YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 106

106
အစ္စရေးလူမျိုးတို့ ဘုရားသခင်အပေါ်သစ္စာမဲ့ကြခြင်း
1ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၍
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သောကြောင့် ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။
2ထာဝရဘုရား​၏​အစွမ်းတန်ခိုး​တော်​များ​အကြောင်း​ကို မည်သူ​ထုတ်ဖော်​ပြောဆို​နိုင်​မည်နည်း​။
ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​အပေါင်း​ကို မည်သူ​ဖော်ပြ​နိုင်​မည်နည်း​။
3တရားမျှတ​သော​အမှု​ကို​စောင့်ထိန်း​၍ ဖြောင့်မတ်​သော​အမှု​ကို
အစဉ်အမြဲ​ပြုကျင့်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။
4-5အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​ရွေးကောက်​သော​သူ​တို့​၏ ကောင်းကျိုးချမ်းသာ​ကို
မြင်​နိုင်​စေရန်​လည်းကောင်း​၊ ကိုယ်တော့်​လူမျိုး​တော်​၏​ဝမ်းမြောက်​ခြင်း​၌
ပါဝင်ဝမ်းမြောက်​နိုင်​စေရန်​လည်းကောင်း​၊ ကိုယ်တော်​၏​အမွေ​တော်​၌
ဂုဏ်ယူဝါကြွား​နိုင်​စေရန်​လည်းကောင်း​၊ ကိုယ်တော်​၏​လူမျိုး​တော်​ကို
ကျေးဇူးပြု​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ​။
သူ​တို့​ကို ကယ်တင်​တော်မူ​သောအခါ အကျွန်ုပ်​ကို​လည်း စာရင်းဝင်​စေ​တော်မူ​ပါ​။
6အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​နှင့်အတူ အပြစ်ပြု​ကြ​ပါ​ပြီ​။
ဒုစရိုက်​ကို​ပြု​ကြ​ပါ​ပြီ​။ ဆိုးယုတ်​သော​အမှု​ကို​ပြု​ကြ​ပါ​ပြီ​။
7အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​သည် အီဂျစ်​ပြည်​၌​ရှိ​စဉ် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို
ဂရု​မ​ပြု​ခဲ့​ကြ​ပါ​။ သူ​တို့​သည် ကိုယ်တော်​၏​ကြီးမား​သော မေတ္တာကရုဏာ​တော်​ကို
မ​အောက်မေ့​ဘဲ ပင်လယ်​အနီး​၊ ပင်လယ်​နီ​အနီး​တွင် ပုန်ကန်​ခဲ့​ကြ​ပါ​၏​။
8သို့သော် ကိုယ်တော်​သည် မိမိ​၏​အစွမ်းတန်ခိုး​တော်​ထင်ရှား​စေရန်
မိမိ​၏​နာမ​တော်​ကို​ထောက်၍ သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။
9ကိုယ်တော်​သည် ပင်လယ်​နီ​ကို ဆုံးမ​တော်မူ​ရာ ၎င်း​သည်​ခန်းခြောက်​လေ​၏​။
ထို့နောက် တောကန္တာရ​ကို​ဖြတ်​သကဲ့သို့ နက်ရှိုင်း​သော​ရေထု​ကို ဖြတ်​၍
သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။
10မုန်း​သော​သူ​၏​လက်​မှ သူ​တို့​ကို​ကယ်တင်​တော်မူ​၍
ရန်သူ​၏​လက်​မှ သူ​တို့​ကို​ရွေးနုတ်​တော်မူ​၏​။
11ရေ​သည် သူ​တို့​၏​ရန်သူ​များ​ကို​ဖုံးလွှမ်း​သဖြင့် ရန်သူ​ထဲတွင်
အသက်ရှင်​ကျန်ရစ်​ခဲ့​သူ​တစ်​ဦး​မျှ​မ​ရှိ​ပေ​။
12ထိုအခါ သူ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​ကို​ယုံကြည်​လျက်
ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို သီကျူး​ကြ​၏​။
13သို့သော် သူ​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို အလျင်အမြန်​မေ့လျော့​ကြ​၏​။
ကိုယ်တော်​၏​အကြံဉာဏ်​ကို​လည်း မ​စောင့်မျှော်​ဘဲ
14သူ​တို့​သည် တောကန္တာရ​၌ အလိုဆန္ဒ​ပြင်းပြ​ကြ​၍
ကန္တာရမြေ​၌ ဘုရားသခင်​ကို​စမ်းသပ်​ခဲ့​ကြ​၏​။
15ထိုအခါ ကိုယ်တော်​သည် သူ​တို့​တောင်း​သော​အရာ​ကို သူ​တို့​အား ပေး​တော်မူ​သော်လည်း
သူ​တို့​အပေါ်​၌ ပိန်ချုံး​ခြင်း​ဝေဒနာ​ကို သက်ရောက်​စေ​တော်မူ​၏​။
16သူ​တို့​သည် စခန်း​ထဲတွင် မောရှေ​နှင့်
ထာဝရဘုရား​၏​သန့်ရှင်း​သော​သူ​ဖြစ်​သည့်​အာရုန်​ကို ငြူစူ​ကြ​သောအခါ
17မြေ​သည် ကွဲအက်​လျက် ဒါသန်​ကို​မျို​၍
အဘိရံ​နှင့်​အပေါင်းပါ​တို့​ကို ဖုံးအုပ်​လေ​၏​။
18မီး​သည်​လည်း သူ​တို့​၏​အပေါင်းပါ​ထဲတွင် တောက်လောင်​၍
မီးလျှံ​သည် ဆိုးယုတ်​သော​သူ​တို့​ကို လောင်ကျွမ်း​ခဲ့​၏​။
19သူ​တို့​သည် ဟောရပ်​တောင်​နား​တွင် နွားသငယ်ရုပ်​ကို သွန်းလုပ်​၍
ထို​သွန်းလုပ်​သော​ရုပ်တု​ကို ရှိခိုးကိုးကွယ်​ကြ​၏​။
20ထိုသို့ဖြင့် မိမိ​တို့​၏​ဘုန်းအသရေ​ကို
မြက်​စား​သော​နွား​၏​ရုပ်တု​နှင့် လဲလှယ်​ကြ​၏​။
21-22အီဂျစ်​ပြည်​၌ ကြီးမား​သော​အမှု​များ​၊
ဟာမ​ပြည်​၌ အံ့ဖွယ်​သော​အမှု​များ​၊
ပင်လယ်​နီ​၌ ကြောက်ရွံ့ဖွယ်​သော အမှု​များ​ကို
ပြု​တော်မူ​သော​အရှင်​တည်းဟူသော မိမိ​တို့​အား ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို
သူ​တို့​သည် မေ့လျော့​ကြ​၏​။
23ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဖျက်ဆီး​မည်​ဟု မိန့်​တော်မူ​၏​။
သို့ရာတွင် ကိုယ်တော်​ရွေးကောက်​တော်မူ​သော မောရှေ​သည်
ရှေ့​တော်​မှ ကျိုးပေါက်​မည့်​နေရာ​တွင်​ရပ်​လျက်
သူ​တို့​ကို​ဖျက်ဆီး​မည့် ကိုယ်တော်​၏​အမျက်ဒေါသ​ကို တားဆီး​ခဲ့​၏​။
24တစ်ဖန် သူ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​ကို မ​ယုံ​၊
သာယာ​သော​ပြည်​ကို အလေးမထား​ဘဲ
25မိမိ​တို့​၏​တဲ​များ​တွင် ညည်းတွား​ကာ
ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ခဲ့​ကြ​ချေ​။
26ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို တောကန္တာရ​ထဲတွင်
ကျဆုံး​စေ​မည်​ဟူ၍​လည်းကောင်း​၊
27သူ​တို့​၏​သားစဉ်မြေးဆက်​တို့​ကို အပြည်ပြည်​အရပ်ရပ်​သို့​ကွဲလွင့်​စေ​လျက်
လူမျိုးခြား​တို့​အလယ်​တွင် ကျဆုံး​စေ​မည်​ဟူ၍​လည်းကောင်း
လက်​တော်​ကို​မြှောက်​၍​ကျိန်ဆို​တော်မူ​၏​။
28တစ်ဖန် သူ​တို့​သည် ဗာလပေဂုရ​ဘုရား​ကို မှီဝဲဆည်းကပ်​၍
လူသေ​တို့​အား​ပူဇော်​သော​ယဇ်​ကို စား​ကြ​၏​။
29ထိုသို့ မိမိ​တို့​၏​အပြုအမူ​များ​ဖြင့် အမျက်​တော်​ထွက်​စေ​သဖြင့်
သူ​တို့​အလယ်​တွင် ကပ်ရောဂါ​ဖြစ်ပွား​လေ​၏​။
30သို့သော် ဖိနဟတ်​သည်​ထ​၍ ကြားဝင်​ဖြေရှင်း​ပေး​သောကြောင့်
ကပ်ရောဂါ​သည်​ငြိမ်း​လေ​၏​။
31ထို​အမှု​ကြောင့် သူ​သည် မျိုးဆက်​အစဉ်အဆက်
အစဉ်အမြဲ​ဖြောင့်မတ်​သည်​ဟု အသိအမှတ်​ပြု​ခြင်း​ခံရ​၏​။
32သူ​တို့​သည် မေရိဘ​စမ်းရေ​အနား​တွင်​လည်း အမျက်​တော်​ထွက်​စေ​ကြ​သဖြင့်
မောရှေ​သည် သူ​တို့​ကြောင့် ဒုက္ခရောက်​ရ​၏​။
33အကြောင်းမူကား ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို သူ​တို့​ဖီဆန်​ကြ​သောကြောင့်
သူ​သည် မိမိ​နှုတ်​ဖြင့် မဆင်မခြင်​ပြောဆို​မိ​ခဲ့​၏​။
34လူမျိုးခြား​တို့​ကို ဖျက်ဆီး​ရန် သူ​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း
သူ​တို့​သည် မ​ပြု​ဘဲ
35လူမျိုးခြား​တို့​နှင့် ရောနှော​ဆက်ဆံ​၍
ထို​သူ​တို့​၏​ဓလေ့ထုံးစံ​များ​ကို သင်ယူ​ကြ​၏​။
36မိမိ​တို့​အတွက် ထောင်ချောက်​ဖြစ်​စေ​မည့်
ထို​သူ​တို့​၏​ရုပ်တု​များ​ကို​လည်း ဝတ်ပြု​ကြ​ပြီး
37မိမိ​တို့​၏​သား​သမီး​များ​ကို
နတ်ဆိုး​တို့​အား ပူဇော်​ကြ​၏​။
38ထိုသို့ ခါနာန်​ရုပ်တု​များ​အား မိမိ​တို့​သား​သမီး​တို့​ကို​ပူဇော်​ခြင်း​အားဖြင့်
အပြစ်ကင်း​သော​သွေး​တည်းဟူသော ထို​သား​သမီး​တို့​၏​သွေး​ကို​သွန်း​၍
ထို​ပြည်​ကို သွေး​ဖြင့်​ညစ်ညူး​စေ​ကြ​၏​။
39သူ​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​ဖြင့် မိမိ​တို့​ကိုယ်​ကို​ညစ်ညူး​စေ​၍
မိမိ​တို့​၏​အပြုအမူ​များ​ဖြင့် ဖောက်ပြန်မှားယွင်း​ကြ​၏​။
40ထို့ကြောင့် ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​အပေါ်​အမျက်ထွက်​၍
မိမိ​၏​အမွေ​တော်​ကို စက်ဆုပ်ရွံရှာ​တော်မူ​၏​။
41ကိုယ်တော်​သည် သူ​တို့​ကို​လူမျိုးခြား​တို့​၏​လက်​သို့ အပ်​တော်မူ​သဖြင့်
သူ​တို့​ကို​မုန်း​သော​သူ​တို့​သည် သူ​တို့​ကို​အုပ်စိုး​ကြ​၏​။
42သူ​တို့​၏​ရန်သူ​များ​သည်​လည်း သူ​တို့​ကို​ညှဉ်းဆဲ​၍
သူ​တို့​သည် ရန်သူ​တို့​လက်​အောက်​၌​ရှုံးနိမ့်​ကြ​ရ​၏​။
43ကိုယ်တော်​သည် သူ​တို့​ကို အကြိမ်ပေါင်း​များစွာ ကယ်နုတ်​ခဲ့​သော်လည်း
သူ​တို့​သည် မိမိ​တို့​အကြံဉာဏ်​အားဖြင့် ပုန်ကန်​ပြီး မိမိ​တို့​ဒုစရိုက်​အားဖြင့် ယိုယွင်း​နိမ့်ကျ​သွား​ကြ​၏​။
44သို့သော် သူ​တို့​၏​ဟစ်ကြော်သံ​ကို ကိုယ်တော်​ကြား​၍
သူ​တို့​၏​ဆင်းရဲဒုက္ခ​ကို ကြည့်ရှု​တော်မူ​၏​။
45ထိုအခါ သူ​တို့​အတွက် မိမိ​၏​ပဋိညာဉ်​တော်​ကို သတိရ​လျက်
မိမိ​၏​ကြီးမား​သော မေတ္တာကရုဏာ​တော်​နှင့်အညီ စိတ်​တော်​ပြောင်းလဲ​၍
46သူ​တို့​ကို ဖမ်းဆီးခေါ်ဆောင်​သွား​သော​သူ အပေါင်း​တို့​သည်
သူ​တို့​ကို​သနားစုံမက်​ကြ​စေရန် ပြု​တော်မူ​၏​။
47အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​၍
ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ထောမနာပြု​နိုင်​မည့်​အကြောင်း အကျွန်ုပ်​တို့​ကို ကယ်တင်​တော်မူ​ပါ​။
အကျွန်ုပ်​တို့​ကို တိုင်းနိုင်ငံ​တို့​ထဲမှ ခေါ်ယူစုစည်း​တော်မူ​ပါ​။
48အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​သည် ထာဝရ​ကာလ​မှ​ထာဝရ​ကာလ​တိုင်အောင်
မင်္ဂလာရှိ​ပါစေသော​။ လူမျိုး​အပေါင်း​တို့​သည် အာမင်​ဟု​ဆို​ကြ​ပါစေသော​။ ဟာလေလုယ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 106: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ