YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 109

109
ရန်သူ့လက်မှကယ်တင်တော်မူရန် ဆုတောင်းခြင်း
ဂီတမှူး​အတွက်​၊ ဒါဝိဒ်​၏​ဆာလံ
1အကျွန်ုပ်​၏​ချီးမွမ်း​ရာ​ဖြစ်​တော်မူ​သော ဘုရားသခင်​၊
တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။
2အကြောင်းမူကား ဆိုးယုတ်​သော​သူ​၊ လိမ်လည်လှည့်ဖြား​သော​သူ​တို့​သည်
အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် မိမိ​တို့​နှုတ်​ကို​ဖွင့်ဟ​ကြ​ပါ​၏​။
မုသား​သုံး​သော​လျှာ​ဖြင့် အကျွန်ုပ်​ကို ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။
3သူ​တို့​သည် အကျွန်ုပ်​ကို မုန်းတီး​သော​စကား​များ ဝိုင်းပြော​ကြ​ပါ​၏​။
အကြောင်းမဲ့​တိုက်ခိုက်​ကြ​ပါ​၏​။
4အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို ပြစ်တင်စွပ်စွဲ​ခြင်း​ဖြင့် တုံ့ပြန်​ကြ​ပါ​၏​။
အကျွန်ုပ်​မူကား ဆုတောင်း​လျက်​နေ​ပါ​၏​။
5သူ​တို့​သည် အကျွန်ုပ်​အား အကောင်း​ကို​အဆိုး​ဖြင့်​လည်းကောင်း​၊
အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို မုန်းတီး​ခြင်း​ဖြင့်​လည်းကောင်း ပြန်ဆပ်​ကြ​ပါ​၏​။
6ထိုသို့သော​သူ​အပေါ်မှာ ဆိုးယုတ်​သော​သူ​ကို ခန့်ထား​တော်မူ​ပါ​။
ပြစ်တင်​စွပ်စွဲ​သူ​သည် သူ​၏​လက်ယာ​ဘက်​တွင် ရပ်​နေ​ပါစေ​။
7သူ​သည် တရားစီရင်​ခြင်း​ခံရ​သောအခါ သူ​၌​အပြစ်ရှိ​ကြောင်း​ထင်ရှား​ပါစေ​။
သူ​၏​ဆုတောင်း​ခြင်း​သည်​လည်း အပြစ်​ဖြစ်​ပါစေ​။
8သူ​၏​အသက်တာ​နေ့ရက်​တို့​သည် တိုတောင်း​ပါစေ​။
သူ​၏​အရိုက်အရာ​ကို အခြားသူ​ယူ​ပါစေ​။#တ 1:20။
9သူ​၏​သားသမီး​တို့​သည် ဖတဆိုး​များ​ဖြစ်​ကြ​ပြီး
သူ​၏​မယား​သည် မုဆိုးမ​ဖြစ်​ပါစေ​။
10သူ​၏​သားသမီး​တို့​သည် အရပ်ရပ်​လှည့်လည်​၍ တောင်းရမ်း​ကြ​ရ​ပါစေ​။
ပြိုပျက်​သော​မိမိ​တို့​နေရာ​များ​မှ​ထွက်​၍ အစာ​ကို​ရှာ​ကြ​ရ​ပါစေ​။
11ကြွေးရှင်​သည် သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို သိမ်းယူ​ပြီး
သူစိမ်း​တို့​သည် သူ​လုပ်ဆောင်​ရရှိ​သော​အရာ​ကို လုယူ​ကြ​ပါစေ​။
12သူ့​အပေါ် မေတ္တာကရုဏာ​ထား​မည့်​သူ​၊
ဖတဆိုး​ဖြစ်​ကြ​သော သူ​၏​သားသမီး​တို့​ကို သနား​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​ပါစေ​နှင့်​။
13သူ​၏​နောင်လာနောက်သား​သည် မျိုးပြတ်​သွား​ပါစေ​။
ထို​နောင်လာနောက်သား​တို့​၏​နာမည်​သည် နောက်​မျိုးဆက်​၌​ပင်လျှင် ပယ်ဖျက်​ခြင်း​ခံ​ကြ​ရ​ပါစေ​။
14သူ့​ဘိုးဘေး​တို့​၏​ဒုစရိုက်​သည် ထာဝရဘုရား​ရှေ့​တော်​၌ အောက်မေ့​ခြင်း​ခံရ​ပါစေ​။
သူ့​မိခင်​၏​အပြစ်​သည်​လည်း မည်သည့်​အခါ​မျှ ပယ်ဖျက်​ခြင်း​မ​ခံရ​ပါစေ​နှင့်​။
15ထို​အပြစ်​များ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်​ရှိ​နေ​ပါစေ​။
သူ့​ဘိုးဘေး​တို့​နှင့်​ပတ်သက်​သည့် အောက်မေ့စရာ​ကို​လည်း ကမ္ဘာမြေကြီး​ပေါ်မှ ဖယ်ရှား​တော်မူ​ပါစေ​။
16အကြောင်းမူကား သူ​သည် မေတ္တာကရုဏာ​ပြ​ရန် မ​စဉ်းစား​ဘဲ အဖိနှိပ်​ခံရ​သော​သူ​၊
နွမ်းပါး​သော​သူ​နှင့် စိတ်နှလုံး​ကြေကွဲ​သော​သူ​ကို လိုက်လံ​သတ်ဖြတ်​ခဲ့​၏​။
17သူ​သည် ကျိန်ဆဲ​ခြင်း​ကို နှစ်သက်​သည်​ဖြစ်၍ သူ့​အပေါ်​ကျရောက်​ပါစေ​။
ကောင်းချီးမင်္ဂလာ​ကို အလို​မ​ရှိ​သည်​ဖြစ်၍ သူ​နှင့်​ဝေးကွာ​ပါစေ​။
18ကျိန်ဆဲ​ခြင်း​ကို မိမိ​အဝတ်​ကဲ့သို့ ဝတ်ဆင်​ထား​သည်​ဖြစ်၍
၎င်း​သည် သူ​၏​ကိုယ်ခန္ဓာ​ထဲသို့ ရေ​ကဲ့သို့​လည်းကောင်း​၊
သူ​၏​အရိုး​များ​ထဲသို့ ဆီ​ကဲ့သို့​လည်းကောင်း စိမ့်ဝင်​ပါစေ​။
19ထို​ကျိန်ဆဲ​ခြင်း​သည် သူ​လွှမ်းခြုံ​ထား​သော အဝတ်​ကဲ့သို့​လည်းကောင်း​၊
သူ​အစဉ်မပြတ်​ပတ်​ထား​သော ခါးပတ်​ကဲ့သို့​လည်းကောင်း သူ​၌​ဖြစ်​ပါစေ​။
20အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​များ​နှင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဆန့်ကျင်​လျက်
မကောင်း​ပြောဆို​သော​သူ​များ​သည် ထိုသို့သော​အကျိုး​ကို ထာဝရဘုရား​ထံ​မှ ခံ​ကြ​ရ​ပါစေ​။
21သို့သော် အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍
အကျွန်ုပ်​ကို​ကျေးဇူး​ပြု​တော်မူ​ပါ​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည်
ကောင်းမြတ်​သည်​ဖြစ်​၍ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။
22အကြောင်းမူကား အကျွန်ုပ်​သည် အဖိနှိပ်​ခံရ​သော​သူ​၊ နွမ်းပါး​သော​သူ ဖြစ်​ပါ​၏​။
အကျွန်ုပ်​၏​စိတ်နှလုံး​သည်​လည်း အကျွန်ုပ်​အထဲ​၌ နာကျင်​လျက်​ရှိ​ပါ​၏​။
23အကျွန်ုပ်​သည် ညနေစောင်း​အရိပ်​ကဲ့သို့ မှေးမှိန်​ပျောက်ကွယ်​သွား​ပါ​၏​။
ကျိုင်းကောင်​ကဲ့သို့ ခါချ​ခြင်း​ခံရ​ပါ​၏​။
24အကျွန်ုပ်​၏​ဒူး​သည် အစာရှောင်​ခြင်း​ကြောင့် ချည့်နဲ့​၍
အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အဆီ​မ​ရှိ​သဖြင့် ပိန်ချုံး​လျက်​ရှိ​ပါ​၏​။
25အကျွန်ုပ်​သည် သူ​တို့​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​ပါ​၏​။
သူ​တို့​သည် အကျွန်ုပ်​ကို​မြင်​သောအခါ မိမိ​တို့​ခေါင်း​ကို​ခါယမ်း​ကြ​ပါ​၏​။
26အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​ကို​ကူညီမစ​တော်မူ​ပါ​။
ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။
27ထို​အမှုအရာ​သည် ကိုယ်တော်​၏ လက်​တော်​အားဖြင့်​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​ပါစေ​။
အို ထာဝရဘုရား​၊ ထို​အမှုအရာ​ကို ကိုယ်တော်​ပြု​တော်မူ​ခဲ့​ပါ​၏​။
28သူ​တို့​သည် ကျိန်ဆဲ​သော်လည်း ကိုယ်တော်​သည် ကောင်းချီးပေး​တော်မူ​လိမ့်မည်​။
သူ​တို့​သည် ထကြွ​သော်လည်း အရှက်ကွဲ​ကြ​ရ​ပါ​လိမ့်မည်​။
ကိုယ်တော်​၏​အစေအပါး​မူကား ဝမ်းမြောက်​ရ​ပါ​လိမ့်မည်​။
29အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​သော​သူ​တို့​သည် အသရေပျက်​ခြင်း​ကို​ဝတ်ဆင်​ကြ​ရ​၍
သူ​တို့​၏​အရှက်ကွဲ​ခြင်း​သည် ဝတ်လုံ​ကဲ့သို့ သူ​တို့​ကို​ဖုံးလွှမ်း​လိမ့်မည်​။
30အကျွန်ုပ်​သည် အကျွန်ုပ်​၏​နှုတ်​ဖြင့် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို အလွန်​ချီးမွမ်း​ပါ​မည်​။
များစွာ​သော​လူ​တို့​အလယ်​တွင် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။
31အကြောင်းမူကား ကိုယ်တော်​သည် နွမ်းပါး​သော​သူ​၏​စိတ်ဝိညာဉ်​ကို
အပြစ်စီရင်​သော​သူ​တို့​ထံမှ​ကယ်တင်​ရန် ထို​သူ​၏​လက်ယာ​ဘက်​၌ ရပ်​နေ​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 109: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။