YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 98

98
ရှင်ဘုရင်ကိုချီးမွမ်းခြင်း
ဆာလံ
1ထာဝရဘုရား​ထံသို့ သီချင်း​အသစ်​ကို သီကျူး​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​ပြီ​။
ကိုယ်တော်​၏​လက်ယာ​လက်​တော်​နှင့် ကိုယ်တော်​၏​သန့်ရှင်း​သော​လက်ရုံး​တော်​သည်
ကိုယ်တော့်​အဖို့ ကယ်တင်​ခြင်း​အမှု​ကို ပြု​တော်မူ​ပြီ​။
2ထာဝရဘုရား​သည် မိမိ​၏​ကယ်တင်​ခြင်း​ကို ထင်ရှား​စေ​၍
မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို လူမျိုးတကာ​တို့​ရှေ့​၌ ဖော်ပြ​တော်မူ​ပြီ​။
3ကိုယ်တော်​သည် အစ္စရေး​အမျိုးအနွယ်​အပေါ် ထားရှိ​သည့် မိမိ​၏​မေတ္တာကရုဏာ​တော်​နှင့်
သစ္စာ​တော်​တို့​ကို အောက်မေ့​တော်မူ​ပြီ​။ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည်
ငါ​တို့​ဘုရားသခင်​၏ ကယ်တင်​ခြင်း​ကို မြင်​ရ​ကြ​ပြီ​။
4မြေကြီးသား​အပေါင်း​တို့​၊ ထာဝရဘုရား​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။
ဟစ်ကြော်​လျက်​၊ ရွှင်လန်း​စွာ​သီချင်းဆို​လျက် သီဆိုချီးမွမ်း​ကြ​လော့​။
5ထာဝရဘုရား​ကို စောင်း​တီး​၍ သီဆိုချီးမွမ်း​ကြ​လော့​။
စောင်း​တီး​၍ တေးသီချင်း​သံ​ဖြင့် သီဆိုချီးမွမ်း​ကြ​လော့​။
6တံပိုးခရာ​နှင့် သိုးချိုမှုတ်သံ​များ​ဖြင့် ရှင်ဘုရင်​တည်းဟူသော
ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​လော့​။
7ပင်လယ်​နှင့် ၎င်း​၌​ရှိသမျှ​သော​အရာ​တို့​သည် မြည်ဟည်း​ကြ​ပါစေ​။
ကမ္ဘာလောက​နှင့် ၎င်း​၌​နေထိုင်​သော​သူ​များ​သည်​လည်း ထိုနည်းတူ​ပြု​ကြ​ပါစေ​။
8မြစ်​တို့​သည် လက်ခုပ်တီး​ကြ​ပါစေ​။ တောင်​များ​သည် ထာဝရဘုရား​ရှေ့​တော်​၌
အတူတကွ​ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။
9အကြောင်းမူကား ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို​တရားစီရင်​ရန် ကြွလာ​တော်မူ​၏​။
ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊
လူ​တို့​ကို သမာသမတ်​ရှိ​ခြင်း​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 98: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ