YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 108

108
အောင်ပွဲအတွက် တောင်းလျှောက်ခြင်း
ဒါဝိဒ်​၏​ဆာလံ​သီချင်း
1အို ဘုရားသခင်​၊ အကျွန်ုပ်​၏​စိတ်နှလုံး​သည် တည်ကြည်​ပါ​၏​။
အကျွန်ုပ်​သည် သီချင်းဆို​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ဖြင့် သီဆိုချီးမွမ်း​ပါ​မည်​။
2စောင်းပြား​နှင့်​စောင်းကောက်​တို့​၊ နိုးထ​ကြ​လော့​။
အရုဏ်ဦး​ကို​လည်း ငါ​နိုးထ​စေ​မည်​။
3အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​တွင်
ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ပါ​မည်​။
လူ​တို့​အလယ်​တွင် ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။
4အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည်
ကောင်းကင်​ထိ​တိုင်အောင်​ကြီးမား​၍ ကိုယ်တော်​၏​သစ္စာ​တော်​သည်
မိုးတိမ်​ထိ​တိုင်အောင်​ရောက်​ပါ​၏​။
5အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကောင်းကင်​အထက်​၌​ချီးမြှောက်​ခြင်း​ရှိ​ပါစေသော​။
ကိုယ်တော်​၏​ဘုန်းအသရေ​တော်​သည်​လည်း ကမ္ဘာမြေ​တစ်ခွင်လုံး​ကို လွှမ်းမိုး​ပါစေသော​။
6ကိုယ်တော်​ချစ်​တော်မူ​သော​သူ​တို့​သည် လွတ်မြောက်​ခြင်း​သို့​ရောက်​မည့်​အကြောင်း
ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့်​ကယ်တင်​ပြီး အကျွန်ုပ်​တို့​ကို ထူး​တော်မူ​ပါ​။
7ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်းရာဌာန​တော်​မှ မိန့်​တော်မူ​သည်​မှာ
“​ငါ​သည် ရွှင်မြူး​ခြင်း​ရှိ​လျက် ရှေခင်​မြို့​ကို​ခွဲဝေ​၍ သုကုတ်​ချိုင့်ဝှမ်း​ကို​တိုင်းတာ​ဝေခြမ်း​မည်​။
8ဂိလဒ်​ပြည်​ကို ငါ​ပိုင်​၏​။ မနာရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏​။
ဧဖရိမ်​ပြည်​သည် ငါ​၏​သံခမောက်​ဖြစ်ပြီး ယုဒ​ပြည်​သည် ငါ​၏​ကျိုင်း​တော်​ဖြစ်​၏​။
9မောဘ​ပြည်​သည် ငါ​၏​ခြေဆေးအိုး​ဖြစ်​၏​။ ဧဒုံ​ပြည်​အပေါ် ငါ့​ဖိနပ်​ကို​ငါ​ပစ်ချ​မည်​။
ဖိလိတ္တိ​ပြည်​အပေါ် ငါ​အောင်ပွဲခံ​ကြွေးကြော်​မည်​”​ဟူ၍​ဖြစ်​၏​။
10မည်သူ​သည် ငါ့​ကို ခံတပ်​မြို့​သို့ ခေါ်ဆောင်​သွား​မည်နည်း​။
မည်သူ​သည် ငါ့​ကို​ဧဒုံ​ပြည်​သို့ ပို့ဆောင်​ပေး​မည်နည်း​။
11အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ငြင်းပယ်​တော်မူ​ခဲ့​သည်​မ​ဟုတ်​လော​။
အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဗိုလ်ခြေ​များ​နှင့်အတူ
ချီတက်​တော်​မ​မူ​ပါ​။
12ရန်သူ့​လက်​မှ​လွတ်​ရန် အကျွန်ုပ်​တို့​ကို​ကူညီမစ​တော်မူ​ပါ​။
အကြောင်းမူကား လူ​ပေး​သော​ကယ်တင်​ခြင်း​သည် အချည်းနှီး​ဖြစ်​ပါ​၏​။
13ငါ​တို့​သည် ဘုရားသခင်​အားဖြင့် ရဲရင့်​စွာ​ပြု​ကြ​မည်​။
ကိုယ်တော်​သည် ငါ​တို့​အား​ရန်ဖက်ပြု​သော​သူ​များ​ကို နင်းချေ​တော်မူ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 108: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။