YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 105

105
လူမျိုးတော်အပေါ်ထားရှိသော ဘုရားသခင်၏သစ္စာတော်
1ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ နာမ​တော်​ကို​ခေါ်ဆို​ပတ္ထနာပြု​ကြ​လော့​။
ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို လူမျိုးတကာ​တို့​အား ကြားသိ​စေ​ကြ​လော့​။
2ကိုယ်တော့်​ထံသို့ သီချင်းဆို​ကြ​လော့​။ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ကြ​လော့​။
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ဆင်ခြင်အောက်မေ့​ကြ​လော့​။
3ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​၌ ဂုဏ်ယူဝါကြွား​ကြ​လော့​။
ထာဝရဘုရား​ကို ရှာ​သော​သူ​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​ပါစေ​။
4ထာဝရဘုရား​နှင့် ကိုယ်တော်​၏​တန်ခိုး​တော်​ကို ရှာဖွေ​ကြ​လော့​။
ကိုယ်တော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ရှာ​ကြ​လော့​။
5-6ကိုယ်တော်​၏​အစေအပါး အာဗြဟံ​၏​အမျိုးအနွယ်​၊
ကိုယ်တော်​ရွေးကောက်​တော်မူ​သော ယာကုပ်​၏​သားသမီး​တို့​၊
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​လည်းကောင်း​၊
ပြု​တော်မူ​သော​တန်ခိုးလက္ခဏာ​များ​နှင့်
နှုတ်​တော်​ထွက်​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်းကောင်း အောက်မေ့​ကြ​လော့​။
7ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​၏​။
ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌​ရှိ​၏​။
8ကိုယ်တော်​သည် မိမိ​၏​ပဋိညာဉ်​တော်​ကို အစဉ်အမြဲ​အောက်မေ့​တော်မူ​၏​။
၎င်း​မှာ မျိုးဆက်​ပေါင်း​တစ်ထောင်​တို့​အား မိန့်​တော်မူ​ထား​သော​စကား​တော်​၊
9အာဗြဟံ​နှင့်​ပြု​ခဲ့​သော​ပဋိညာဉ်​တော်​၊
ဣဇက်​အား​ကျိန်ဆို​သော​ကတိ​တော်​ဖြစ်​၏​။
10ကိုယ်တော်​သည် ၎င်း​ကို ယာကုပ်​အတွက် ပြဋ္ဌာန်းချက်​အဖြစ်​လည်းကောင်း​၊
အစ္စရေး​အတွက် အစဉ်အမြဲ​တည်​သော ပဋိညာဉ်​အဖြစ်​လည်းကောင်း တည်​စေ​တော်မူ​၍
11“​ခါနာန်​ပြည်​ကို သင်​တို့​၏​အမွေ​ဝေစု​အဖြစ်
သင့်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။
12ထိုစဉ်က သူ​တို့​သည် အရေအတွက်​အားဖြင့် အနည်းငယ်​မျှသာ​ရှိ​ကြ​ပြီး
ထို​ပြည်​၌ ဧည့်သည်​အဖြစ် တည်းခိုနေထိုင်​သော​သူ​များ ဖြစ်​ကြ​၏​။
13လူမျိုး​တစ်​မျိုး​မှ​တစ်မျိုး​၊ နိုင်ငံ​တစ်​နိုင်ငံ​မှ​တစ်​နိုင်ငံ#105:13 တိုက်ရိုက်ပြန်ဆိုလျှင် “နိုင်ငံတစ်နိုင်ငံမှအခြားလူမျိုးတစ်မျိုး”။​သို့
လှည့်လည်​သွားလာ​ခဲ့​ကြ​ရ​၏​။
14သို့သော် သူ​တို့​ကို​နှိပ်စက်​ရန် ကိုယ်တော်​သည် မည်သူ့​ကို​မျှ ခွင့်ပြု​တော်​မ​မူ​။
သူ​တို့​အတွက် ရှင်ဘုရင်​တို့​ကို ဆုံးမ​တော်မူ​ပြီး
15“​ငါ​ဘိသိက်ပေး​ထား​သော​သူ​တို့​ကို မ​ထိ​ကြ​နှင့်​။
ငါ​၏​ပရောဖက်​တို့​ကို​လည်း အန္တရာယ်​မ​ပြု​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။
16တစ်ဖန် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို​ဆိုက်ရောက်​စေ​၍
အစားအစာ​ထောက်ပံ့မှု​ရှိသမျှ​ကို ဖြတ်တောက်​တော်မူ​၏​။
17ကိုယ်တော်​သည် ကျွန်​အဖြစ်​ရောင်းစား​ခြင်း​ခံရ​သူ ယောသပ်​ကို
သူ​တို့​ရှေ့​မှ​စေလွှတ်​တော်မူ​၏​။
18လူ​တို့​သည် သူ​၏​ခြေ​ကို ခြေချင်း​နှင့်​နာကျင်​စေ​ကြ​၏​။
သူ​၏​လည်ပင်း​တွင်​လည်း သံလည်ပတ်​ကို တပ်​ကြ​၏​။
19သူ​၏​စကား​ပြည့်စုံ​ခြင်း​သို့​ရောက်​သည်​အထိ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည်
သူ့​ကို​စစ်ကြော​တော်မူ​၏​။
20ရှင်ဘုရင်​သည် လူ​ကို​စေလွှတ်​၍ သူ့​ကို​လွှတ်ပေး​၏​။
လူ​တို့​ကို​အုပ်စိုး​သူ​သည် သူ့​ကို​ချမ်းသာ​ခွင့်​ပေး​၍
21မိမိ​၏​နန်းတော်​တွင် သခင်​အဖြစ်​လည်းကောင်း​၊ မိမိ​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို
အုပ်စိုး​သူ​အဖြစ်​လည်းကောင်း သူ့​ကို​ခန့်ထား​၏​။
22ထိုသို့​ခန့်ထား​ခြင်း​မှာ မိမိ​၏​အကြီးအကဲ​တို့​ကို သူ​၏​စိတ်ဆန္ဒ​အတိုင်း ဆုံးမ​စေရန်​နှင့်
မိမိ​၏​သက်ကြီးဝါကြီး​တို့​ကို ဉာဏ်ပညာရှိ​စေရန် အတွက်​ဖြစ်​၏​။
23ထို့နောက် အစ္စရေး​လူမျိုး​တို့​သည် အီဂျစ်​ပြည်​သို့​ရောက်လာ​ပြီး
ယာကုပ်​သည် ဟာမ​ပြည်​တွင် ဧည့်သည်​အဖြစ် တည်းခိုနေထိုင်​လေ​၏​။
24ထို့နောက် ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အလွန်​ပွားများ​စေ​၍
သူ​တို့​၏​ရန်သူ​များ​ထက် ပို၍​အားကြီး​စေ​တော်မူ​၏​။
25မိမိ​လူမျိုး​တော်​ကို​မုန်း​စေရန်​နှင့် မိမိ​အစေအပါး​တို့​အပေါ် ပရိယာယ်သုံး​ကြ​စေရန်
ထို​ရန်သူ​တို့​၏​စိတ်နှလုံး​ကို ပြောင်းလဲ​စေ​တော်မူ​၏​။
26ကိုယ်တော်​သည် မိမိ​အစေအပါး​မောရှေ​နှင့်
မိမိ​ရွေးချယ်​ထား​သော အာရုန်​တို့​ကို စေလွှတ်​တော်မူ​၏​။
27သူ​တို့​သည် ကိုယ်တော်​၏​နိမိတ်လက္ခဏာ​နှင့် ဆိုင်သော​အမှု​များ​ကို
ထို​သူ​တို့​အလယ်​၌​လည်းကောင်း​၊ တန်ခိုးလက္ခဏာ​များ​ကို
ဟာမ​၏​ပြည်​၌​လည်းကောင်း ပြု​ကြ​၏​။
28ကိုယ်တော်​သည် အမှောင်​ကို​စေလွှတ်​၍ ထို​ပြည်​ကို မှောင်မည်း​စေ​တော်မူ​၏​။
ထို​သူ​တို့​သည် ကိုယ်တော်​၏​အမိန့်​တော်​ကို ဖီဆန်​ခဲ့​ကြ​သည်​မ​ဟုတ်​လော​။
29ကိုယ်တော်​သည် သူ​တို့​၏​ရေ​များ​ကို သွေး​ဖြစ်​စေ​၍
သူ​တို့​၏​ငါး​များ​ကို သေ​စေ​တော်မူ​၏​။
30သူ​တို့​၏​ပြည်​ကို​သာမက သူ​တို့​ရှင်ဘုရင်​များ​၏​အတွင်းဆောင်​တို့​၌ပင်
ဖား​များ​နှင့်​ပြည့်နှက်​စေ​တော်မူ​၏​။
31ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သောအခါ ယင်ရဲအုပ်​နှင့်​မှက်​တို့​သည် သူ
တို့​ပြည်​တစ်ဝန်းလုံး​သို့​ပျံ့နှံ့​သွား​ကြ​၏​။
32ကိုယ်တော်​သည် သူ​တို့​အား မိုးရေ​အစား မိုးသီး​ကို​ပေး​၍
သူ​တို့​ပြည်​၌ လျှပ်စီးလျှပ်နွယ်​များ​ကို ပြက်​စေ​တော်မူ​၏​။
33သူ​တို့​၏​စပျစ်ပင်​များ​နှင့်​သဖန်းပင်​များ​ကို​လည်း ဖျက်ဆီး​၍
သူ​တို့​ပြည်​ရှိ သစ်ပင်​များ​ကို​ချိုး​တော်မူ​၏​။
34ကိုယ်တော်​အမိန့်​ရှိ​တော်မူ​သောအခါ
မ​ရေ​မ​တွက်​နိုင်​သော ကျိုင်းကောင်​နှင့်​နှံကောင်​တို့​သည် ရောက်လာ​၍
35သူ​တို့​ပြည်​၌​ရှိ​သော​အပင်​အားလုံး​ကို ကိုက်စား​ကြ​၏​။
သူ​တို့​မြေ​ပေါ်မှ အသီးအနှံ​တို့​ကို​လည်း ကိုက်စား​ကြ​၏​။
36ကိုယ်တော်​သည် သူ​တို့​၏ ယောက်ျား​အားမာန်​အားလုံး​၏​အသီးဦး​ဖြစ်​သော
သူ​တို့​ပြည်​မှ​သားဦး​ရှိသမျှ​တို့​ကို ဆုံးပါး​စေ​တော်မူ​၏​။
37ထို့နောက် သူ​တို့​ကို ရွှေ​၊ ငွေ​နှင့်တကွ ထုတ်ဆောင်​တော်မူ​၏​။
ထိုစဉ် ကိုယ်တော်​၏​လူမျိုးစု​များ​တွင် အားနည်း​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ချေ​။
38သူ​တို့​ထွက်ခွာ​သွား​သောအခါ အီဂျစ်​ပြည်​သည် ဝမ်းမြောက်​၏​။
အကြောင်းမူကား သူ​တို့​ကို​ကြောက်ရွံ့​သော​စိတ်​သည် ထို​ပြည်သား​တို့​ကို လွှမ်းမိုး​ခဲ့​၏​။
39ကိုယ်တော်​သည် သူ​တို့​ကို​အုပ်မိုး​ရန် မိုးတိမ်​ကို​လည်းကောင်း​၊
ညအချိန်​တွင် အလင်းပေး​ရန် မီး​ကို​လည်းကောင်း ဖြန့်​ထား​တော်မူ​၏​။
40သူ​တို့​တောင်း​သောအခါ ကိုယ်တော်​သည် ငုံး​ကို​ယူဆောင်​လာ​ပြီး
ကောင်းကင်​မှ​မုန့်​ဖြင့် သူ​တို့​ကို​ဝပြော​စေ​တော်မူ​၏​။
41ကိုယ်တော်​သည် ကျောက်ဆောင်​ကို ဖွင့်​တော်မူ​သောအခါ ရေ​များ​စီးထွက်​၍
ခြောက်သွေ့​သော​နေရာ​တွင် မြစ်​ကဲ့သို့​စီးဆင်း​လေ​၏​။
42အကြောင်းမူကား ကိုယ်တော်​သည် မိမိ​အစေအပါး​အာဗြဟံ​အား ပေး​ထား​သည့်
သန့်ရှင်း​သော​ကတိ​တော်​ကို သတိရ​တော်မူ​၏​။
43ဤသို့ဖြင့် မိမိ​လူမျိုး​တော်​ကို ရွှင်မြူး​စေ​လျက်​၊
မိမိ​ရွေးကောက်​သော​သူ​တို့​ကို ရွှင်လန်း​စွာ​ကြွေးကြော်​စေ​လျက်
ထုတ်ဆောင်​တော်မူ​၏​။
44ကိုယ်တော်​သည် လူမျိုးခြား​တို့​၏​ပြည်​ကို သူ​တို့​အား ပေး​တော်မူ​သဖြင့်
သူ​တို့​သည် ထို​လူမျိုး​တို့​၏​ကြိုးပမ်းအားထုတ်မှု​အကျိုး​ကို အမွေဆက်ခံ​ရ​ကြ​၏​။
45ဤသည်ကား သူ​တို့​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​၍
တရားတော်​တို့​ကို လိုက်နာကျင့်သုံး​ကြ​မည့်​အကြောင်း​တည်း​။ ဟာလေလုယ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 105: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ