YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 107

107
အပိုင်း (၅)
ဆာလံကျမ်း ၁၀၇-၁၅၀
ဘုရားသခင်၏ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း
1ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။
အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍
ကိုယ်တော်​၏ မေတ္တာကရုဏာ​သည် အစဉ်အမြဲ​တည်​၏​။
2ထာဝရဘုရား​ရွေးနုတ်​တော်မူ​သော​သူ​တို့​သည် ထိုသို့​ဆို​ကြ​ပါစေ​။
ကိုယ်တော်​သည် သူ​တို့​ကို ရန်သူ​၏​လက်​မှ​ရွေးနုတ်​၍
3သူ​တို့​ကို အရှေ့​၊ အနောက်​၊ တောင်​၊ မြောက်​ရှိ
တိုင်းပြည်​တို့​မှ ခေါ်ယူစုစည်း​တော်မူ​၏​။
4အချို့​တို့​သည် တောကန္တာရ​ထဲ၌ ကန္တာရ​လမ်း​တွင် လှည့်လည်သွားလာ​ကြ​ပြီး
မိမိ​တို့​နေထိုင်​ရန်​မြို့​ကို ရှာ​မ​တွေ့​ကြ​ချေ​။
5သူ​တို့​သည် ဆာလောင်မွတ်သိပ်​လျက်​၊ ရေငတ်​လျက်​၊
သူ​တို့​၏​ဝိညာဉ်​သည် သူ​တို့​အထဲ​၌​ညှိုးငယ်​လျက် ရှိ​၏​။
6ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ
ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ကြ​ရာ
ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို ကယ်နုတ်​တော်မူ​၏​။
7သူ​တို့​နေထိုင်​ရန်​မြို့​သို့​ရောက်​ရန် ဖြောင့်​သော​လမ်း​ဖြင့်
သူ​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။
8ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည်
ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။
9အကြောင်းမူကား ကိုယ်တော်​သည် ဆာငတ်​သော​စိတ်ဝိညာဉ်​ကို ဝလင်​စေ​၍
ဆာလောင်မွတ်သိပ်​သော​စိတ်ဝိညာဉ်​ကို ကောင်း​သော​အရာ​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။
10အချို့​တို့​သည် မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲ၌ ထိုင်​နေ​ရ​သော​သူ​များ​၊
ဖိစီးနှိပ်စက်မှု​နှင့်​သံကြိုး​၏​ချည်နှောင်​ခြင်း​ကို ခံရ​သော​သူ​များ ဖြစ်​ကြ​၏​။
11အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​စကား​တော်​တို့​ကို ဖီဆန်​၍
အမြင့်ဆုံး​သော​အရှင်​၏​အကြံဉာဏ်​ကို မထီလေးစား​ပြု​ကြ​၏​။
12သို့ဖြစ်၍ ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို​ချိုးနှိမ်​တော်မူ​၏​။
သူ​တို့​လဲကျ​သောအခါ ကူညီမစ​မည့်​သူ​မ​ရှိ​ပေ​။
13ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ
ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ
သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။
14သူ​တို့​ကို မှောင်မိုက်​နှင့်​သေ​ခြင်း​၏​အရိပ်​ထဲမှ ထုတ်ဆောင်​၍
သူ​တို့​ခံရ​သော​အချည်အနှောင်​များ​ကို ဖြတ်​တော်မူ​၏​။
15ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက် သူ​တို့​သည်
ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။
16အကြောင်းမူကား ကိုယ်တော်​သည် ကြေးနီ​တံခါး​များ​ကို ချိုးဖျက်​၍
သံ​ကန့်လန့်ကျင်​များ​ကို ပိုင်းဖြတ်​တော်မူ​၏​။
17အချို့​တို့​သည် မိမိ​တို့​ကျူးလွန်​သော အပြစ်​၏​လမ်းစဉ်​ကြောင့်
ဆိုးမိုက်​သော​သူ​ဖြစ်​ကြ​ပြီး မိမိ​တို့​၏​ဒုစရိုက်​များ​ကြောင့် ဒုက္ခဝေဒနာ​ခံစား​ကြ​ရ​၏​။
18သူ​တို့​၏​စိတ်ဝိညာဉ်​သည် အစားအစာ​မှန်သမျှ​ကို စက်ဆုပ်ရွံရှာ​၍
သေ​ခြင်း​၏​တံခါးဝ​အနီး​သို့ ရောက်​ကြ​၏​။
19ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ
ထာဝရဘုရား​ထံသို့​အော်ဟစ်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ
သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။
20မိမိ​၏​နှုတ်ကပတ်တော်​ကို​စေလွှတ်​၍ သူ​တို့​ကို​ကျန်းမာ​စေ​တော်မူ​ပြီး
သူ​တို့​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ လွတ်မြောက်​စေ​တော်မူ​၏​။
21ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက်
သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။
22ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​များ​ကို​လည်း​ပူဇော်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့်
ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို ပြောကြား​ကြ​ပါစေ​။
23အချို့​တို့​သည် သင်္ဘော​ဖြင့် ပင်လယ်​ကို​ကူး​၍ ကျယ်ပြော​သော​ရေပြင်​ပေါ်တွင်
လုပ်ငန်း​လုပ်ကိုင်​ကြ​၏​။
24သူ​တို့​သည် ထာဝရဘုရား​ပြု​တော်မူ​သော အမှု​များ​တည်းဟူသော
ရေနက်​ရာ​အရပ်​တွင် ပြု​တော်မူ​သော ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​ရ​ကြ​၏​။
25အကြောင်းမူကား ကိုယ်တော်​မိန့်​တော်မူ​သောအခါ
လေ​မုန်တိုင်း​တိုက်ခတ်​၍ လှိုင်းတံပိုး​များ​ထ​ကြ​၏​။
26သူ​တို့​သည် ကောင်းကင်​သို့​မြှောက်တက်​သွား​ပြီး ရေနက်​ထဲသို့ ကျဆင်း​ကြ​ရ​၍
သူ​တို့​သည် ဘေးအန္တရာယ်​ကြောင့် စိတ်ပျက်အားလျော့#107:26 တိုက်ရိုက်ပြန်ဆိုလျှင် “စိတ်အရည်ပျော်”။​ကြ​၏​။
27သူ​တို့​သည် ယစ်မူး​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်​လျက်​၊ ရှေ့နောက်​ယိမ်းထိုး​လျက်​နေ​ကြ​၏​။
သူ​တို့​၏​အကြံဉာဏ်​အားလုံး​သည်​လည်း ကုန်ခန်း​လေ​၏​။
28ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ
ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ
သူ​တို့​ကို​ကယ်တင်​တော်မူ​၏​။
29မုန်တိုင်း​ကို အရှိန်ပြယ်​ရပ်စဲ​စေ​တော်မူ​သဖြင့်
လှိုင်းတံပိုး​များ​သည် ငြိမ်​သွား​ကြ​၏​။
30ထိုသို့ ငြိမ်သက်​သွား​သောကြောင့် သူ​တို့​သည် ဝမ်းမြောက်​ကြ​၏​။
ကိုယ်တော်​သည်​လည်း သူ​တို့​အလိုရှိ​ရာ​ဆိပ်ကမ်း​သို့ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။
31ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် လူသား​တို့​၌​ပြု​တော်မူ​သော
ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​များ​အတွက်
သူ​တို့​သည် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါစေ​။
32လူ​အစုအဝေး​အလယ်​၌ ကိုယ်တော်​ကို​ချီးမြှောက်​၍
သက်ကြီးဝါကြီး​တို့​စုဝေး​ရာ​အရပ်​၌ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။
33ကိုယ်တော်​သည် မြစ်​များ​ကို တောကန္တာရ​အဖြစ်​သို့​လည်းကောင်း​၊
စမ်းရေ​ထွက်​ရာ​အရပ်​များ​ကို ခြောက်ကပ်​သော​အရပ်​အဖြစ်​သို့​လည်းကောင်း​၊
34အသီးအနှံ​ဖြစ်ထွန်း​သော​မြေ​ကို ဆားမြေ​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။
ထိုသို့​ပြု​တော်မူ​ခြင်း​မှာ ထို​အရပ်​၌​နေထိုင်​သော​သူ​တို့​၏​မကောင်းမှု​ကြောင့်​ဖြစ်​၏​။
35တစ်ဖန် ကိုယ်တော်​သည် တောကန္တာရ​ကို ရေအိုင်​အဖြစ်​သို့​လည်းကောင်း​၊
ခြောက်သွေ့​သော​မြေ​ကို စမ်းရေ​ထွက်​ရာ​အရပ်​အဖြစ်​သို့​လည်းကောင်း
ပြောင်းလဲ​စေ​တော်မူ​ပြီး
36ဆာလောင်မွတ်သိပ်​သော​သူ​တို့​ကို ထို​အရပ်​တို့​၌​နေထိုင်​စေ​တော်မူ​၏​။
ထိုအခါ သူ​တို့​သည် မိမိ​တို့​နေထိုင်​ရန်​မြို့​ကို တည်​ကြ​၏​။
37လယ်ယာ​များ​၌ မျိုးစေ့ကြဲ​၍ စပျစ်ခြံ​များ​ကို​စိုက်ပျိုး​ကာ
ရိတ်သိမ်းစရာ​အသီးအနှံ​တို့​ကို​ရရှိ​ကြ​၏​။
38ကိုယ်တော်​သည် သူ​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် သူ​တို့​သည် အလွန်​တိုးပွား​ကြ​၏​။
သူ​တို့​၏​တိရစ္ဆာန်​ကို​လည်း လျော့နည်း​စေ​တော်​မ​မူ​ခဲ့​ပေ​။
39ထို့နောက် သူ​တို့​သည် ဖိစီးမှု​၊ ဘေးအန္တရာယ်​နှင့်​ဝမ်းနည်း​ခြင်း​ကြောင့်
လျော့နည်း​လာ​၍ နှိမ့်ချ​လျက်​နေ​ကြ​ရ​၏​။
40ကိုယ်တော်​သည် မင်းအရာရှိ​တို့​ကို မထီမဲ့မြင်ပြု​ခြင်း​ခံရ​စေ​၍
သူ​တို့​ကို လမ်း​မ​ရှိ​သော လွင်တီးခေါင်အရပ်​၌ လှည့်လည်သွားလာ​စေ​တော်မူ​၏​။
41နွမ်းပါး​သော​သူ​တို့​ကို​ကား ဖိစီးနှိပ်စက်မှု​ထဲမှ​ကယ်နုတ်​၍ လုံခြုံ​စွာ​စောင့်ရှောက်​တော်မူ​၏​။
သူ​တို့​၏​မျိုးနွယ်စု​များ​ကို​လည်း သိုးအုပ်​ကဲ့သို့ ပွားများ​စေ​တော်မူ​၏​။
42ဖြောင့်မှန်​သော​သူ​တို့​သည် ထို​အမှုအရာ​ကို​မြင်​၍ ဝမ်းမြောက်​ကြ​၏​။
မတရားမှု​ရှိသမျှ​တို့​မူကား နှုတ်ဆိတ်​နေ​ကြ​ရ​၏​။
43မည်သူ​သည် ပညာရှိ​ဖြစ်​သနည်း​။
ထို​သူ​သည် ဤ​အမှုအရာ​တို့​ကို​မှတ်သားဆင်ခြင်​၍
ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို နားလည်​ပါစေ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 107: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။