးသားအပေါင်းတို့၊ဝမ်းမြောက်စွာ သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ သီချင်းများကိုဆို၍ဝမ်းမြောက်စွာကြွေး ကြော်လျက် ကိုယ်တော်အားထောမနာပြုကြလော့။ ထောမနာသီချင်းကိုဆိုကာထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ စောင်းများကိုတီး၍ဂုဏ်တော်ကိုချီးမွမ်းကြလော့။ တံပိုးခရာနှင့်နှဲတို့ကိုမှုတ်၍ငါတို့ဘုရင် ထာဝရဘုရား၏ရှေ့တော်၌ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့။ အချင်းပင်လယ်နှင့်ပင်လယ်ရှိသတ္တဝါအပေါင်း တို့၊ အသံကျယ်စွာကြွေးကြော်ကြလော့။ အချင်းကုန်းမြေနှင့်ကုန်းမြေပေါ်တွင် အသက်ရှင်သူအပေါင်းတို့သီချင်းဆိုကြ လော့။ အချင်းမြစ်တို့၊လက်ခုပ်တီးကြလော့။ အချင်းတောင်များတို့၊ထာဝရဘုရားသည် ကမ္ဘာလောကကိုအုပ်စိုးရန်ကြွလာတော်မူ ပြီဖြစ်၍ တစ်ပြိုင်နက်ရှေ့တော်တွင်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ ကိုယ်တော်သည်ကမ္ဘာပေါ်ရှိလူအပေါင်းတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
ဆာလံ 98:4-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ဟစ်ကြော်လျက်၊ ရွှင်လန်းစွာသီချင်းဆိုလျက် သီဆိုချီးမွမ်းကြလော့။ ထာဝရဘုရားကို စောင်းတီး၍ သီဆိုချီးမွမ်းကြလော့။ စောင်းတီး၍ တေးသီချင်းသံဖြင့် သီဆိုချီးမွမ်းကြလော့။ တံပိုးခရာနှင့် သိုးချိုမှုတ်သံများဖြင့် ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ပင်လယ်နှင့် ၎င်း၌ရှိသမျှသောအရာတို့သည် မြည်ဟည်းကြပါစေ။ ကမ္ဘာလောကနှင့် ၎င်း၌နေထိုင်သောသူများသည်လည်း ထိုနည်းတူပြုကြပါစေ။ မြစ်တို့သည် လက်ခုပ်တီးကြပါစေ။ တောင်များသည် ထာဝရဘုရားရှေ့တော်၌ အတူတကွရွှင်လန်းစွာသီချင်းဆိုကြပါစေ။ အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို သမာသမတ်ရှိခြင်းဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။