ဆာလံ 105:39-45
ဆာလံ 105:39-45 Judson Bible (JBMLE)
သူတို့အပေါ်မှာ မိုးတိမ်ကိုဖြန့်မိုး၍၊ ညအခါလင်းစရာဖို့ မီးကိုပေးတော်မူ၏။ သူတို့သည် တောင်းသောအခါ ငုံးများကိုဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲစေတော်မူ၏။ ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။ အကြောင်းမူကား၊ မိမိကျွန်အာဗြဟံ၌ ထားခဲ့ဖူးသော သန့်ရှင်းသော ကတိတော်ကို အောက်မေ့တော်မူ၏။ ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။ သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်းကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တစ်ပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့သည် အခြားသောလူတို့၏အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။
ဆာလံ 105:39-45 Common Language Bible (BCL)
ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။ သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။ ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။ ကိုယ်တော်သည်မိမိ၏အစေခံအာဗြဟံအား ပေးတော်မူခဲ့သောကတိတော်ကိုသတိရတော်မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။ ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့် သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။ ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။
ဆာလံ 105:39-45 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် သူတို့ကိုအုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန် မီးကိုလည်းကောင်း ဖြန့်ထားတော်မူ၏။ သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်းကင်မှမုန့်ဖြင့် သူတို့ကိုဝပြောစေတော်မူ၏။ ကိုယ်တော်သည် ကျောက်ဆောင်ကို ဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါးအာဗြဟံအား ပေးထားသည့် သန့်ရှင်းသောကတိတော်ကို သတိရတော်မူ၏။ ဤသို့ဖြင့် မိမိလူမျိုးတော်ကို ရွှင်မြူးစေလျက်၊ မိမိရွေးကောက်သောသူတို့ကို ရွှင်လန်းစွာကြွေးကြော်စေလျက် ထုတ်ဆောင်တော်မူ၏။ ကိုယ်တော်သည် လူမျိုးခြားတို့၏ပြည်ကို သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ထိုလူမျိုးတို့၏ကြိုးပမ်းအားထုတ်မှုအကျိုးကို အမွေဆက်ခံရကြ၏။ ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။